fbpx

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သမား ၂၀ဝ ကျော် သံရုံးအကူညီဖြင့်ပြန်ဝင်

ထိုင်းဘက်ခြမ်းရှိ မော်ချစ်ကားဂိတ်တွင် ပြည်တွင်းသို့ပြန်ဝင်မည့်မြန်မာနိုင်ငံသားများ ကားစောင့်နေသည်ကို မေလ ၂၂ ရက်နေ့ညနေပိုင်းက တွေ့ရစဉ်။
တောင်ငူ၊ မေ၂၃
ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသား ၂၁၀ သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအကူညီဖြင့် မေလ ၂၂ ရက်နေ့က မဟာချိုင်မှ မဲဆောက်သို့ ခရီးသည်တင်ကားများဖြင့် ပြန်လည်ဝင်ရောက်လာသည်ဟု ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။
“Covid-19 ကာလ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ညမထွက်ရအမိန့်ထုတ်ထားချိန်မှာ ညဘက်ပြန်ခွင့်ရဖို့စီစဉ်ပေးတဲ့ ထိုင်းနိုင်ငံကအာဏာပိုင်အဖွဲ့စည်းတွေနဲ့ကူညီပေးတဲ့ပရဟိတအဖွဲ့တွေကို ကျေးဇူးတင်ပါတယ်”ဟုမြန်မာအလုပ်သမားသံအရာရှိ ဦးရဲရန်အောင်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ပြန်ကြမည့် မြန်မာရွှေပြောင်းလုပ်သားများအနေနှင့် ထိုင်းနိုင်ငံခြားရေးဌာနတွင် ငွေသွင်းပြီးနောက် အချက်လက်ပြည့်စုံပြီး ခွင့်ပြုမိန့်ရသူစာရင်းကို Myanmar Labor Attached Office ရုံးက နေ့စဉ်ကြေညာပေးမည်ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)က ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံရုံးအကူညီဖြင့် မဲဆောက်မြို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ရန် မေလ ၂၂ ရက်နေ့မှစတင်ကာ ခရီးသည်တင်ယာဉ် ၁၀ စီးဖြင့် နေ့စဉ်ထိုင်းနိုင်ငံနယ်စပ်မဲဆောက်သို့ ပို့ဆောင်ပေးနေခြင်းဖြစ်သည်။
ထိုင်းဘက်ခြမ်းရှိ မော်ချစ်ကားဂိတ်တွင် ပြည်တွင်းသို့ပြန်ဝင်မည့်မြန်မာနိုင်ငံသားများ ကားစောင့်နေသည်ကို မေလ ၂၂ ရက်နေ့ညနေပိုင်းက တွေ့ရစဉ်။
ယင်းကဲ့သို့ မြန်မာနိုင်ငံသို့ပြန်လည်ဝင်ရောက်လိုသူများကို မေလလယ်ကတည်းက ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Myanmar Labor Attached Office ၌ အွန်လိုင်းမှတစ်ဆင့် လိုအပ်သည့် သက်သေအထောက်ထားများနှင့်စာရင်းပေးသွင်းနိုင်ကြောင်း ကြေညာပေးထားသည်။
“အလုပ်ပြုတ်တာ ဗီဇာသက်တမ်းကုန်တာနဲ့ဘာနဲ့ဆို အကြောင်းအမျိုးမျိုးနဲ့ပြန်မယ့်လူ ခြောက်သောင်းကျော်လောက်ရှိနိုင်တယ်”ဟု မြန်မာရွေ့ပြောင်း အလုပ်သမားအခွင့်ရေး ကာကွယ်ရေးကွန်ရက်မှ ဦးသန်းဇော်ထိုက်က ပြောကြားသည်။
ယင်းကဲ့သို့ မြန်မာအလုပ်သမားများအပြန်ခရီးအတွက် ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားသံအရာရှိရုံးသို့ အွန်လိုင်းမှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပြီး မော်တော်ယာဉ်အဖိုးခငွေ ၁၀၄၈ ဘတ် ကျသင့်မည်ဖြစ်ကာ လူတစ်ဦးလျှင် ကီလို ၂၀ ခရီးဆောင်အိတ်သာ သယ်ယူခွင့်ရမည်ဟု အလုပ်သမားသံအရာရှိရုံးမှ အသိပေးထားသည်။ 
R-02

Source : The Voice