fbpx

တိုင်းရင်းသားလက်နက်ကိုင်များသို့ COVID-19 အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တပ်မတော်လှူဒါန်း

ရန်ကုန်၊ မေ ၂၃
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ထံသို့ တပ်မတော်က COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို မေလ ၂၂ ရက်နေ့က ပေးအပ်လှူဒါန်းခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်ကလှူဒါန်းခဲ့သည့် အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့တွင် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအပြင် လက်မှတ်မထိုးထားသည့် လက်နက်ကိုင်အဖွဲ့များလည်း ပါဝင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA(PC) အဖွဲ့၊ DKBA ခွဲထွက် KKO အဖွဲ့၊  ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP အဖွဲ့တို့ ပါဝင်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ Sd KNU၊ KNU/KNLA(PC) နှင့် KKO အဖွဲ့များအတွက်လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ SSPP/SSA အဖွဲ့အတွက်လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ KNPP အဖွဲ့အတွက်လည်းကောင်း သက်ဆိုင်ရာအဖွဲ့များ၏ နေရာများနှင့် တိုင်းစစ်ဌာနချုပ်များ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူဖြစ်စေရန်အတွက် တပ်မတော် (ကြည်း၊ရေ၊လေ)မှ လှူဒါန်းသည့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုဆေးပစ္စည်းများကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။    
တပ်မတော်အနေနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဝ နှင့် မိုင်းလား ဒေသများသို့ COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် တပ်မတော်ဆေးတပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။    
လက်ရှိလှူဒါန်းမှုတွင် KNU အဖွဲ့အတွက် Surgical  Mask ၃၀,ဝ၀ဝ ခု၊ N95 Mask ၁,၂၀ဝ ခု၊ Face Shield ၃၀ဝ ခု၊ Bleaching Powder ၆ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၇၅၀ စုံ၊ Examination Glove ၁၅၀ဝ ခု၊ Hand Gel ၂၀ဝ ဘူး၊ံHand Sanitizer ၂၀ဝ ဘူးတို့ကိုလည်းကောင်း၊ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့စီသို့ Surgical  Mask ၁၀,ဝ၀ဝ ခု၊ N95 Mask ၅၀ဝ ခု၊ Face Shield ၂၅၀ ခု၊ Bleaching Powder ၅ ပုံး၊ Personal Protective Equipment (PPE) ဝတ်စုံ ၁၀ဝ စုံ၊ Examination Glove ၁၀ဝ၀ ခု၊ Hand Gel ၁၅၀ ဘူး၊ Hand Sanitizer ၁၅၀ ဘူးတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မေတ္တာလက်ဆောင် စားသောက်ဖွယ်ရာများကိုလည်း ပေးအပ်ခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
S-04

Source : The Voice