fbpx

စည်းကမ်းချက်နှင့်ညီသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်ဖွင့်ခွင့်ပြု

တောင်ငူ၊ မေ ၂၃
ပဲခူးတိုင်းအတွင်း စည်းကမ်းချက်နှင့်ညီသည့် စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်အပါအဝင် ဆိုင်ဖွင့်ရောင်းချသူများကို ပြန်ဖွင့်ခွင့်ပြုပေးထားကြောင်း ပဲခူးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြောကြားသည်။
“ခွင့်ပြုချက်မပေးထားပေမယ့် ပုန်းရှိုးကွယ်ရှိုးဖွင့်ဖို့မလိုပါဘူး။ ကျန်းမာရေးဌာနကထုတ်ထားတဲ့ စည်းကမ်းနဲ့ညီမညီ ရှောင်တစ်ခင်ဝင်စစ်လို့တွေ့ရင်တော့ ဥပဒေနဲ့အညီအရေးယူမှာပါ”ဟု ၎င်းကပြောဆိုသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ယခုလကုန်ပိုင်းကစ၍ စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များကို စည်းကမ်းချက်နှင့်အညီ ဖွင့်ခွင့်ပေးထားပြီး ဖြစ်သော်လည်း တိုင်းအဆင့်အနေနှင့်မူ ကိုဗစ်အစည်းအဝေးပြီးမှသာ ဖွင့်လှစ်ခွင့်ပေးရန် ပဲခူးတိုင်းအစိုးရအဖွဲ့က စီစဉ်ထားသည်။
“ကိုဗစ်ကာလမှာ စာသောက်ဆိုင်တွေ ဝင်ငွေကျဆင်းသွားတာ ၇၀ ရာခိုင်နူန်းလောက်ထိရှိတယ်။ဒါတောင် ဆိုင်စပိတ်ရကတည်းက ပါဆယ်ရောင်းနေတာ။ နစ်နာဆုံးရှုံးမှုက၊ အတော်လေးများတယ်” ဟု တောင်ငူမြို့ အိတ်ဆဲလ်လန့်စ် စားသောက်ဆိုင်ပိုင်ရှင် ဦးအောင်က ပြောကြားသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်နှင့် ထမင်းဆိုင်အပါအဝင် ဆိုင်အချို့၌ ဆိုင်ထိုင်စားသောက်ခွင့်ကို ဧပြီလကတည်းက ပိတ်ထားခဲ့ရသည့်အတွက် လုပ်ငန်းရှင်ငယ်အချို့ ပြိုလဲသွားသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းအတွင်း စားသောက်ဆိုင်များနှင့်လက်ဖက်ရည်ဆိုင်များကို တရားဝင်ဖွင့်ခွင့်မပြုသေးသော်လည်း လက်ဖက်ရည်ဆိုင်ကဲ့သို့သောဆိုင်များ ပြန်ဖွင့်နေသည်မှာ တစ်ပတ်ကျော်နေပြီဖြစ်ကြောင်း တောင်ငူဒေသခံများက ပြောဆိုသည်။
စားသောက်ဆိုင်များကို ကျန်းမာရေးနှင့်အညီ ပြန်ဖွင့်ရန်သာမက လမ်းဘေးဆိုင်များအတွက် ပံ့ပိုးကူညီပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မေလ၂၂ ရက်နေ့ကပြုလုပ်သည့် အွန်လိုင်းဆွေးနွေးပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
R-02

Source : The Voice