fbpx

ယုဇနပလာဈေးတွင် ဆိုင်ခန်း ၇၅ ရာခိုင်နှုန်းခန့် ပြန်လည်ဖွင့်လှစ်

ရန်ကုန်၊ မေ ၂၃
လူစည်းကားရာနေရာတစ်ခုဖြစ်သော ယုဇနပလာကို ပြန်ဖွင့်နေသည်မှာ တစ်ပတ်ပြည့်ပြီဖြစ်သော်လည်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချမှု ၇၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း ယုဇနပလာဇာဈေးတာဝန်ခံ ဦးမင်းမင်းစိုး ကပြောကြားသည်။
အဆိုပါဈေးကို မေလ ၁၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ရက်လျှင် ဈေးဝယ်သူမှာ ၂ သောင်းခန့်သာရှိပြီး ယခင်နှစ်များတွင် ကျောင်းဖွင့်ချိန်၊ ဘာသာရေးပွဲတော် စသည်တို့ဖြင့် ဈေးဝယ်သူများမှာ ၁သိန်းခန့်ရှိကြောင်း ၎င်းကနှိုင်းယှဉ်ရှင်းပြသည်။
“အရင်ဆိုဒီရာသီကကျောင်းတွေပြန်ဖွင့်တဲ့အချိန်ဆိုတော့ ဈေးစည်တဲ့အချိန်အခုကကျောင်းတွေပြန်မဖွင့်သေးဘူးဆိုတော့ ဥပုပ်ပြီးခါနီးအစ္စလာမ်တွေပဲဈေးဝယ်များတယ် ” ဟု၎င်းကဆိုသည်။
ဈေးဖွင့်ချိန်ကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ သတ်မှတ်ထားပြီး အဝင်အထွက်များအတွက် အပေါက် ၅ ပေါက်သာဖွင့်ပေးထား၍ ယင်းဂိတ်ပေါက်များတွင် အပူချိန်တိုင်းခြင်း၊ Mask များတပ်ဆင်ခိုင်းခြင်း၊ ဝေငှာ ပေးခြင်း၊ လက်ဆေးရေများဖြင့် သန့်ရှင်းစေခြင်း စသည်တို့ကို လုပ်ဆောင်ထားသည်။
ထို့အပြင် ဈေးအတွင်းစည်းကမ်းများလိုက်နာစေရန် ကျန်းမာရေးဆိုင်ရာအသိပညာများကို စပီကာများမှ တစ်ဆင့်ကြေငြာပေးနေပြီး ဈေးသာယာရေးအဖွဲ့များဖြင့်လိုက်လံစစ်ဆေးပေးခြင်း၊ ရောင်းသူဝယ်သူ ကွဲပြားစေရန် ဈေးအထပ်လိုက်ခွဲ၍ အရောင်ဖြင့်သတ်မှတ်ထားသောလည်ဆွဲကဒ်များပေးထားခြင်း၊ ညနေဈေးပိတ်ချိန်မှစ၍ လူအထိအတွေ့များသောနေရာများ၊ လှေကားလက်ရန်းများစသည်တို့ကို နေ့စဉ်ပိုးသတ်ဆေးဖြန်း၍ သန့်ရှင်းရေးလုပ်ခြင်းများပြုလုပ်လျက်ရှိကြောင်း ဈေးကော်မတီထံမှ သိရသည်။
“အခုထိတစ်ချို့ဆိုင်တွေမဖွင့်သေးဘူး။ အရောင်းအဝယ်တွေကတော့ ပုံမှန်ဈေးကွက်တစ်ခုမဖြစ်သေးဘူး။ နေ့စဉ်တော့ဈေးဦးပေါက်တယ်။ကျွန်တော်တို့ဆိုင်မှာ လက်ဆေးရေထားထားတယ်။ ဈေးဝယ်သူတွေအတွက် Mask လည်းဆောင်ထားပါတယ်” ဟု ယောင်္ကျားလေးအဝတ်အစားအရောင်းဆိုင်မှ ကိုစိုးဝင်းကဆိုသည်။
ဆိုင်ခန်းများအနေဖြင့်သတ်မှတ်ထားသောစည်းကမ်းများမလိုက်နာပါက အငှားရပ်ဆိုင်းခြင်း၊ ဆိုင်ခန်း Lock ချခြင်းစသည့် အရေးယူမှုများဆောင်ရွက်သွားရန်ရှိကြောင်း ဈေးတာဝန်ခံကော်မတီထံမှသိရသည်။
J-02

Source : The Voice