fbpx

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် စီမံ/ဘဏ္ဍာဝန်ကြီး ခန့်အပ်ရန်ရှိ

ရန်ကုန်၊ မေ ၂၃ 
ဇွန်လ ၂ ရက်နေ့တွင်ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကွယ်လွန်သွားသော စီမံ/ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနေရာကို အစားထိုးခန့်အပ်ရန်ရှိကြောင်း ဒဂုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။
“ကွယ်လွန်သွားတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းနေရာ အစားထိုးခန့်ဖို့နဲ့ ၂၀၂၀-၂၀၂၁ ဘတ်ဂျက်ကိစ္စ အတည်ပြု ဆွေးနွေးဖို့ပဲရှိပါတယ်။ ၂၉ ရက်နေ့ ၁ နာရီမှာ သတင်းပို့ပြီးတော့ Quarantine သဘောမျိုးဝင်ပြီးတော့ ၂ ရက်နေ့မှာ လွှတ်တော်တက်ရမယ့် သဘောရှိတယ်” ဟု ၎င်းကဆိုသည်။
အရပ်သားလွှတ်တော်ကိုယ်စားလှယ်များက ဟိုတယ်မှတစ်ဆင့် လွှတ်တော်တက်ရမည်ဖြစ်ကာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက တပ်မတော်၏ အစီအစဉ်အတိုင်း တက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေး ပြန်လည်စတင်နိုင်ရန် လွှတ်တော်အတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့်တစ်ဦး ပူးကပ်မနေရန် အစည်းအဝေးခန်းမအတွင်း ထိုင်ခုံများကို ၃ ပေ အကွာထားရှိခြင်းတို့ ဆောင်ရွက်နေကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းသည် ဧပြီလ ၂၀ ရက်နေ့က ဂရင်းဟံသာဆေးရုံကြီးတွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီး ၎င်းနေရာကို စိုက်ပျိုး၊ မွေးမြူရေးဝန်ကြီး ဦးဟံထွန်းက တာဝန်ယူထားသည်။
S-08

Source : The Voice