fbpx

COVID-19 ရောဂါ ကိုယ်ခံအားထွက်ခြင်းရှိ မရှိ စစ်ဆေးနိုင်မည်

ရန်ကုန်၊ မေ၂၃
COVID-19 ရောဂါ ကိုယ်ခံအား (Antibody) ထွက်ခြင်းရှိ မရှိအတွက် ယခုအသစ်ပေါ်ထွက်လာသော Elecsys Anti SARS-CoV-2 Reagent ဆေးရည်ဖြင့် မှန်ကန်တိကျစွာ စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း AA Medical Products Ltd. ထံမှ သိရသည်။ 
မိမိတွင် ကိုယ်ခံအားထွက် မထွက်သိရှိရန်စစ်ဆေးနိုင်သည့် ယခုအသစ်ပေါ်ထွက်လာသော Elecsys Anti SARS-CoV-2 Reagent များကို AA Medical Products Ltd. (Pacific AA Foundation) က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 Antibody Test  အရေအတွက် ၃၃,ဝ၀ဝ လှူဒါန်းရန် ပြင်ဆင်လျက်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။
အဆိုပါဆေးရည်(Reagent) ကိုအသုံးပြု၍ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါပြန့်ပွားမှုများနေသော နေရာဒေသရှိ ပြည်သူများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ ပရဟိတစေတနာရှင်များ၊ ကျောင်းပြန်တက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ပေးခြင်းဖြင့် COVID-19 ရောဂါကူးစက်ခံခဲ့ရမှု ရှိ မရှိကို ခွဲခြားနိုင်ပြီး ခံနိုင်ရည်ရှိသူနှင့် ကူးစက်ခံရလွယ်သူများကိုပါ အုပ်စုအလိုက် ခွဲခြားနိုင်မည်ဖြစ်သည်။
အမှန်တကယ်ကူးစက်ခံရသူ အရေအတွက်ကို အတိအကျသိခြင်းအားဖြင့် ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ချမှတ်ထားသော အစီအစဉ်များ ထိရောက်မှု ရှိ မရှိကို ဆန်းစစ်နိုင်မည်ဖြစ်ပြီး ပိုမိုကောင်းမွန်စေရန် တိုးချဲ့ဆောင်ရွက်နိုင်သကဲ့သို့ ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ထုတ်ပေးနိုင်ခြင်းကြောင့် အကျိုးရှိကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
“ဒီ Reagent ဟာ ဘယ်သူတွေ COVID-19 ရောဂါပိုးကူးစက်ခံရပြီးပြီလဲဆိုတာသိနိုင်ပြီး ယခင်က မစစ်ဆေးခဲ့မိတာနဲ့ ရောဂါလက္ခဏာမပြလို့ ကူးစက်ခံရတာကို မသိခဲ့ဘူးဆိုရင်တောင်မှ အခုစစ်တာနဲ့သိနိုင်ပါပြီ။ ဒီ Test ကိုသုံးပြီး COVID-19 ကာကွယ်ဆေးပေါ်လာတဲ့အခါ ကာကွယ်ဆေးထိုးပြီးရင် ထိရောက်ရဲ့လား၊ ကိုယ်ခံအားထွက်ရဲ့လားဆိုတာ သိရအောင်လည်း စစ်လို့ရမှာဖြစ်ပါတယ်” ဟု AA Medical Products Ltd. ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဒေါက်တာစောနေနွယ်က ပြောဆိုသည်။ 
ယင်း Reagent ကိုအမေရိကရှိ Roche Diagnostics ကုမ္ပဏီက မကြာသေးမီက အသစ်တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခုမေလ ၂ ရက်နေ့က ယင်းနိုင်ငံရှိ FDA ၌ မှတ်ပုံတင်ရရှိထားပြီး ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။ 
J-03

Source : The Voice