fbpx

ပါကစ္စတန်တွင် ခရီးသည်တင်လေယာဉ်ပျက်ကျ၊ လူ ၉၇ ဦးသေဆုံးပြီး တစ်ဦး နှစ်ဦးသာအသက်ရှင်

ကရာချိ၊ မေ ၂၃
ပါကစ္စတန်နိုင်ငံတွင် မေလ ၂၂ ရက်နေ့က ခရီးသည်တင်လေယာဉ် တစ်စင်းပျက်ကျခဲ့ရာ ခရီးသည်အနည်းငယ်မျှသာ အသက်ရှင်ခဲ့ပြီး ၉၇ ဦးသေဆုံးခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 
ယင်းလေယာဉ်သည် ကရာချိမြို့တွင် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း (PIA) မှ အဲယားဘတစ်စ် A320 အမျိုးအစားဖြစ်ကြောင်း၊ ပျက်ကျသည့်နေရာမှာ လူနေရပ်ကွက်ရှိရာ ဧရိယာထဲတစ်ခုတွင်ဖြစ်ကြောင်း အာဏာပိုင်များကဆိုသည်။ 
လေယာဉ်ပျက်ကျမှုတွင် အသက်မသေဘဲ ကျန်ရစ်သူ နှစ်ဦးခန့်သာရှိပြီး ယင်းအနက် မိုဟာမက်ဇူဘာယာဆိုသူ ခရီးသည်တစ်ဦးက လေယာဉ်ထဲတွင် မီးများကိုသာတွေ့မြင်ရသည်ဟု ပြောကြားသည်။ 
မည်သည့် အကြောင်းအရင်းကြောင့် လေယာဉ်ပျက်ကျရသည် ဟူသောအချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ 
သို့သော် ပြည်တွင်းမီဒီယာများ ဖော်ပြချက်အရ လေယာဉ်သည် ပြေးလမ်းသို့ဆင်းရန် ပထမတစ်ကြိမ်ကြိုးပမ်းခဲ့ရာ  မအောင်မြင်ခဲ့ကြောင်း၊ ထို့နောက် လေယာဉ်မှူးက စက်ပိုင်းဆိုင်ရာချို့ယွင်းမှုရှိနေသည်ဟု လေဆိပ်ကို အကြောင်းကြားခဲ့ကြောင်း သိရသည်။ 
အရေးပေါ်ကယ်ဆယ်ရန် အကူအညီတောင်းခံခဲ့ပြီးနောက် လေယာဉ်ပျက်ကျသွားခြင်းဖြစ်သည်ဟု ပါကစ္စတန် ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြသည်။ 
ပါကစ္စတန်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကန့်သတ်ပိတ်ပင်ထားသော Lockdown များကို အစိုးရက ပြန်လည် ဖြေလျှော့ပေးခဲ့ပြီးနောက် လေကြောင်းခရီးစဉ်များ ပြန်လည်စတင်ခဲ့စဉ် ယင်းလေယာဉ်ပျက်ကျမှု ပေါ်ပေါက်ခဲ့ရခြင်းဖြစ်သည်။ 
ခရီးစဉ်အမှတ် PK8303 သည် ခရီးသည်စုစုပေါင်း ၉၁ ဦးနှင့် လေယာဉ်အမှုထမ်းရှစ်ဦးတင်ဆောင်ကာ လာဟိုးမှ ကရာချိမြို့သို့ ပျံသန်းခဲ့ခြင်းဖြစ်သည်။ 
လေယာဉ်ပျက်ကျရာတွင် အသက်ရှင်ခဲ့သည့် ခရီးသည် မိုဟာမက်ဇူဘာယာ၏ ပြောပြချက်အရ လေယာဉ်သည် လေဆိပ်သို့ဆင်းသက်ရန် တစ်ကြိမ် ကြိုးပမ်းခဲ့ကြောင်း၊ ထို့နောက် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့်အကြာတွင် ပျက်ကျခြင်းဖြစ်ကြောင်း ပြောကြားသည်။ 
“လေယာဉ်ပျက်ကျတော့မယ်လို့ ဘယ်သူမှမထင်မှတ်ခဲ့ကြပါဘူး။ အားလုံး ချောချောမွေ့မွေ့နဲ့ စီးနင်းလာကြတာ”ဟု မိုဟာမက်ဇူဘာယာကဆိုသည်။
၎င်းသည် လေယာဉ်ပျက်ကျပြီးနောက် သတိမေ့မြောသွားသည်။ သို့သော် သတိပြန်ဝင်လာချိန်တွင် ခရီးသည် တွေအားလုံးအော်ဟစ်လျက်ရှိသည်ကို တွေ့ရကြောင်းပြောကြားသည်။ 
“နေရာပေါင်းစုံကနေ အော်ဟစ်သံတွေကြားရတယ်။ ကလေးတွေ၊ လူကြီးတွေအားလုံးအော်ဟစ်နေတယ်၊ ကျွန်တော်ကတော့ မီးတွေပဲမြင်ရတယ်။ လူတွေကို မတွေ့ရဘူး။ ကျွန်တော် ထိုင်ခုံခါးပတ်ကို ဖြုတ်တယ်၊ အလင်းရောင်တချို့တွေ့ရတယ်၊ အဲဒီအလင်းရောင်ရှိတဲ့နေရာကိုသွားပြီး ၁၀ ပေလောက်ရှိတဲ့နေရာကို ခုန်ချခဲ့တယ်” ဟု ၎င်းကပြောကြားသည်။   
F-01

Source : The Voice