fbpx

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသည့်ကာလတွင် ပြည်သူများ အကျင့်စာရိတ္တ ထိန်းသိမ်းကြရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

ရန်ကုန်၊ မေ ၂၇
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေသည့်အချိန်တွင် မိမိတို့၏ ပြည်သူပြည်သားများ အကျင့်စာရိတ္တများ မပျက်ပြားစေရန် ထိန်းသိမ်းရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
အဆိုပါအကြောင်းအရာကို မေလ ၂၇ ရက်နေ့တွင် ပြုလုပ်သည့် အိမ်တွင်းဖြစ်ချည်ထည် Mask ပထမဆုရရှိခဲ့သူများနှင့် အပြန်အလှန်ဆွေးနွေးခြင်း အစီအစဉ်တွင် ဂျပန်နိုင်ငံရောက် ဦးမျိုးစမ်းဦး (MyoGyi) က ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားသည့်ကာလအတွင်း လုယက်မှုများရှိလာသည်ကို တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ပြောဆိုခဲ့ခြင်းဖြစ်သည်။
“အမေတို့လည်း သတိထားစရာပေါ့။ ကိုဗစ်ကြောင့်မို့လို့ ကိုယ့်ရဲ့ပြည်သူတွေ အကျင့်စာရိတ္တမပျက်အောင် ထိန်းသိမ်းရမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက်လည်း အားပေးရမှာပေါ့။လူတွေက ယုံကြည်ချက်ရှိသ၍ မျှော်လင့်ချက်ရှိသ၍ စည်းတွေချိုးဖောက်တဲ့အဆင့်ကို မရောက်ပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ယင်းဆွေးနွေးပွဲတွင် ဆုရပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံရောက် ဒေါက်တာ ကျော်ကျော်ဝင်းက ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာကို ကုသရာတွင် အမြစ်မပြတ်သော်လည်း အလျင်အမြန်ပျောက်ကင်းစေသည့် ဆေးဝါးများကို အမေရိကန်နိုင်ငံတွင် အသုံးပြုကုသပေးနေကြောင်းတင်ပြခဲ့သည်။ 
၎င်းဆေးဝါးများကို ကူးသန်းရောင်းဝယ်ခွင့်ပေးသည့်အချိန်တွင် ဂျပန်နိုင်ငံအားရောင်းချပေးပြီးပါက မြန်မာနိုင်ငံအတွက် ဦးစားပေး ဆက်လက်ရောင်းချပေးရန် ဆေးထုတ်လုပ်သည့် ကုမ္ပဏီကိုတင်ပြထားရာ ကုမ္ပဏီဘက်မှလည်း ရောင်းချပေးမည်ဖြစ်သည့်အတွက်မြန်မာနိုင်ငံဘက်မှ Special Request တင်ပြထားရန် အကြံပြုချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျန်းမာရေးဝန်ကြီးဌာနနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြုလုပ်သည့် Mask ပြိုင်ပွဲကို ပြည်တွင်းပြပမှ ပြည်သူ နှစ်သောင်းကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တီထွင်ဖန်တီးမှုအကောင်းဆုံးဆု၊ ပြည်သူ့အကျိုးပြုဆု၊ ပြိုင်ပွဲဝင်ရည်ရွယ်ချက်အကောင်းဆုံးဆုတို့ကိုပြိုင်ပွဲဝင် ၁၂ ဦးအားပေးအပ်ခဲ့သည်။
S-09

Source : The Voice