fbpx

ကျောင်းများတွင် ကျန်းမာရေးနှင့် ပတ်သက်သည့် ပစ္စည်းကိရိယာများ အသင့်ထားရှိရမည်

ရန်ကုန်၊ မေ ၂၇
အခြေခံပညာကျောင်းများကို ဇူလိုင်လ ၂၁ ရက်တွင်စတင်ဖွင့်လှစ်မည့်အထက်တန်း ကျောင်းများတွင် အရန်အခန်းများ၊ ကိုယ်အပူချိန်တိုင်းကိရိယာ၊ လက်သန့်ဆေး၊ ရေ၊ ဆပ်ပြာများအပြင် PPE ဝတ်စုံများကိုပါ အသင့်ထားရှိရန်အခြေခံပညာဦးစီးဌာနကထုတ်ပြန်ထားသည်။
ကျောင်းများပြန်ဖွင့်ချိန်တွင် Mask တပ်ဆင်ရန်၊ နေ့စဉ်လူအများတွေ့ဆုံမှုလျော့ချရန်၊ လူအုပ်စုများဖြစ်ပေါ်လာ နိုင်မှုများလျော့ချရန်၊ ကျောင်းသားအချင်းချင်း၊ ကျောင်းသားနှင့် ဆရာ အနည်းဆုံး ၆ ပေကွာရန်၊ အလယ်တန်း၊ အထက်တန်းစာသင်ခန်းတစ်ခန်းတွင် စာသင်ခုံတစ်ခုံစီကို ၆ ပေခွာ၍ အများဆုံးကျောင်းသား (၂၀) ဦးအတွက်သာစီစဉ်ရန်ဖြစ်သည်။
ပညာရေးဝန်ကြီးဌာနမှ ကျောင်းတက်မည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်နှာခေါင်းစည်းနှစ်ခုစီနှင့် မျက်နှာကာတစ်ခုစီအခမဲ့ဖြန်ဝေသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ တွင်ရောဂါပိုးတွေ့ရှိခဲ့ပါက ယာယီပိတ်ထား၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်းဆောင်ရွက်ရမည်ဖြစ်သည်။
 “ ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေကို လိုက်နာပြီးမှဖွင့်မှာပါ။ ဒီကာတွေမှာ ဒီအတိုင်းပဲဆက် သွားမှာပါ။ ကူးစက်မှုရှိတဲ့မြို့နယ်တွေက ကျောင်းတွေဆိုပိုပြီး ဂရုစိုက်ရမယ်။ ကလေးတွေအတွက်အန္တရာယ် မရှိအောင်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်” ဟု အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ကပြောကြားသည်။
အခြေခံပညာကျောင်း ၆ ထောင်ကျော်တွင် ကန့်သတ်စောင့်ကြည့်စခန်းများအဖြစ်အသုံးပြုထားသော ကျောင်းများကိုပိုးသတ်ဆေးဖြန်း၍ ဇွန်လ ၁၅ ရက်တွင် ပြန်လည်လွှဲပြောင်းလက်ခံရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
“ ကျွန်မကတော့ကလေးကို ကျောင်းဖွင့်ဖွင့်ချင်းတစ်ပတ်လောက်အထိ ကျောင်းမလွှတ်ဖို့စဉ်းစားထားတယ်။ တကယ်ဘေးကင်းရဲ့လားဆိုတာ အခြေအနေကြည့်ရမယ်”ဟု တာမွေမြို့နယ်ရှိ ကျောင်းသားမိဘတစ်ဦးကဆိုသည်။
ထို့အပြင် ကျောင်းရှိမုန့်ဈေးတန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်နှင့် ကိုက်ညီသော ဈေးဆိုင်များသာဖွင့်လှစ်ရောင်းချရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကြို/ပို့ ယာဉ်၏ နှစ်ယောက်တွဲခုံများတွင်လည်း တစ်ယောက်စီသာ စီးနင်းလိုက်ပါရမည်ဖြစ်၍ ယာဉ်များ လုံလောက်ခြင်းမရှိပါက ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ညှိနှိုင်းကာငှားရမ်းအသုံးပြုနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ရောဂါပိုးတွေ့ရှိသူ ၂၀၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၂၄ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
J-02

Source : The Voice