fbpx

မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖောက်ဖျက်ပြီး သွားလာနေသူ ၃ ဦးကို ထောင် ၁ လစီ ချမှတ်လိုက်တယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

“လှည့်ကင်း ပတ်ကင်း လှည့်နေတုန်း တွေ့တာပါ။ ၁ ဦးက ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာမှာနေတယ်၊ ၂ ဦးကတော့ လာရှိုးမြို့မှာ နေတယ်။ ပြည်သာယာထဲမှာ နေတဲ့ သူငယ်ချင်းကို လာရှာတာတဲ့၊ မလှိုင်ဘက်မှာ ကန်စွန်းဥ စိုက်မလို့ လာကြတာလို့ ပြောတယ်။ ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် မြို့နယ်တရားရုံး ဦးတိုက်လျှောက်ထားပြီး တရားစွဲပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာနေ ကိုအောင်ဇော်လင်း၊ လာရှိုးမြို့ အမှတ် ၈ ရပ်ကွက်နေ ရန်စီလျှို နဲ့ ညီဖြစ်သူလျှိုရှင့် တို့ ၃ ဦးအား မေလ ၂၇ ရက်မနက် ၂ နာရီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ရဲတပ်ဖွဲ့တို့ လှည့်ကင်းပတ်နေတုန်း တွေ့ခဲ့တာပါ။

မိတ္ထီလာအမှတ် ၃ ရဲစခန်းက သူတို့ ၃ ဦးကို ပြည်သူ့ဝန်ထမ်းမှ နည်းလမ်းတကျ ထုတ်ပြန်ထားသောအမိန့်အား ဖီဆန်ဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အလုပ်မဲ့ ထောင် ၁ လစီ ချမှတ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း

Source : DVB