fbpx

ရပ်ကွက်လမ်းများကို အခိုင်အမာပိတ်ဆို့ခြင်းမလုပ်ရန် ညွှန်ကြား

ရန်ကုန်၊ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်၊ လမ်းများကို အခိုင်အမာ ပိတ်ဆို့ခြင်းများ မပြုလုပ်ရန် ရန်ကုန်တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ညွှန်ကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်ကြေညာချက်ဖြစ်သည့် နေအိမ် တွင်နေထိုင်ရေး (Stay at Home)  အစီအစဉ်တွင် အကျုံးဝင်ကြောင်း ထုတ်ပြန် ကြေညာထားသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်တွင် ရပ်ကွက် အလိုက်လမ်းများအား အခိုင်အမာပိတ်ဆို့မှုများရှိသည်ကို စိစစ်တွေ့ရှိထားသည်။
ယင်းအတွက်ကြောင့် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များရှိ ပြည်သူများအနေနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော Stay at Home စည်းကမ်းချက်များအတိုင်း လိုက်နာကျင့် သုံးသွားရန် ညွှန်ကြားချက်တွင် ပါရှိသည်။
ယင်းမြို့နယ်ရှိ တာဝန်ရှိသူများ အနေနှင့်လည်း ကြားလမ်းများအား ဝင်/ ထွက်သွားလာမှု အဆင်ပြေအောင်သာ ပိတ်ပြီး အခိုင်အမာပိတ်ဆို့ထားခြင်း မပြု ရန်၊ သစ်ပင်များခုတ်လှဲချ၍ ပိတ်ခြင်း၊ သစ်သား/ သံပြား/ သွပ်ပြားများဖြင့် အပြည့် ကာရံပိတ်ထားခြင်းများ မဖြစ် စေရန် စစ်ဆေးကြပ်မတ် ဆောင်ရွက်သွား ရမည်ဟုလည်း ညွှန်ကြားချက်တွင် ဖော်ပြ ထားသည်။
မြန်မာနိုင်ငံတွင် Covid-19 စတင်ကူးစက်ပြန့်ပွားစဉ်ကလည်း ရပ်ကွက်၊ ကျေးရွာရှိလမ်းများကို ပိတ်ထားသည့် အခြေအနေများ ရှိခဲ့သည့်အတွက် ယင်းကဲ့သို့ အမိန့်မျိုးကို ရန်ကုန်တိုင်းဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီက ပထမအကြိမ်အဖြစ် ညွှန်ကြားခဲ့ရသေးသည်။
မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ ၂,၄၀ဝ ကျော်အနက် ရန်ကုန်တိုင်းဒေသကြီးတွင် အတည်ပြု လူနာ ၉၀ဝ ကျော်အထိရှိကာ စက်တင်ဘာလ ၉ ရက်နေ့အထိ သတ်မှတ်နေရာများ တွင် အသွားအလာကန့်သတ်ခြင်းခံထား ရသူ ၆,၆၀ဝ ကျော်အထိရှိနေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
S-09

Source : The Voice