fbpx

နာဖျားနေတဲ့ ကမ္ဘာကြီးထဲက နာဖျားနေတဲ့ မြို့

ကမ္ဘာကြီး နာဖျားနေသည်။ ထို့အတူ ကမ္ဘာသူ၊  ကမ္ဘာသား ကျွန်မတို့ မြန်မာနိုင်ငံ သူ၊ နိုင်ငံသားများလည်း စိုးရိမ်သောကများဖြင့် ချောက်ချောက်ချားချားဖြစ်ကာ စိတ်နှလုံးများ နာဖျားလို့ နေကြလေသည်။ အကြောင်းမူကား ၂၀၂၀ ပြည့် နှစ်၏ သြဂုတ်လ ၁၆ ရက်နေ့၌ ရခိုင်ပြည်နယ် စစ်တွေ မြို့ရှိ ပြည်သူတစ်ဦး ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ပြည်တွင်းကူးစက်မှုအနေနှင့် ကိုဗစ်ရောဂါပိုးကူးစက် ခံခဲ့ရသည့် သတင်းထုတ်ပြန်ချက်တစ်ခုတက်လာခြင်းကြောင့်ဖြစ်သည်။ထိုက စတင်လိုက်သည့် ထိတ်လန့်မှု သည် အတန်ကြာငြိမ်သက်နေခဲ့သည့် ဗိုင်းရပ်စ်ကူးစက် မှုကို ပြန်လည် သတိမူမိကြသလို ကိုဗစ်ဒုတိယလှိုင်းအဖြစ် တပ်လှန့်လိုက်သလိုဖြစ်ခြင်းကြောင့် ဖြစ်မည်ထင်ပါသည်။ 
….. ….. …..
၂၀၁၉၊ ဒီဇင်ဘာနှောင်းပိုင်းတွင် တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်(ကိုဗစ်-နိုင်တင်း) သည် ၂၀၂၀ ပြည့်နှစ်၏ နွေဦးအစတွင် ကျွန်မတို့ နေထိုင်ရာ နိုင်ငံသို့ပါ ဝင်ရောက်ခဲ့သည်ကို ကျွန်မတို့တစ်တွေ သတိမူ သိရှိခဲ့ပြီး ဖြစ်ပါသည်။ ထိုကာလတွင်း၌ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်သူ မြောက်မြားစွာ မြင့်တက်လာသလို သေဆုံးသူများ လည်း ရှိနေသည်ကို နေ့စဉ် ဖော်ပြနေသည့် သတင်းဌာနများကို ဖတ်ရှုရင်း သိမြင်နေရသည်။ အံ့သြစရာကား ထိုကာလများတွင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကူးစက်မှုနှုန်း မြင့်တက်နေသလောက် ကျွန်မတို့ နိုင်ငံတွင်တော့ တခြားသော နိုင်ငံများထက် ကူးစက် ပျံ့နှံ့မှု အနည်းဆုံးဖြစ်ခဲ့သလို ကူးစက်ခံရသူဦးရေ လည်း အနည်းဆုံးအနေအထားဖြင့် တည်ငြိမ်နေခဲ့သည်မို့ လူမှုကွန်ရက်အသုံးပြုသူများကြားတွင်သာမက မိတ်ဆွေအချင်းချင်းကြားတွင်လည်း တစ်ယောက် တစ်မျိုး ထင်ကြေးပေးပြောဆိုရင်း စိတ်သက်သာရာ ရှာနေခဲ့ကြသေးသည်။ ရောဂါပိုး စတင်ဝင်ရောက်လာ သည့် အချိန်ကတည်းက ဖွင့်လှစ်ခွင့်မပြုခဲ့သည့်နေရာများ၊ ဆိုင်များနှင့် ခရီးသွားလာမှုများကို အတန် အသင့် ဖြေလျှော့ကာ ခွင့်ပြုသင့်သလောက် ပြန်လည် ခွင့်ပြုခဲ့သည်မှာပင် မကြာသေးပေ။ ထိုအချိန်မှာပင် ကိုဗစ်လှိုင်းသည် ဒုတိယအကြိမ်အဖြစ် ပြန်လည် ကျော့လာခဲ့ကာ လူအများ၏ နေ့စဉ် နေထိုင်မှုပုံရိပ်ကို လှုပ်နှိုးလိုက်သလိုပင် ရှိတော့သည်။
ပထမအကြိမ်က ကူးစက်ပျံ့နှံ့မှု နှေးကွေးသလောက် တစ်ကျော့ပြန် ဒုတိယလှိုင်းတွင်တော့ ကူးစက်မှုဟာ အရှိန်အဟုန်ပြင်းပြင်းဖြင့် မြန်ဆန်လာခဲ့တော့သည်။ ပထမလှိုင်းတွင် အသက်ဝင်ခဲ့သည့် ကျန်းမာရေး ဝန်ကြီးဌာန သတင်းစာမျက်နှာလေးသည် ရက်အပိုင်း အခြားတစ်ခုအထိ ခေတ္တခဏ ငြိမ်သက်သွားရာမှ အခုအချိန်တွင်တော့ ကျွန်မ အပါအဝင် နေ့စဉ် စောင့်ကြည့်သူများကြောင့် ပြန်လည်အသက်ဝင် လာပြန်လေသည်။ ထိုရက်များတွင် ဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်များ၌ ကူးစက်ခံရသူ လူနာဦးရေ စာရင်း မြန်ဆန်စွာ တက်လာ တိုင်း စိတ်မကောင်းဖြစ်ရသည်၊ ထို့မြို့နယ်များ အကြောင်းကို ကြည့်နေရင်းပင် ကိုဗစ်ပိုးသည် မြို့နယ် ပေါင်းများစွာသို့ အဆင့်ဆင့် ဖြတ်ကျော်လာသည်။ အခုအချိန်တွင်တော့ ကျွန်မတို့ ရန်ကုန်တိုင်းရှိ မြို့နယ် အတော်များများကိုပါ ပျံ့နှံ့ဝင်ရောက်လာတော့သည်။ 
….. ….. …..
ရန်ကုန်ဟာ လူပေါင်းများစွာ စုဆုံရာအရပ်၊ လုပ်ငန်းပေါင်းများစွာ တည်ရှိရာအရပ်မို့ ထိုရောဂါပိုး ပျံ့နှံ့လာသည့်အချိန်ကစလို့ လူအများစု စိုးရိမ် ထိတ်လန့်ကြသလို နေ့စဉ် ရုံးသွား ရုံးပြန်လုပ်နေရ သည့် ကျွန်မသည်လည်း ချောက်ချောက်ချားချား ဖြစ်ရတော့သည်။ ဗိုင်းရပ်စ်သည် လူတန်းစားမရွေး၊ အသက်အရွယ်မရွေး ကူးစက်လေသည်မို့ မတတ်သာလို့ အပြင်ထွက်ကာ ဝမ်းရေးအတွက် ရုန်းကန်နေရသူများ၊ ကျွန်မတို့လို လုပ်ငန်းခွင် နေ့စဉ်သွားရောက်ရသူများဟာ ဗိုင်းရပ်စ်အန္တရာယ်ဇုန်နှင့် နီးကပ်နေကြသူများမို့ ထိုအန္တရာယ်ဇုန်ထဲ ဘယ်အချိန်မှာ လိမ့်ကျသွားလေ မလဲ၊ မမြင်ရသည့် ထိုဗိုင်းရပ်စ်ပိုး ဘယ်နေ့များ ကိုယ့်ဆီ ရောက်လာလေမလဲ စိုးတထိတ်ထိတ်နေ့ရက်များကို ဖြတ်ကျော်နေရသည်။ 
နေ့စဉ် ည ၈ နာရီသတင်းထုတ်ပြန်ချက်ကို စောင့်မျှော်နေရသည်မှာလည်း စိတ်တုန်လှုပ်ရသည်။ တရိပ်ရိပ်တက်လာသည့် ကူးစက်ခံလူဦးရေ စာရင်းကြည့် ပြီးသည်နှင့် မပြီးသေး နောက်နေ့များမှာ ကြုံတွေ့ရင်ဆိုင်ရမည့် လုပ်ငန်းခွင်ရပ်ဆိုင်းမှု ပြဿနာများ၊ အလုပ်လက်မဲ့ ပြဿနာများအပြင် ထိုလုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် လုပ်ငန်းများပါ ထိခိုက်ပြိုလဲမှု ပြဿနာများ၊ ထိုလုပ်ငန်းများကိုပင် အမှီပြုရင်း စားဝတ်နေရေးပြဿနာများ ရင်ဆိုင်ဖြေရှင်းနေကြ သည့် သူများ၏ လဲပြိုထိခိုက်သွားမည့် ဘဝများကို ကြိုတွေးရင်း စိတ်မော၊ လူမောနှင့် အိပ်ပျက်ညများ သည်ပင် မရေတွက်နိုင်။  အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် နိုးထခဲ့သည့် မနက်ခင်းတိုင်း စိတ်ကြည်သာမှုမရှိ နှာခေါင်းက အနံ့ပျောက်နေပြီလား အနံ့ခံကြည့်ရင်း အနံ့ရတော့မှပင် စိတ်အေးလက်အေးရှိကာ ဗုန်းခနဲ ပြန်လဲချ အိပ်ရသည်မှာလည်း စိတ်ညစ်စရာများကြားမှပင် ရယ်ချင်စရာတစ်ခုပါပင်။ 
မနက်ခင်းပိုင်း တက်လာသည့် သတင်းထဲ ဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်တွေကတော့ဖြင့် ကူးစက်ခံ ရသူစာရင်းထဲ အများဆုံး ရောက်နေသလဲ ကြည့်ရ သည်မှာလည်း တထိတ်ထိတ်ရှိလှသည်။  ထို့အပြင် Positive လူနာတွေ့ ပြန်လျှင်လည်း သူနှင့် ပတ်သက် ဆက်နွှယ် နေသည့်လူများကို Quarantine ဝင်ခိုင်း နေသည်မှာ အစိုးရအတွက်လည်း ဝန်ပိသလို  ဝင်ရသည့် သူတွေအနေနှင့်လည်း ဒုက္ခမျိုးစုံ ရောက်ကြရမည်ထင်သည်။ နေထိုင်စားသောက်ရေးအတွက် စိတ်ပူနေရသလို လူအများဖြင့် ထိတွေ့ ဆက်ဆံရသဖြင့်  ထိုသူ အချင်းချင်းကြား ရောဂါပိုး ကူးစက်လာမည်ကပင် ပို၍ပင် စိတ်ပူစရာကောင်းလှလေသည် မဟုတ်ပါလား ဟု တွေးမိရင်း နေ့ရက်များကို ဖြတ်သန်းနေရသည်မှာလည်း အဓိပ္ပာယ်မဲ့လာသလိုပင် ခံစားမိလာသည့် အခိုက်အတန့်များလည်း ရှိလာသည်။ 
ထိုအချိန်မှာပင် လူမှုကွန်ရက်မှာ ရောဂါပိုး အကြောင်းပြု နှစ်ဖက်စကားနိုင်လုကြသည့် ပို့စ်များကိုလည်း စိတ်ထိခိုက်ဖွယ် တွေ့ရသည်။ ထိုထက်ပို စိတ်ထိခိုက်စရာကား ရန်ကုန်ကလူဆိုလျှင် အပြစ်သားများသဖွယ် မြို့ကို လုံးဝ အဝင်မခံဆိုသည့် မြို့နယ်များ ကိုလည်း တွေ့ရသလို ပြစ်တင်ပြောဆိုနေကြသူ အချို့ကိုလည်း တွေ့ရပြန်သည်။ ရောဂါပိုးနှင့် ဆက်စပ်နေသည့် သတင်းများကို ဖတ်နေတုန်း မက်ဆင်ဂျာမှ စာလေးတစ်စောင် ဝင်လာသည်။ ပုံမှန်ဆိုလျှင်တော့ မက်ဆင်ဂျာမှာ စကားပြောရသည်မှာ အဆင်မပြေ သည်မို့ ခင်မင် ရင်းနှီးသူအနည်းငယ်လောက်ကိုသာ လက်ခံပြောဆို ဖြစ်သည်က များလေသည်။ အခုမက်ဆင်ဂျာက စာပို့လာသည့် မိတ်ဆွေညီမလေးဟာ နယ်မြို့လေးမှာ နေထိုင်သူဖြစ်ပြီး သူနှင့်လည်း ရံဖန်ရံခါ စကားအနည်းငယ် ပြောဖူးသည်ဖြစ်၍ လက်ခံစကားပြောဖြစ်သည်။ သူလေးဟာ ဒေသစွဲရှိသလို ဒေသချစ်စိတ်လည်းရှိ သူ ဖြစ်ကြောင်း သူ့ပြောစကားများတွင် လှမ်းမြင်နေရသည်။ 
ဟိုအရင်အချိန်များက ရန်ကုန်တွင် ကိုဗစ်လူနာ များ တွေ့ရှိခဲ့စဉ်အချိန်ကလည်း သူတို့မြို့ကလေးက လူအများနှင့် တာဝန်ရှိသူများဟာ စည်းကမ်းရှိသူများ ဖြစ်သောကြောင့် သူတို့နေထိုင်ရာမြို့ကလေးတွင် ဗိုင်းရပ်စ်ပိုး တွေ့ရှိမှု မရှိခဲ့ဖူးကြောင်း ၊ သူ့မြို့ကလေး အတွက် သူ ဂုဏ်ယူကြောင်း၊ ယာဉ်စီးရေ ထူထပ်ပြီး လမ်းသွယ်တွေ ရှုပ်ထွေးလှသည့်မြို့၊ လူဦးရေထူထပ် လှ သည့် ရန်ကုန်ကို သူ မကြိုက်ကြောင်း  ဆိုခဲ့ဖူးသည် ကို ကျွန်မပင် ရယ်မောရင်း နားထောင်ဖြစ်ခဲ့သည်ကို အမှတ်ရမိသည်။ 
ကျွန်မနေထိုင်ရာ မြို့တွင် ကိုဗစ်ဗိုင်းရပ်စ်ပိုး မြန်ဆန်စွာ မပျံ့နှံ့ခင် သူတို့မြို့ကလေးတွင် ပျံ့နှံ့တော့ အဝေးက ကျွန်မ သူတို့နှင့်အတူ စိတ်ပူသည်၊ စိတ်မကောင်း ဖြစ်ရသည်။ အခုလည်း ထိုစာပိုင်ရှင် ညီမလေး၏ နှုတ်ဆက်စကားကို ပြန်နှုတ်ဆက်ရင်း သူတို့မြို့ကလေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် ကူးစက်ခံ လူနာစာရင်း ထဲ လျော့နည်းလာသည်ကို ဝမ်းသာမိကြောင်း ဆိုမိ သည်။ သူ ပြန်တုံ့ပြန်လိုက်သည့် စကားကိုဖတ်နေရင်း အဆုံးသတ် စာကားကို တွေ့တော့ ကျွန်မတစ်ယောက် ဘာစကားမှ ပြန်မဆိုမိတော့ဘဲ စိတ်မကောင်းဖြစ်ရ ကာ တိတ်ဆိတ်ငြိမ်သက်နေမိတော့သည်။ သူ၏ စကားထဲတွင် ရန်ကုန်မှာ အလုပ်လာလုပ်နေကြသည့် သူ၏ အစ်မများရှိရာကို လာလည်လျှင် အလွန် စိတ်ညစ်ညူးရကြောင်း၊ ရန်ကုန်က တိုက်ခန်းများဟာ နေရာကျဉ်းကျပ်သည်မို့ နေထိုင်ရသည်မှာ မလွတ်လပ် ကြောင်း၊ ဖုန်တွေ၊ မီးခိုးငွေ့တွေကြောင့် အသက်ဝ၀ မရှူရဲတဲ့ ရန်ကုန်ကလေဟာ ညစ်ညမ်းကြောင်း၊ ရန်ကုန်ဟာ လူအများကြီးနှင့် စိတ်ပျက်စရာမြို့ကြီး ဖြစ် ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည့် စာရင်းများကြည့်လျှင်လည်း ရန်ကုန်က နည်းပြီး သူတို့မြို့ကသာ များနေသည်မှာ မဟုတ်မှန်နိုင် ကြောင်း၊ ဖြစ်ချင်းဖြစ် ရန်ကုန်ကသာ များရမည်မှာ ဖြစ်သင့်ကြောင်း ဆိုထားသည်။ တစ်ခါတစ်ခါ ဝန်ကြီး ဌာနက ထုတ်ပြန်ပြီးလျှင် သူရေးတင်လာသည့်  ပို့စ်တွေကို မြင်ရသည်မှာလည်း စိတ်မသက်မသာဖြစ်ရသည်။ 
ကျွန်မတို့တစ်တွေဟာ တစ်မိုးအောက်တည်း မှာ နေထိုင် အသက်ရှူနေကြသည့်သူများမို့  ကျွန်မတို့နေထိုင်ရာအရပ်ဒေသမှာမှမဟုတ် ဘယ်မြို့၊ ဘယ်တိုင်းမှာမှ ဘယ်လိုအန္တရာယ်ဆိုး၊ ဘယ်လိုကပ်ရောဂါဆိုး မှ မဖြစ်ပွားလျှင် အကောင်းဆုံးပင် မဟုတ်ပါလား။ ကပ်ကမ္ဘာကြီးမှာ မမြင်ရသည့် ရန်သူကို အတူတကွ တွန်းလှန်ရမည့်နေရာမှာ နေရာစွဲ၊ ဒေသစွဲများဖြင့် ခွဲခြားနေကြသည်မှာ ဟုတ်မှန်ပါရဲ့လား။ ဒီလိုဆိုပြန် တော့ ကျွန်မသည်လည်း ကိုယ့်မြို့၊ ကိုယ့်အရပ်ဇာတိ ကို ချစ်ခင်စိတ်ရှိသည့်သူဟုပင် ဆိုရမည်။ ဘယ်လောက်ပင် လှပသည့် နေရာဒေသများသို့ သွားရောက်လည်ပတ် ပါစေ အချိန်တိုင်လျှင်တော့ ဖုန်ထူထူ နေပူလည်း ချစ်ခင်ရသူများရှိရာအရပ်၊ ဒီအရပ် ဒီဇာတိမြေဟာ ကျွန်မ၏ ပျော်ရွှင်ငြိမ်းချမ်းခြင်းများ ရှိရာအရပ်ပင် မဟုတ်ပါလား။ သူလေး၏ ဒေသစွဲစိတ်ကို အပြစ်မမြင်မိ တော့ဘဲ ဒဏ်ရာအနာတရများဖြင့် ရှိနေသည့် ကျွန်မ ၏ ဇာတိမြေလေးကိုသာ စိတ်မကောင်းခြင်းကြီးစွာ ငေးကြည့်နေမိတော့သည်။ အချိန်တန်လို့ သူ့ရင်ခွင် မှာ ခိုဝင်နားသူများ ပြန်သွားသည့်အခါများဆို မြို့ ကြီးဟာ ရှင်းလင်းတိတ်ဆိတ်ပြီး ဘယ်လောက်လှပသည် ဆိုသည့်အကြောင်းကို အခွင့်အခါ ကြုံလျှင်တော့ သူလေးသိအောင် ပြောပြချင်မိပါသေးသည်။ 
….. ….. …..
အနယ်နယ်အရပ်ရပ်က လာရောက်စီးပွားရှာသည့် လူအများကို မဆံ့အင်ကာ ထမ်းပိုးရင်း မညည်းမညူ ကြိုဆိုလေ့ရှိသည့် ရန်ကုန်ဟာ ဒဏ်ရာအနာတရ များစွာဖြင့် သနားစရာကောင်းလှသည်။ သူ့ရင်ခွင်ကို တည်မှီရင်း အသက်ဝ၀ မရှူရဲကြောင်း၊ သူ့အနံ့ အသက်ဟာ ညစ်ညမ်းကြောင်း၊ သူ့အရိပ်မှာ ခိုရတာဟာ ကျဉ်းမြောင်းလှကြောင်း အဖန်တလဲလဲ ထိုးနှက်ချက်များကိုလည်း နားရည်ဝစွာ ကြားခဲ့ရပြီ။ အခုလည်း မမြင်ရသည့် ရန်သူကြောင့် အများနည်းတူ နာဖျားမှုကို အလူးအလဲ ခံနေရလေပြီ။ ဟိုသည် နေရာ တော်တော်များတွင်လည်း ထိုမမြင်ရသည့် ရန်သူကြောင့် မြို့သူမြို့သားများ၏ စိတ်နှလုံးများ စိုးထိတ်မှုများ ဖြင့် နာဖျားနေကြသည်။ မကြာမတင်မှာပင် ကျွန်မတို့ နေထိုင်ရာ ရပ်ကွက်လေး၏ လမ်းထိပ်ဆီသို့ပင် ထိုရောဂါ ပိုး တံခါးခေါက်ရောက်ရှိလာခဲ့သည်မို့ ရပ်ကွက် လေးရှိ လူအများစုလည်း တုန်လှုပ်ကြတော့သည်။
တချို့ကတော့ လိုက်နာရမည့် စည်းကမ်းများ ကို အမှန်တကယ် ကျင့်သုံးကြသူများလည်း တွေ့ရသည်၊ တချို့ကတော့ ထိုရောဂါပိုးဟာ သိပ်မပြင်းထန် သည်မို့ စိုးရိမ်ရန်မလိုကြောင်း ဘယ်က ဘယ်လို ထွက်လာသည်မသိသည့် သတင်းစကားများကို ယုံကြည်ရင်း အမှုမဲ့ အမှတ်မဲ့ဖြင့် ပေါ့ဆနေကြသည်။ အခြေခံတကျ တပ်ရမည့် မျက်နှာဖုံးစွပ်များကို တပ်ဆင် ခြင်းမရှိသည့် သူများကိုပင် တွေ့ မြင်နေရသည်။ 
အခုချိန်တွင်တော့ FDA ရုံး၊ အစိုးရဆေးရုံ တချို့ရှိ လူနာဆောင် Ward အချို့နှင့် ပုဂ္ဂလိကဆေးရုံနှစ်ခုတို့ကို ရက်ပိုင်းအတွင်းမှပင် Lockdown ချခံလိုက်ရသည်အထိ ကိုဗစ် ဒုတိယလှိုင်းသည် ပိုမို မြန်ဆန်လာခဲ့သည်။
ထိုဗိုင်းရပ်စ်ပိုး တွေ့ရှိမှုမြန်ဆန်လာသည်ဆို သော်လည်း အလွန်အမင်း စိုးရိမ်ထိတ်လန့်နေသည် မှာလည်း မဖြစ်သင့်သေးသလို ကြောက်သင့်သည် များကို ကြောက်ပြီး၊ မကြောက်သင့်သည်အရာများကို မကြောက်ဖို့နှင့် အရာရာကို သတိနှင့် ယှဉ်ပြီး နေထိုင်နိုင်ဖို့လည်း လိုအပ်လှပါသည်။ 
ကျွန်မ ကြည့်မိသည့် ပြည်ပဗီဒီယိုဖိုင်တစ်ခုတွင်တော့ အပြန်အလှန်အားပေးရင်း၊ သီချင်းများ သီဆိုကခုန်ခြင်းဖြင့် ကိုဗစ်အန္တရာယ်ကို တွန်းလှန် နေကြသည်မှာ အတုယူစရာပင်။ ကျွန်မတို့ နိုင်ငံတွင် လည်း  ရှေးကနဦးက သံသယလူနာများ လာရောက် ခေါ်ဆောင်လျှင် ဓာတ်ပုံရိုက်၊ လူမှုကွန်ရက်ပေါ် Live လွှင့်တင်၊ ပိုးတွေ့လူနာအပေါ် အပြစ်သားတစ်ဦး သဖွယ် ပြစ်တင်စကားဆိုတတ်သည့် စိတ်နှလုံး နာဖျားနေသူ အများအပြားကို တွေ့ခဲ့ရသည်။ အခု အကြိမ်တွင်တော့ သံသယလူနာများ လာရောက်ခေါ်ဆောင် သည့်အခါ စိတ်အားမငယ်စေရန် လက်ခုပ်တဖြောင်းဖြောင်း တီး၍  ကြက်သီးထစရာကောင်းလေသည်အထိ အော်ဟစ် အားပေးကြသည့် မြင်ကွင်းကို ကြည့်နေရင်းဖြင့်ပင် မျက်ရည်ဝဲမတတ် ခံစားရလေသည်။ 
ရောဂါပိုးသယ်ဆောင်လာသည့်သူ၊ သူ့ကြောင့်၊ ငါ့ကြောင့်ဟု အပြစ်တင် လက်ညှိုးထိုးနေမည့်အစား အခြေခံကျသည့် မက်စ်တပ်ခြင်း၊ လူထူထပ်ရာသို့ အသွားအလာမပြုလုပ်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကိုယ်နိုင်ရာနည်းလမ်းဖြင့် မိမိတို့ ကိုယ်ခန္ဓာ ကို နေကောင်းကျန်းမာအောင် ဂရုစိုက်ရမည်ဖြစ်သလို လိုက်နာသင့်သည်များကို ကိုယ်တိုင်လိုက်နာရင်း၊ လိုက်နာရမည့် စည်းကမ်း မေ့လျော့နေသည့် ကိုယ့်ပတ်ဝန်းကျင်ကသူများကို သတိပေးပြောဆိုပေးခြင်း၊ အပြန်အလှန်အားပေးခြင်းတို့ဖြင့် စိတ်နှလုံးများ ကျန်းမာနွေးထွေးနေဖို့ အမှန်တကယ်လိုအပ်ပါသည်။ 
….. ….. …..
ကမ္ဘာကြီး၏ နေရာတချို့တွင်တော့ နေကောင်း ကျန်းမာစပြုလေပြီ။ ရန်ကုန်မြို့ကြီးကတော့ နေရာ အနှံ့ နာဖျားနေသည်။ အရင်က စည်ကားမြဲ စည်ကား ခဲ့သော ရန်ကုန်သည် အခုချိန်တွင်တော့ ဟိုသည် နေရာအချို့ ငြိမ်သက်တိတ်ဆိတ်နေပြန်သည်။ နေ့စဉ် လို ကူးစက်လူနာပေါင်း ၁၀ဝ ကျော် ရှိနေခဲ့ရာက စက်တင်ဘာ ၁၂ ရက် မနက်ခင်းပိုင်း ထုတ်ပြန်ချက်တွင် တော့ ၂၃ ဦးသာ ရှိနေသည်ကို တွေ့လိုက်ရသည်။  အစိုးရပိုင်းအနေနှင့် ထုတ်ပြန်သင့်သည်များကို ထုတ်ပြန်ရင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆောင်ရွက် ပေးနေသကဲ့သို့ ပြည်သူများအနေနှင့် ဒီကပ်ကာလကြီး မှာတော့ စိတ်မောစရာများ ထိုင်တွေးပြီး စိုးရိမ်ကြောက် လန့်နေမည့်အစား လိုက်နာသင့်သည်များကို လိုက်နာရင်း၊ အားတင်းထားရင်း ကျော်ဖြတ်နိုင်ဖို့သာ လိုအပ်လှ သည်။  သိပ်များမကြာခင်နေ့များတွင်တော့ နာဖျားနေသည့် အခြားမြို့ကလေးများနှင့် အတူ ရန်ကုန်သည်လည်း ပြန်လည်ကျန်းမာကာ အသက်ဝင်နိုးထလာ နိုင်တော့မည်မှာတော့ သေချာပါသည်။
ပန်းငုဝါဝါ

Source : The Voice