ဆည်းဆာရောင် သင်္ကေတများ

သာယာသော ညနေခင်းတစ်ခု၌ ဆိုင်ကယ် စီးရင်းလေညင်းခံ ထွက်လိုက် မိသည်။ အကြောင်းပြချက်တော့ မည်မည်ရရမရှိ။ ယခုလို ကိုရိုနာဗိုင်းရပ်စ် ကြီးစိုးနေသည့်ကာလမှာ အိမ်တွင်းအောင်းနေရသည့်အချိန်က များလွန်းလှ၍ တစ်ခါတလေစိတ်ကို လတ်ဆတ်အောင်၊ အမြင်ကို လတ်ဆတ်အောင်  အိမ်နှင့်နီးစပ်ရာဝန်းကျင်သို့ ခြေဆန့် နေတတ်၏။ သို့ပေမဲ့ လူထူထပ်သည့် နေရာတော့မဟုတ်။ လူအရောက်အပေါက်နည်းလှသည့် ကွင်းပြင်ကျယ်ကြီး သာဖြစ်သည်။ ထိုနေရာသည် လူခြေ ပြတ်သည် မဟုတ် သော်လည်း လူထူထပ်သည့်နေရာ မဟုတ်သောကြောင့် စိတ်ငြိမ်သက်စေသည်မှာ အမှန်ပင်။ 
ထိုနေရာပတ်လည်တွင် စိမ်းစိုစိုခြယ်သထား သောစပါးပင်များသာ နေရာယူလွှမ်းမိုးထား၏။ ထိုနေရာကို ရောက်တော့ ညနေငါးနာရီထိုးလုပြီ။ နေ၏အလင်းရောင်ကတော့ အားကောင်းကောင်းဖြင့် ကမ္ဘာမြေပေါ် ဖြာကျနေဆဲပဲ။ ထိုနေရာသည် ကားလမ်းနံဘေး တွင်သာရှိသောကြောင့် ဖြတ်သွားဖြတ်လာ ယာဉ်အမျိုး မျိုး၊ လူ့သဏ္ဌာန်အမျိုးမျိုးကို ကောင်းစွာ မြင်သာနိုင် ၏။ ပင်လယ်ပြင်မှတစ်ဆင့် တောတန်းအသွယ်သွယ် ကို ကူးခပ်လူးလွင့်လာသောလေညင်း၏ လတ်ဆတ် သည့်ရနံ့ကို သဘာဝကျကျ ခံစားကြည့်လိုက်သည်။ တစ်ခဏတာတော့ ကျွန်တော့်စိတ်တွေ ပေါ့ပါးသွား၏။ 
ဟုတ်သည်။ တဒင်္ဂလေးဆိုရုံမျှ ပေါ့ပါးသွားရုံ။ ကျွန်တော့်စိတ်အတွင်း၌ သက်တမ်းကုန်ဆုံးခဲ့သော အတိတ်တွေအကြောင်း၊ ရင်မဆိုင်ရသေးသော အနာဂတ် ရည်မှန်းချက်တွေအကြောင်းအရင်းများက ပစ္စုပ္ပန်ဖြစ် တည်မှု စိတ်ခံစားချက်တို့၌ ခိုအောင်းကိန်းဝပ်နေလေ သည်။ ဤသို့ဖြစ်ရခြင်းမှာ ကျွန်တော်တစ်ယောက်တည်း ဟုတ်ချင်မှဟုတ်မည်။ ယခုလို ညနေခင်းကို ငေးကြည့်မိ သူတိုင်းဖြစ်စေ၊ ငေးမောခွင့်မရှိသူဖြစ်စေ သူတို့အားလုံး၏ စိတ်ထဲတော့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူသောခံစားချက် အကြောင်းတရားတွေ မှီတင်းနေမည်မှာ မလွဲ ဧကန်ပင်။ ညနေခင်းဆိုသည့် သဘောတရားသည်လည်း နံနက်ခင်း နှင့် နေ့လယ်ခင်းဟူသော အတိတ်ကို ကျော်ဖြတ်၍ ပစ္စုပ္ပန်တည့်တည့်က ကံတရားတစ်ခုပင် မဟုတ်လားလေ။
စိမ်းစိုနေသည့် ကွင်းပြင်ကြီးကို မျက်စိတစ်ဆုံး မျှော်ငေးကြည့်မိသည်။ မြင်ကွင်းသာ မြင်နိုင်သည့်နေရာ ၌ အဆုံးသတ်သွားသယောင်ရှိပေမယ့် ထိုမြင်ကွင်း၏ နောက်ကွယ်မှာတော့ မမြင်နိုင်သည့် မြင်ကွင်းပေါင်း များစွာ အဆုံးမရှိ ကျယ်ဝန်းနေပေလိမ့်မည်။ ထိုကဲ့သို့ ပင် လူ့ဘဝ၏ မြင်ကွင်းအဖုံဖုံကို စိတ်ဖြင့် ထိုးထွင်း ခံစားကြည့်မိသည်။ ကျွန်တော်တို့သည် နေ့စဉ်ဖြတ်သန်း နေရသော ပတ်ဝန်းကျင်၌ လူပေါင်းစုံ၊ စိတ်ပေါင်းစုံနှင့် ယှဉ်တွဲနေထိုင်ကြရသည်။ ထိုအခါ တစ်ယောက်၏ ခံစား ချက်ကို တခြားတစ်ယောက်က အလုံးစုံခံစားပေးနိုင် သလား။ တစ်ယောက်၏ဘဝကို တခြားတစ်ယောက် က မျှဝေခံစားပေးလို့ရသလား။ တစ်ယောက်၏ အမူ အကျင့်အတိုင်း တခြားတစ်ယောက်က အတိအကျ လိုက်တုပပြီး ရှင်သန်၍ရသလား။ ကျွန်တော့်စိတ်ထဲ လား ပေါင်းများစွာ မေးခွန်းများ ချဉ်းကပ်လာ၏။ ထိုမေး ခွန်းတွေကို ကျွန်တော်ဖြေလျှင် ကျွန်တော့်ခံယူချက် သက်သက်သာ ဖြစ်နေမည်။ 
အခြားသူတွေ ဖြေလျှင်လည်း သူတို့ရှင်သန်ရာ၊ သူတို့စိတ်ခံစားချက် အယူအဆအတိုင်းသာ ဖြစ်ပေါ် လာမည် မဟုတ်လော။ ထားပါတော့။ ကျွန်တော့်စိတ် ထဲ ဖြစ်တည်လာသည့် မေးခွန်းများအား ကျွန်တော် ကိုယ်တိုင်သာ တွေးဆဖွင့်ထုတ်ချင်သည်။ ပထမဦးစွာ တစ်ယောက်၏ ခံစားချက်ကို တခြားတစ်ယောက်က အလုံးစုံခံစားပေးနိုင်ဖို့ဆိုတာ မလွယ်ကူနိုင်သည့် ကိစ္စပါ။ ကျွန်တော့်မိတ်ဆွေများက သူ၏ မိသားစုအရေး၊ လူမှု ရေး၊ အချစ်ရေး စသဖြင့် သူတို့ဘဝနှင့်သက်ဆိုင်သည့် အကြောင်းကိစ္စများအား ကျွန်တော့်ကို ဖွင့်ဆိုဖူးကြ သည်။ ကျွန်တော်က နားထောင်သူဆိုတော့ သူတို့ပြော သမျှ ခေါင်းညိတ်ရုံ၊ ကူတွေးပေးရုံမျှသာ ရှိသည်။ သူတို့၏ ခံစားချက်ကို နှစ်သိမ့်ရုံသာရှိသည်။ သို့သော် ကျွန်တော် ကိုယ်တိုင်က သူတို့၏ ခံစားချက်ကို ခွဲယူ၍မရသဖြင့် ခံစားရသူကိုယ်တိုင်သာလျှင် မိမိကိုယ်ကိုယ် နှစ်သိမ့် တတ်ရန်လိုအပ်၏။ ဤကဲ့သို့ပင် ကျွန်တော့် မိသားစုရေး၊ လူမှုရေး၊ အချစ်ရေးဟူသမျှ သူငယ်ချင်းများထံ ဖွင့်ဟ ဖူးသည်။
သို့သော် သူတို့ကလည်း ကျွန်တော့်ခံစားချက် အပေါ် နှစ်သိမ့်ပေးနိုင်ရုံမျှသာ။ မိမိခံစားချက်၏ အနက်အဓိပ္ပာယ်ကို မိမိကိုယ်တိုင်သာ ထဲထဲဝင်ဝင် သိနိုင်သည်မဟုတ်လား။ မိမိ၏ စိတ်ခံစားမှု ဝေဒနာ ကို မိမိကိုယ်တိုင် ဖြေဆေးပေးနိုင်မှသာလျှင် သက်သာမည်ဖြစ်၏။ ထိုသို့ပင် အခြားလူတစ်ယောက် ၏ ဘဝ၊ အပြုအမူများကို လိုက်တုပ၍ ရှင်သန်ရန်ဆိုသည် မှာ မလွယ်ကူလှပေ။ အတုမြင် အတတ်သင်သည့် ဆိုစကား ရှိသော်လည်း ဘဝချင်းမတူလျှင် စရိုက်ချင်း မတူနိုင် ပေ၊ ခံစားချက်ချင်း မတူနိုင်ပေ၊ ကြုံတွေ့ရသည့် လောကဓံ ချင်း မတူနိုင်ပေ။ တစ်နေ့တာ ရှင်သန်ခွင့်ရခြင်းတူတာ တောင် ဝမ်းနည်းစွာဖြတ်သန်းရခြင်း၊ ပျော်ရွှင်စွာ ဖြတ် သန်းရခြင်းဟူ၍ ကွဲပြားခြားနားနေပေလိမ်မည်။
သေချာတာတစ်ခုကတော့ ကျွန်တော်တို့၏ တစ် နေ့တာ ဖြတ်သန်းခြင်းတွင် မတူညီသည့် ဘဝသင်္ကေတ တွေ ရှိကြသည်မဟုတ်လော။ ဘဝအလုံးစုံ၏ ခံစားချက် ကို နှစ်ဖက်အမြင်နှင့် တွေးကြည့်ရသော်လည်း မြင်ကွင်း တစ်ခု၏ နောက်ကွယ်၌ မမြင်ရသော နောက်ထပ်မြင် ကွင်းတွေ ရှိနေသည်ကိုတော့ သိထားရဦးမည်။ ဆိုလို သည်က လူတစ်ယောက်၏ စကားအပြောအဆို ကြည့်၍ ထိုသူပြောတာ မှန်သည်၊ မှားသည်ဟု တစ်ထစ်ချ ဆုံးဖြတ် ၍ မရခြင်းပင်ဖြစ်၏။ ထိုသူ၏ နောက်ကွယ်တွင် ဖြစ် ပျက်နေသော ဘဝဇာတ်ခုံ အဖုံဖုံကို ကျွန်တော်တို့ ကောင်းစွာ မြင်ရသည်မှ မဟုတ်ဘဲ ကွင်းပြင်ကျယ်ကြီး၏ အဆုံးမဲ့မြင် ကွင်းကို ငေးမောရင်း သက်ပြင်းတစ်ချက်ချမိ၏။ ကျွန်တော် တို့ ဘဝသည်လည်း ဘယ်အချိန်မှာ ပျောက်ဆုံးသွားမည် မသိ။ သံသရာဆိုသည့် မြင်ကွင်းသည် အဆုံးမဲ့လေ၏။ ထိုစဉ် အဆုံးမဲ့ကျယ်ဝန်းနေသော ကောင်းကင်ပေါ်၌ ငှက်တစ်အုပ် ပျံသန်းသွားသည်ကို ငေးမောကြည့်လိုက် သည်။ ငှက်တစ်အုပ်သည် တစ်ကောင်နှင့်တစ်ကောင် အနည်းငယ်ကွာသည်ဆိုရုံမျှသာရှိပြီး ရှေ့ဆုံးမှ ဦးဆောင် ပျံသန်းနေသည့်ငှက်တစ်ကောင်နှင့်အတူ ညီညာစွာ  ပျံသန်းသွားကြသည်။ လှပသည့် မြင်ကွင်းပင်။ အမြဲမြင် တွေ့ရသည်ဟု ဆိုသော်လည်း မရိုးနိုင်အောင်ပင် လှပ ၏။ လှသည်၊ မလှသည်က ကျွန်တော်တို့၏ အမြင်ခံစား ချက်ပေါ် မူတည်သည် မဟုတ်လား။ ထိုမြင်ကွင်းသည် ကျွန်တော့်အတွက် လှပနေသယောင်ရှိသော်ငြားလည်း ထိုငှက်များ၏ လေစုန်လေဆန် ပျံသန်းနေရသည့် ငှက် တို့သဘာဝ ခံစားမှုကိုတော့ ကောင်းစွာ မမြင်နိုင်ပေ။ ကျွန်တော်တို့ လူသားများသည်လည်း ငှက်တွေကဲ့သို့ လောကကြီးထဲ အစုန်အဆန် ခရီးဆက်နေကြရသည်။ ငှက်တွေက ပျံရင်း သေကြ၏။ လူတွေက ကြံရင်း သေကြ ၏တဲ့။ ဟုတ်သည်။ ကျွန်တော်တို့ဘဝသည် နေ့စဉ်စား ဝတ်နေရေးအတွက် ကြံဆတွေးတောရင်း ဘဝခရီးအဆုံး သတ်ချိန်ကို ခရီးဆက်နေကြရသည်။
ကွင်းပြင်ထဲမှတစ်ဆင့် ကားလမ်းမပေါ် မျက်လုံး အစုံကို ရွေ့လျားကြည့်လိုက်တော့ စက်ရုံအကြိုအပို့ ကားများကို တွေ့လိုက်ရသည်။ ညနေစောင်းပြီးမို့ အလုပ် သိမ်းချိန်ရောက်ခဲ့ပြီ။ စက်ရုံကားများ တစ်စီးပြီးတစ်စီး တွေ့လိုက်ရသည်။ အထည်ချုပ်စက်ရုံကားများဖြစ်သည်။ ကျွန်တော်တို့ရွာဘက်က မိန်းကလေးအများစုက တော့ အထည်ချုပ်စက်ရုံများတွင်သာ အလုပ်လုပ်ကြ သည်။ သူတို့ဘဝသည်လည်း သူတို့စားဝတ်နေရေး အတွက် ရုန်းကန်ပျံသန်းနေကြရသည် မဟုတ်လား။ သည်လိုညနေခင်းဆိုတာ စက်ရုံအလုပ်သမားများ သာမက အခြားသော လုပ်ငန်းခွင်က လုပ်သားများ၊ ဝန်ထမ်းများ၏ တစ်နေ့တာ တာဝန်ကို ထမ်းဆောင် ပြီးမြောက်ခဲ့သော ကာလအပိုင်းအခြားတစ်ခုပင်ဖြစ် လေ၏။ သို့အတွက် တစ်နေ့တာ ပင်ပန်းနွမ်းနယ်ခဲ့သမျှ ဖြေသိမ့်နားခိုရာ အချိန်လေးဆီသို့ရောက်လာခဲ့လေ ပြီ။ သည်လိုညနေခင်းသည် သူတို့တစ်တွေ စိတ်ထဲ ပျော်ရွှင်ခြင်းတွေ ရှိကောင်းရှိသလို အိမ်တွင်းရေး အခက်အခဲတွေကြား ညည်းညူသံများလည်း ရှိကောင်း ရှိနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ ဘဝဟူသည် အနိမ့် အမြင့်၊ အချိုးအကွေ့ မညီလေတော့ ရုန်းကန်ခြင်းဆို သည့်သဘောတရား၌ စိတ်ရောကိုယ်ပါ နစ်မြုပ်နေရ ဦးမည်။ ကျွန်တော်သည်လည်း လူသားတစ်ယောက်မို့ ဘဝအမောတွေ မလွတ်ကင်းနိုင်ပေ။ ကားလမ်းမပေါ် တွင် အလျှိုလျှို မောင်းနှင်နေကြသော အနှေးယာဉ်၊ အမြန်ယာဉ်တို့ အသံများကလည်း ညနေခင်း၏ တရား ၌ နွမ်းလျခြင်းနှင့်အတူ ဦးညွှတ်နေသယောင်။ ကွင်း ပြင်ကျယ်ကြီးတွင် ပေါက်နေသော မြက်ရိုင်းပင်များ၊ စပါးပင်များကို လေပြည်၊ လေညင်းတို့က ထိတွေ့နမ်းရှိုက် ကာ ကျီစယ်နေကြလေ၏။ 
ကျွန်တော်နှင့် ခပ်လှမ်းလှမ်းတွင် အဘွားအိုတစ် ယောက် ထိုင်နေသည်။ ထိုအဘွားကို ကျွန်တော် သိ သည်။ ထိုအဘွားအို၏နာမည်ကိုတော့ မသိ။ အဘွားအို နေထိုင်သည့်ရွာက သည်ကွင်းပြင်နှင့် သိပ်မဝေးပေ။ အဘွားအို၏ အသက်သည် ခုနစ်ဆယ်ကျော်ပြီ။ ခေါင်း တစ်ခုလုံး ဆံပင်ဖြူတွေ ဖွေးဖွေးလှုပ်နေ၏။ ယခင်က သည်ကွင်းပြင်ဘက် ကျွန်တော်လာတုန်းက ထိုအဘွား အိုနှင့် စကားလက်ဆုံကျဖူးသည်။ အဘွားအိုက သူ့ မိသားစုအကြောင်းကို ကျွန်တော့်အား ရင်ဖွင့်ဖူးသည်။ အဘွားအိုတွင် ခင်ပွန်းမရှိတော့သည်မှာ ဆယ်နှစ်ကျော် ပြီဟု သိရသည်။ သားတစ်ယောက်ရှိသည်ဟု ပြောဖူး သည်။ သူ့သားသည် အသက်လေးဆယ်ကျော်ပြီ။ အိမ်ထောင်ပျက်တစ်ဦးလည်း ဖြစ်၏။ သားသမီး မရှိ။ အရက်သောက်ပါများပြီး ဦးနှောက်ချို့ယွင်းသွားသည် ဟုလည်း သိရသလို သူတစ်ပါးပြုစား၍ စိတ်ဝေဒနာ ချို့ယွင်းနေကြောင်းလည်း ပြောပြသည်။ 
ယခုတော့ သားဖြစ်သူက အိမ်တွင် လူမမာတစ် ယောက်လို လဲလျောင်းနေပြီး အောက်ပိုင်းချည့်နေသည်။ သို့အတွက် သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် အဘွားအိုကသာ ရှာကြံနေရသည်ဖြစ်ကြောင်း သိရ သည်။ အဘွားအိုသည် သူ၏အသက်အရွယ် အိုမင်းနေ သော်လည်း ဝမ်းစာရေးအတွက် လမ်းဘေးတွင် ဘူးခွံ လိုက်ကောက်နေရသည်။ အဘွားအိုသည် သူ့တစ်ဝမ်း စာသာမက သားဖြစ်သူ၏ ဆေးဖိုး၊ စားဖိုးပါ ရုန်းကန် နေရသည်။ ယခင် စကားလက်ဆုံပြောမိချိန်က အဘွား အိုပြောသည့် စကားတစ်ခွန်းအား ကျွန်တော် အမှတ် ရမိသေးသည်။ 
]အဘွားကတော့လေ ခြေရောလက်ရော သန် နေသေးသရွေ့၊ ခိုးမစားဘူး၊ တောင်းမစားဘူး၊ အခုလို လမ်းဘေးမှာပဲ ဘူးခွံကောက်ရင်ကောက်မယ်၊ သူများ အိမ်မှာ အဝတ်လျှော်ချင် လျှော်မယ်၊ ခန္ဓာကိုယ် ဘုန်းဘုန်းမလဲသေးသရွေ့တော့ သမ္မာအာဇီဝကျကျပဲ လုပ်စားမယ်} 
အဘွားအိုပြောသည့်စကားက ကျွန်တော့်ရင်ထဲ စွဲထင်နေမိသည်။ အဘွားအိုသည် ဇရာက စကားပြော နေသော်လည်း စိတ်ဓာတ်နှင့် မေတ္တာတရားကတော့ နုပျိုလတ်ဆတ်နေဆဲ၊ ကြည်လင်တောက်ပနေဆဲပင်။ သို့ပေမဲ့ အဘွားအို၏ ဆည်းဆာခရီးလမ်းက မလှပပေ။ သည်အသက်၊ သည်အရွယ်အထိတိုင် လောကဓံ၏ ထိုးနှက်ချက်တွေကို ခါးစည်းခံနေရဆဲပဲ။ စုန်ရေသာ ရှိပြီး ဆန်ရေမရှိသည့် မြစ်တစ်စင်းကဲ့သို့ပင်။ အဘွား အို၏ဘဝကို တွေးဆကြည့်ရင်း ကျွန်တော့်စိတ်တွေ လေးလံ လာမိသည်။ ကျွန်တော်သည်လည်း တစ်နေ့ ထက်တစ်နေ့ ဆည်းဆာလမ်းခရီးဆီ ဖြတ်သန်းနေရသည် မဟုတ်လား။ ဤသည်မှာ လူသားတိုင်း၏ နိယာမသဘောပင်။            
ညနေခင်းသည် ညဝတ်ရုံကို ခြုံတော့မည်မို့ အိမ်ပြန်ရန် ဆိုင်ကယ်ကို စက်နှိုးလိုက်သည်။ သည်ကွင်း ပြင်ထဲ ကျွန်တော်ရောက်စက လူရှင်းသော်လည်း ယခုတော့ လူအနည်းငယ် ရောက်ရှိလာသည်ကို သတိပြုမိသည်။ တချို့က မိသားစုလိုက် လေညင်းခံ ရင်း လမ်းလျှောက်ထွက်လာခြင်း ဖြစ်သလို၊ တချို့ က ရည်းစားစုံတွဲတွေ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဂစ်တာ တစ်လက်နှင့် သီချင်းထိုင်ဆိုရန်လာကြသော လူငယ် တစ်ဖွဲ့ကိုလည်း တွေ့ရသည်။ သူတို့လည်း သည်ကွင်း ပြင်ကျယ်ကြီးထဲမှာ ဆည်းဆာ၏ အလှအပကို ခံစား ရန် ရောက်လာကြသူများသာ ဖြစ်ကြသည်။
အမှောင်ဘက်သန်းတော့မည်ဖြစ်၍ ဆည်း ဆာပန်းချီတစ်ချပ်သည် ပို၍ လှပလာ၏။ အဖြူရောင်၊ အညိုရောင်၊ အနီရောင်၊ ခရမ်းရောင် အစရှိသည့် တိမ် တိုက်များက ကောင်းကင်ပြာပြာအောက်တွင် အလှ သွေးဖြာ၍ ခစားနေကြသည်။ ဤသည်မှာ ညနေခင်း၏ ဆေးရောင်စုံပန်းချီတစ်ချပ် ဖြစ်၏။ အိမ်ပြန်ရန် စက်နှိုး ထားသော ဆိုင်ကယ်ကို လီဗာဖြည်းဖြည်းဆွဲရင်း မောင်း ထွက်လာလိုက်သည်။ ထို့နောက် အဘွားအိုထိုင်နေ သည့် ရှေ့နားက ဖြတ်သွားရသဖြင့် အဘွားအိုနှင့် အကြည့် ချင်းဆုံခိုက် ကျွန်တော် ပြုံးပြဦးညွှတ်လိုက်သည်။ အဘွား အိုကလည်း မျက်မှန်းတန်းမိပုံရ၏။ ဆေးလိပ်တိုကို ဖွာရှိုက်ရင်း ကျွန်တော့်ကို ပြန်ပြုံးပြသည်။ ကျွန်တော့် ရင်ထဲမှာတော့ အလုပ်သမားတွေ၏ အိမ်ပြန်ညနေ ခင်း၊ ကွင်းပြင်ထဲ လာရောက်အပန်းဖြေတတ်သည့် လူသူ အများ၏ ဘဝညနေခင်းပုံရိပ်တွေ တရေးရေး ထင်ဟပ် နေမိသည်။ ဒါသည် ကမ္ဘာမြေပေါ်က ဆည်းဆာရောင် သင်္ကေတများသာ ဖြစ်ပေလိမ့်မည်။ ကျွန်တော်သည်လည်း ဆည်းဆာရောင်အောက်မှာ ဘဝအမောတွေ နှင့် ဖြတ်သန်းနေရသည့် သင်္ကေတအမှတ်အသား တစ်ခုပင် ဖြစ်လေသည်။
ပြည့်စုံအောင်(မှော်ဘီ)

Source : The Voice