fbpx

အမျိုးသမီးလုပ်ငန်းရှင်များအတွက် အောင်မြင်မှုခရီးစဉ်မျှဝေခြင်း အွန်လိုင်းဆွေးနွေးပွဲပြုလုပ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၄
စိုက်ပျိုးစီးပွားကဏ္ဍတွင် ဆောင်ရွက်နေကြသည့် အမျိုးသမီးလုပ်ငန်းရှင်များအတွက် အောင်မြင်မှုခရီးစဉ် မျှဝေခြင်းခေါင်းစဉ်ဖြင့် အွန်လိုင်းဆွေးနွေးပွဲကို လာမည့်စက်တင်ဘာလ ၂၆ ရက်နေ့၊ မွန်းလွဲ ၂း၃၀ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။
မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ပါဝင်ပူးပေါင်းထားသည့် One to Watch အဖွဲ့၏ Women Entrepreneur Ignite ( WE Ignite) အမျိုးသမီးများဦးဆောင်သော စီးပွားရေးလုပ်ငန်းများပိုမိုအားကောင်းလာစေရန် အကူအညီပေး အထောက်အကူပြုမည့် အစီအစဉ်အရ ယင်းဆွေးနွေးပွဲကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် အောင်မြင်နေသည့် အမျိုးသမီးလုပ်ငန်းရှင်များက ၎င်းတို့၏ လက်ရှိစီးပွားရေးခရီးတစ်လျှောက် တိုးတက်အောင်မြင်မှုရရန် ကြိုးပမ်းခဲ့ပုံ၊ အခွင့်အလမ်းကောင်းများ ရှာဖွေချိတ်ဆက်ရယူခဲ့ပုံနှင့် အခက်အခဲ/စိန်ခေါ်မှုများ ရင်ဆိုင်ဖြတ်သန်းခဲ့ပုံများကို မျှဝေ ဆွေးနွေးကြမည်ဖြစ်ပြီး One to Watch အဖွဲ့ကလည်း ၎င်းတို့အကောင်အထည်ဖော်ဆောင်ရွက်နေသည့် Business Development for Investment Readiness Program အကြောင်း ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အရ စိုက်ပျိုးစီးပွားကဏ္ဍမှ စိတ်ပါဝင်စားသည့် အမျိုးသမီးလုပ်ငန်းရှင် ၁၀ ဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအသီးသီးတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို အကြံပေးပံ့ပိုးကူညီပေးမည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများနှင့်လည်း ချိတ်ဆက်ပေး၍ စီးပွားရေးပိုမိုအားကောင်းလာစေရန် ကူညီပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။
အစီအစဉ်တွင် ရွေးချယ်ပံ့ပိုးကူညီပေးမည့် စိုက်ပျိုးစီးပွားလုပ်ငန်းရှင် ၁၀ ဦးတွင် ရွေးချယ်ခံပါဝင်ဆောင်ရွက်လိုခြင်း နှင့် အွန်လိုင်းဆွေးနွေးပွဲတက်ရောက်လိုပါက ဒေါ်အေဒါ ဖုန်း+၉၅၉-၉၅၂၅-၄၀၆၆၈ နှင့် အီးမေးလ် [email protected] တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို USAID ၊ The VISA Foundation ၊ The Aspen Network of Development Entrepreneurs (ANDE) တို့၏ထောက်ပံ့မှုနှင့် BoP Innovation Center နှင့် အတူ One to Watch အဖွဲ့တို့က ဦးစီးဆောင်ရွက်နေခြင်းဖြစ်သည်။ 
S-07

Source : The Voice