fbpx

ကိုဗစ်ကာလနှင့် စဉ်းစားရမည့် ရခိုင့်အခြေခံလူတန်းစားများအကြောင်း

ကိုစောသည် ဆိုက်ကားကို အိမ်ရှေ့ခေါင်မိုးစွန်း အောက်သို့ သွင်းလိုက်ပြီးနောက် မြေပြင်ပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်မိသည်။ ထို့နောက် တပ်ဆင်ထားသော နှာခေါင်းစည်း (Mask) ကို ဆွဲ ဖြုတ်ကာ မျက်နှာမှ ချွေးများကို ပုဆိုးစဖြင့် သုတ်၏။ ထိုစဉ်မှာပင် နောက်နားဆီမှ “ဒီနေ့ ဆိုက်ကား နင်းကောင်းရဲ့လား” ဟု မေးလိုက်သော ဇနီးမယား၏ အသံကိုကြားရသည်။ ကိုစောတစ်ယောက် ဇနီးသည် ထံသို့ တစ်ချက်မျှငဲ့ကြည့်ရင်း သူ၏ အင်္ကျီအိတ်ကပ်ထဲ သို့ လက်နှိုက်၏။ ပြန်အထုတ်တွင် အပြင်ထွက်အလုပ် လုပ်ခွင့်ကတ်ပြား အနီရောင်ကလေးနှင့်အတူ ငွေ အြွေကစအချို့  သူ့လက်ထဲပါလာသည်။ ပါလာသမျှကို  ဇနီးသည်လက်ထဲသို့ လုံးထွေးထည့်ပေးခဲ့ရင်း ကိုစော  တစ်ယောက် အိမ်ပေါ်သို့ လေးတွဲစွာတက်လာခဲ့တော့ သည်။
အချိန်က ညဘက် ၈ နာရီခန့် ရှိခဲ့ပြီ။ မိုးရွာမနေ သော်လည်း တစ်ခါတစ်ရံတွင် လျှပ်စီးလက်ရောင်များ နှင့်အတူ ထစ်ချုန်းမိုးခြိမ်းသံများကို ကြားနေရသည်။ မိုးရနံ့ပါသောလေပြည်ကလေးကလည်း ခပ်သုတ်သုတ် ပင် သွေးနေ၏။ ကိုစောသည် အိမ်ရှေ့ဝရန်တာမှနေ၍  အပြင်ဘက်ဆီသို့ အဓိပ္ပာယ်မဲ့ ငေးကြည့်နေမိသည်။ အိမ်ရှေ့လမ်းမပေါ်တွင် နှာခေါင်းစည်း (Mask) များ တပ်ဆင်ကာ သွားလာနေကြသူအချို့ကို မြင်ရသည်။  လမ်းမပေါ်မှအကြည့်ခွာရင်း သူ၏ ဆိုက်ကားကလေး ဆီ အကြည့်ရောက်သည်။ ဆိုက်ကားလက်ကိုင်ပေါ် တွင် ချိတ်ဆွဲထားသော နှာခေါင်းစည်းလေးကို လေထဲ တွင်ယိမ်းနွဲ့ရင်း မြင်ရသည်။ နှာခေါင်းစည်းတွေကို မြင်ရတော့ ကိုစောရင်ထဲ နာကျင်မိသလို ခံစားရ၏။ ကိုဗစ်-၁၉ ဆိုသောကပ်ရောဂါကြီးသည် ဆိုက်ကား နင်းကာ ဖြေရှင်းနေရသော သူတို့မိသားစု၏ စားဝတ် နေရေးကို ဒုက္ခပေးလွန်းသည်ဟု သူက တွေးသည်။ ကိုဗစ်ရောဂါ ကပ်ဘေးကြီးသာ သည့်ထက်ပို၍ သက် ဆိုးရှည်နေဦးမည်ဆိုပါက ရှေ့ဆက်မည်သို့ရပ်တည်ရ မည်ကိုတွေးရင်း သက်ပြင်းရှည်တစ်ချက်ကိုသာ ချလိုက် မိလေတော့သည်။ 
(တစ်)
သည်ရက်ပိုင်းအတွင်းတွင် ရခိုင်ပြည်သူ အများစု ထံမှ ညည်းညူသံအချို့ကို ကြားလာရသည်။ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုးကြီး သက်ဆိုးရှည်နေခြင်းသည် ရခိုင် ပြည်နယ်တွင်းမှ လက်လုပ်လက်စား အခြေခံလူတန်း စားများကို အကျပ်အတည်း ဖြစ်ပေါ်လာနေစေသည်။ နေ့စဉ်စားဝတ်နေရေးအတွက် လမ်းပေါ်တွင် ရုန်းကန် နေကြရသော ပျံကျဈေးသည်များ၊ ဆိုက်ကားသမားများ၊ ကုန်ထမ်းသမားများ အစရှိသော အခြေခံလူတန်း စားများသည် ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းများ အဆင်မပြေသဖြင့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။ သည်ကြားထဲတွင် အချို့သော အခြေခံစား သောက်ကုန်များကလည်း ဈေးတက်လာခဲ့သဖြင့် ပြည်သူများ၏ ညည်းတွားသံမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်လောင်လာခဲ့ရသည်။ 
ကိုဗစ်ပထမလှိုင်းဖြစ်စဉ်ကိုပြန်ကြည့်မည် ဆိုပါက မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရောဂါကူးစက် ခံခဲ့ရသူတစ်ဦးတွေ့ရှိခဲ့ပြီးနောက် အခြေခံစားသောက် ကုန်များကို အလုအယက်ပြေးဝယ်ခြင်းများနှင့်ကြုံရပြီး ကုန်ဈေးနှုန်းများ ချက်ချင်းမြင့်တက်သွားသည်ကို  တွေ့ရှိရမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်မှ ထို အခြေအနေကို အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သည်။ ရခိုင် ပြည်နယ်သည် ကိုဗစ်ပထမလှိုင်းကို စိုးရိမ်မှုအချို့ ဖြင့် ဖြတ်ကျော်ခဲ့ရသော်လည်း အတော်ပင် အေးအေးသက်သာရှိသော အခြေအနေဟု ဆိုနိုင်သည်။ သို့သော် စစ်တွေမြို့မှ ကိုဗစ်ဒုတိယလှိုင်း စတင်ပြန့်ပွားလာ ချိန်တွင်မူ ရခိုင်ပြည်နယ်၏အခြေအနေမှာ ရုတ်ခြည်း ပြောင်းလဲသွားခဲ့သည်။ ရခိုင်ပြန်များ၊ ရခိုင်သို့ လာ ရောက်မည့်သူများ စသဖြင့် ကန့်သတ်ထိန်းချုပ်လာ ခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် ရခိုင်ပြည်နယ်သို့ လာရောက်မည့် ကုန်စည်ကားများကို ကန့်သတ်ထိန်း ချုပ်လိုက်သဖြင့် ပြည်နယ်ထဲတွင် ကုန်စည်စီးဆင်းမှု  ပြတ်လပ်တော့မည်လားဆိုသော စိုးရိမ်ပူပန်မှုအများ အပြားကို ကြားလာခဲ့ရသည်။ 
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်တွင်းမှ အခြေခံ လူတန်းစားများသည် တိုးမြှင့်လာသော စားသောက်  ကုန်များ၏ ဝန်ထုပ်ဝန်ပိုးကို မနိုင်ဝန်သကဲ့သို့ ထမ်း နေကြရသည်။ နိုင်ငံတော်မှ အခြေခံလူတန်းစားများ အတွက် ကိုဗစ်ကာလထောက်ပံ့ကြေးပေးသည်ဟု ဆိုသော်လည်း ထိုထောက်ပံ့ကြေးငွေများမှာ အမှန် တကယ်ရောက် ရရှိသင့်သူများလက်ထဲသို့ မရောက်ရှိ ဘဲ ရပ်ကွက်ရုံးနှင့် ပနံသင့်သူများလက်ထဲသို့သာ အများစုရောက်ရှိသွားကြောင်း အသံများကိုလည်း ကြားနေကြရသည်။ လတ်တလောတွင် အသက် ၂ နှစ် အောက်မိခင်များအတွက် ထောက်ပံ့ကြေးငွေ ကိုးသောင်းကျပ်တိတိ ထောက်ပံ့ပေးနေသည်ကို တွေ့ရသည်။ သို့သော် တောင်ကုတ်မြို့ပေါ်ရှိ ရပ်ကွက် တစ်ခုတွင် ထိုငွေကိုးသောင်းကျပ်ကို နှစ်ကြိမ်ခွဲကာ ထုတ်ပေးပြီး တစ်ကြိမ်ထုတ်လျှင် တစ်ထောင်ကျပ်စီ  ရပ်ကွက်ရုံးသို့ ပြန်လည်ပေးဆောင်ခဲ့ကြရကြောင်း  မိခင်များထံမှ ကြားနေကြရပြန်သည်။ ယခုကဲ့သို့ အခြေခံလူတန်းစားများ ဆင်းရဲဒုက္ခ ကြုံတွေ့နေကြရ ချိန်မျိုးတွင် ထောက်ပံ့ငွေကို ဖြတ်တောက်ခံရခြင်းမှာ အထက်မှ ညွှန်ကြားချက်ရှိနေ၍လားဆိုသော အသံစုံ ကိုလည်း ကြားနေရပြန်သည်။ လက်ရှိအချိန်တွင် တော့ ရခိုင်ပြည်နယ်မှ အခြေခံလူတန်းစားများသည် ကိုဗစ်ကာလ၏ စားဝတ်နေရေးလှိုင်းဒဏ်ကို လူးလှိမ့် ခံနေကြရလေသည်။ 
(နှစ်)
“ကျွန်တော်က ဆိုက်ကားနင်းလာတာ အတော်ပဲ ကြာနေပါပြီ။ ဆိုက်ကားနင်းပြီးတော့ပဲ ကျွန်တော့်မိသားစုကို လုပ်ကျွေးလာခဲ့တာပါ။ ဒါပေမဲ့ အခုလက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်နေတော့ လမ်းပေါ် ကို လူတွေ သိပ်မထွက်ကြတော့ဘူး။ ပုံမှန်အမြဲတမ်း ရှိနေတဲ့ ဈေးသည်အော်ဒါတွေလည်း သိပ်အလုပ် မဖြစ်တော့ဘူး။ ဒီလိုဆိုတော့ နင်းမကောင်းဘူးပေါ့။ စားဝတ်နေရေးကလည်း ကျပ်တည်းနေပြီ။ ကိုဗစ်-၁၉ ရောဂါကြီး မြန်မြန်ပျောက်ပါစေတော့လို့သာ ဆုတောင်းရပါတော့မယ်”
တောင်ကုတ်မြို့အတွင်းတွင် ဆိုက်ကားနင်း ရင်း ဝမ်းရေးအတွက် ရုန်းကန်နေရသူ ကိုစောမှ ပြော ပြသောစကားများပင် ဖြစ်သည်။ ကိုစောက သူသည် ကိုယ်ပိုင်ဆိုက်ကားလေးဖြင့် ဆိုက်ကားနင်းနေသူ ဖြစ်၍သာ တော်သေးသည်ဟု ဆိုနိုင်ကြောင်းနှင့် အချို့အငှားဆိုက်ကားသမားများတွင် အုံနာကြေးပင်  မကျေကြောင်း ဆိုသည်။ ကိုဗစ်-၁၉ ရောဂါမဖြစ်မီ ယခင်အချိန်များက သူ၏ တစ်နေ့တာ ဆိုက်ကားနင်း ၍ရသောငွေမှာ ၈၀ဝ၀ မှ ၁၀ဝ၀ဝ အထိရှိကြောင်း  ကိုစောက ဆိုသည်။ ကိုဗစ်-၁၉ ရောဂါပထမလှိုင်း စဖြစ်စဉ်က ဝင်ငွေနည်းသွားသော်လည်း ယခု လောက်အထိ မဆိုးခဲ့ကြောင်း သူက ပြောပြသည်။  လက်ရှိအချိန်တွင် သူ၏ ဆိုက်ကားနင်း၍ရသော ဝင်ငွေမှာ မိသားစုစားဝတ်နေရေးအတွက် ဖူလုံမှုမရှိ ကြောင်း ကိုစောက ပြောပြသည်။ 
(သုံး)
“အခု ကိုဗစ်-၁၉ ဒုတိယလှိုင်းက စစ်တွေမြို့ ကနေ စတင်ပျံ့နှံ့လာတာဆိုတော့ ကုန်စည်စီးဆင်းမှု ကတော့ ပြတ်လပ်သွားတာပေါ့၊ ဘာကြောင့်လဲဆို တော့ ရခိုင်ဘက်ကိုလာတဲ့ကားတွေ အကုန်လုံးကို ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တိုင်းဒေသကြီးတွေက  သူတို့အစီအစဉ်နဲ့သူတို့ စိစစ်မှုတွေ တင်းကျပ်ပိတ်ဆို့ လိုက်ကြတယ်။ ကျွန်တော်တို့ ရခိုင်ကို မကွေးဘက် ကလာတဲ့ ကားလမ်း၊ ပဲခူးကလာတဲ့ တောင်ကုတ် တောင်ကြားလမ်းနဲ့ ဧရာဝတီဘက်ကလာတဲ့ ဂွ-ငသိုင်း ချောင်းလမ်းတွေရှိတယ်။ ကုန်ခဲ့တဲ့လ ကိုဗစ်ရောဂါ စဖြစ်ကတည်းက အဲဒီလမ်းတွေကို ပိတ်လိုက်လို့ ကုန်စည်စီးဆင်းမှု ခက်ခဲသွားတာပါ”
ရခိုင်ပြည်နယ် ကုန်သည်/စက်မှုအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးတင်အောင်ဦး ပြောပြသော စကားများပင် ဖြစ်သည်။ ဦးတင်အောင်ဦးက ကိုဗစ်ပထမလှိုင်း ဖြစ်ပွားစဉ်နှင့် အချို့သော ရခိုင်ပြည်နယ်အတွင်းမှ တိုက်ပွဲများ ဖြစ်ပွားနေစဉ်တွင်လည်း ကားအသွားအလာ များပြတ်တောက်သွားပြီး ကုန်စည်စီးဆင်းမှု ရပ် တန့်သွားသည်များ ရှိခဲ့ဖူးကြောင်း ဆိုသည်။ သို့သော်  ထိုစဉ်အချိန်များက လက်ရှိအခြေအနေကဲ့သို့ မဆိုး ဝါးခဲ့ကြောင်း ဆိုသည်။ ရခိုင်ပြည်နယ် ကုန်သည်/ စက်မှုအသင်းသည် ကုန်းလမ်းပို့ဆောင်ရေးဝန်ကြီး ဌာနသို့ ယခုအခြေအနေမဖြစ်မီကတည်းက တင်ပြမှု ရှိခဲ့ကြောင်းဆိုသည်။ လက်ရှိအချိန်တွင် ပြည်ထောင်စုမှ ညွှန်ကြားစာထွက်လာခဲ့ပြီး ထိုစာအရ တိုင်းဒေသကြီး နှင့် ပြည်နယ်တို့၏ နယ်စပ်ဒေသနေရာများတွင် ဂိတ်များဖွင့်လှစ်ထားပြီး ကုန်ကားများလာပါကာ ကားဒရိုင်ဘာဖလှယ်ကာ ဆက်လက်သွားလာခွင့်ပြု မည်ဟု ပါရှိကြောင်း ဆိုသည်။ သို့သော် ထိုသို့ပြုလုပ်  ရာတွင် အခက်အခဲများရှိကြောင်း ဦးတင်အောင်ဦး  က ဆိုသည်။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ထဲ၌  လက်ကျန်ဆန်များနှင့် အခြေခံစားသောက်ကုန်များ လုံလောက်မှုရှိနေသေးကြောင်းနှင့် ဈေးမြင့်သွားခြင်း လည်း မရှိသေးကြောင်း သူကဆိုသည်။ သို့သော် ယခု အတိုင်းသာ ကုန်စည်စီးဆင်းမှုများ ဆက်လက်ပြတ် လပ်နေမည်ဆိုပါက ကြက်သွန်၊ ငရုတ်ကဲ့သို့သော စားသောက်ကုန်များ ပြတ်လပ်နိုင်ဖွယ်ရှိကြောင်းနှင့် ဈေးမြင့်လာဖွယ်ရှိကြောင်း ဦးတင်အောင်ဦးက ဆိုသည်။ 
(လေး) 
“အခု ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေးလုပ်ငန်း တွေက အခြေအနေမကောင်းဘူး။ မစိုက်ပျိုးကြရဘူး။ ရန်ကုန်ကပို့တဲ့ စားသောက်ကုန်တွေကိုပဲ အဓိက စား သုံးနေကြရတယ်။ ဒီလိုသာ ကုန်စည်စီးဆင်းမှုပြတ် တောက်နေမယ်ဆိုရင်တော့ ရှေ့ဆက် စားဝတ်နေရေး  ကျပ်တည်းလာနိုင်တယ်။ အခု ရခိုင်မှာ ကိုဗစ်-၁၉ ရောဂါဒဏ်ကို ခံနေကြရသလို တိုက်ပွဲဒဏ်တွေကို လည်း ပြည်သူတွေ ခံစားနေကြရတယ်။ ဒါကြောင့် ကုန်စည်စီးဆင်းမှုအတွက် ကားဆရာတွေကတောင်  စိတ်ပျက်နေတဲ့အခြေအနေ။ သွားလာဖို့ခက်ခဲတဲ့ အခြေအနေမျိုးကို အစိုးရအနေနဲ့ ထိန်းသိမ်းပြီးတော့  အဆင်ပြေအောင် လုပ်ပေးသင့်တယ်လို့ ဆရာမတို့ မြင်တယ်။ ဆရာမတို့အနေနဲ့ကတော့ ပြည်သူတင် မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်ဖြစ်တဲ့ အတွက် ပြည်သူ့အခက်အခဲကို တတ်နိုင်တဲ့ဘက်က ကူညီသွားမှာပါ။”
ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ချင့်ချိန်ထောက်ပြ သော စကားများပင်ဖြစ်သည်။ ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ်ထဲတွင် စားနပ်ရိက္ခာ ပြည့်စုံလုံလောက် စွာရှိနေသည်ဟု ပြည်နယ်အစိုးရက ပြောထားကြောင်း ဆိုသည်။ သို့သော် ရခိုင်ပြည်နယ်ထဲတွင် စပါးလုံးဝ မစိုက်ပျိုးနိုင်ခဲ့သော နေရာများရှိနေကြောင်း သူက  ဆိုသည်။ ထို့အပြင် ရိတ်သိမ်းပြီးစပါးများကို မီးရှို့ ဖျက်ဆီးခံရခြင်းများလည်း အများအပြားရှိခဲ့ကြောင်း ပြောပြသည်။ ယခုကဲ့သို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိနေချိန်မျိုးတွင် ကိုဗစ်ကြောင့်သော်လည်းကောင်း၊ ရခိုင်ပြည်နယ်တွင်းမှ တိုက်ပွဲများကြောင့် သော်လည်းကောင်း စားသောက်ကုန်များ အခက်အခဲရှိလာနိုင်ဖွယ်ရှိကြောင်း ဒေါ်ခင်စောဝေက ဆိုသည်။ သို့သော်လည်း အစိုးရနှင့်ပူးပေါင်းကာ ကြုံလာမည့်အခက်အခဲများကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း သူက ဆိုသည်။ 
(ငါး)
ကိုစောသည် သူ၏ ဆိုက်ကားကလေးကို မြို့ လယ်လမ်းမကြီးအတိုင်း ပုံမှန်အတိုင်းနင်းကာ လမ်းကြုံဧည့်သည်ရလိုရငြား ဘယ်ညာရှာကြည့်နေ သည်။ သင်္ဘောဆိပ်လမ်းမကြီးပေါ်တွင် လူအသွား အလာ အတော်ပင် ရှင်းနေသည်။ ဖြတ်သွားဖြတ်လာ  ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်အချို့မှလွဲလျှင် အတော်ပင် လူရှင်းလှ၏။ ခရီးသည်ရလိုရငြား လှည့် ပတ်မောင်းနေခဲ့သည်မှာ အတော်ပင်ကြာသွားခဲ့ပြီ ဖြစ်သဖြင့် ခြေသလုံးကြွက်သားများပင် နာလာသည်။  ကိုစောတစ်ယောက် သူထိုးနေကျဆိုက်ကားဂိတ်ဆီ သို့ ပြန်လည်နင်းလာရင်း ကုက္ကိုပင်ရိပ်တွင်ရပ်၏။ ဂိတ်ထဲတွင် ဆိုက်ကားများ တန်းစီနေသည်။ အားလုံး နီးပါးမှာ သည်နေ့အတွက် ရက်တွက်ကိုက်ပုံ မပေါ်ကြ သေးချေ။ သူတို့၏ မရွှင်လန်းသော မျက်နှာများကို ကြည့်ရင်း ကိုစောတစ်ယောက် သက်ပြင်းချ၏။ 
အချိန်က ညနေစောင်းခဲ့ပြီဖြစ်သည်။ မိုးနှောင်းရာသီ၏ မရွာတာကြာပြီဖြစ်သောမိုးက အနောက်တောင် မုတ်သုံလေဖြင့် ညှို့တက်လာသည်ကို တွေ့ရ သည်။ မိုးရိပ်ဆင်လာသဖြင့် မိတ်ဆွေဆိုက်ကား သမားအများစုက ဆိုက်ကားသိမ်းကာ အိမ်ပြန်ကြ လေပြီ။ ကိုစောတစ်ယောက် ဆိုက်ကားပေါ်ထိုင်နေ ရင်းမှ အင်္ကျီအိတ်ကပ်လေးထဲ လက်နှိုက်ကာ ငွေစ အချို့ကို ထုတ်ယူ၍ ရေတွက်ကြည့်သည်။ ကုန်ဈေးနှုန်း မြင့်မားနေသော သည်လိုအချိန်မျိုးတွင် သူ၏ လုပ် အားခမှာ မိသားစုထမင်းတစ်နပ်စာမျှကိုပင် မကာမိနိုင်တော့ချေ။ လက်ထဲမှ ငွေအြွေကစကလေးများကို ငေးကြည့်ရင်း ကိုစောတစ်ယောက် ကိုဗစ်-၁၉ ဆို သော ရောဂါဆိုးကြီးကို စိတ်ထဲမှ အကြိမ်ကြိမ် ကျိန်ဆဲနေမိ၏။ သို့သော် မည်သို့မျှ မတတ်နိုင်ပါချေ။ သည်နေ့ လည်း သည်မျှနှင့် အိမ်ပြန်ရုံမှလွဲ၍ သူဘာမှ မတတ် နိုင်ပါချေ။ သည်လိုကာလမျိုးတွင် စားဝတ်နေရေး အခက်အခဲများကို ရုန်းကန်နေကြရသော  သူ့လို အခြေခံ လူတန်းစားမည်မျှပင်ရှိနေမည်နည်းဟု သူက တွေး၏။ သည်လိုနေ့ရက်မျိုးများကိုလည်း မည်မျှကြာသည်အထိ ဖြတ်သန်းရဦးမည်နည်းဟု အတွေးနယ်ချဲ့ရင်း သက် ပြင်းတစ်ချက်က အလိုလို ကြွေကျလာလေတော့သည်။
ရက္ခ

Source : The Voice