fbpx

ယောကျာ်းမှာ ဆီး

မြန်မာနိုင်ငံမှာ ကျား/မခွဲခြားရေးမရှိဘူး ဆိုပေမယ့် ရှေးစကားပုံတွေထဲ မှာတော့ ခွဲခြားထားတာတွေ ရှိနေပါတယ်။ ဒါကလည်း နှိမ့်ချဆက်ဆံလိုရင်း မဟုတ်ဘဲ ဖြစ်တတ်တဲ့သဘာဝ မတူညီတာကို ခွဲပြထားတာပါ။ “ယောကျာ်း ဖောင်စီး၊ မိန်းမ မီးနေ”တို့၊ “ယောကျာ်းမှာ ဆီး၊ မိန်းမ မီး”တို့ ပေါ့ဗျာ။ အသက်အန္တရာယ်နဲ့ နီးကပ်စွန့်စားရတဲ့ အလုပ်မျိုးကို ယောကျာ်းတွေက သစ်ဖောင်၊ ဝါးဖောင် ချရတဲ့အလုပ်၊ အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင် သားဖွားရတဲ့အလုပ်လို့ ဥပမာပြပေးထားပါတယ်။ အဖြစ် အများဆုံး၊ ဒုက္ခအပေးဆုံး အနာရောဂါတွေမှာတော့ ယောကျာ်းတွေမှာ ဆီးရောဂါ၊ အမျိုးသမီးတွေမှာ မီးယပ် ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်လောက်အထိ များပြားခဲ့သလဲမေးရင် ဟာသအနေနဲ့ စကားပုံတစ်ရပ်တောင် ဖြစ်ထွန်းခဲ့ပါသေးတယ်။ “ကျားကျား မီးယပ်”ဆိုတဲ့ တထစ်ချသမား၊ ပုံသေသမားတွေရဲ့ လက်သုံးစကားပေါ့လေ။ 
ခန္ဓာဗေဒသဘောကို ပြောရမယ်ဆိုရင် ယောကျာ်းတွေရဲ့ လိင်တံမှာ ဆီးပြွန်နဲ့ သုက်ပြွို့ပန် အတူပေါင်း ပြီးမှ အပြင်ထွက်လာတာပါ။ ဆီးအိမ်ရဲ့ အထွက်နားမှာ ပရိုစတိတ်ဂလင်းဆိုတဲ့ ဆီးကျိတ်ရှိ ပါတယ်။ အဲဒီ ဆီးကျိတ်ထဲမှာ သုက်ပြွို့ပန်ဟာ ဆီးပြွန်ထဲကို လာပေါင်းပါတယ်။ အဲတော့ ဒီဆီးကျိတ် ကပဲ ရှန်တိန်လုပ်ပေးရတာပေါ့။ အမျိုးသားတွေရဲ့ ဆီးပြွန်ဟာ  ၇.၁- ၇.၉ လက်မအထိ ရှိနိုင်ပါတယ်။ ဆီးအိမ်ကနေစလိုက်တာ ကျင်ချောင်းထိပ်မှာ ပွင့်နေ တယ်ပေါ့။ အမျိုးသမီးတွေမှာတော့ ဆီးပြွန်က သက်သက်၊ မျိုးပွားလမ်းကြောင်းက သက်သက်ပါ။ အမျိုးသမီးတွေမှာ ၄ စင်တီမီတာပဲ ရှည်ပါတယ်။ ၁.၅၇လက်မပေါ့။ ဒီတော့ ခန္ဓာဗေဒအတိုင်း နှိုင်းယှဉ် ကြည့်မယ်ဆိုရင် အမျိုးသမီးတွေဟာ ဆီးလမ်းကြောင်း တိုတယ်၊ အဲတော့ ရောဂါပိုးဝင်ရောက်ဖို့ လွယ်ကူမယ်ပေါ့။ Ascending Infection  ဆိုတာ အောက်ကနေ အထက်ကိုတက်လာတဲ့ ရောဂါပိုးကူးစက်မှုပါပဲ။ မစင်၊ အညစ်အကြေးတွေ စွန့်ပစ်တဲ့နေရာနဲ့ နီးကပ် နေတာကိုး။ ဒါပေမဲ့ ဘယ်နှယ့်ကြောင့် ယောကျာ်းတွေ က ဆီးရောဂါ  လာဖြစ်ရသလဲပေါ့။
အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းတိုတယ် ဆိုပေမယ့် သဘာဝက အကာအကွယ်တွေ ပေးထား ပါတယ်။ ဒါကတော့ မ မျိုးပွားလမ်းကြောင်းမှာ အက်စစ်ဓာတ် ဖြစ်ပေါ်ထားခြင်းပဲ ဖြစ်ပါတယ်။ ကစော်ပေါက်ခြင်း၊ အချဉ်ပေါက်ခြင်းလို့ ပြောကြပါ တယ်။ အဲဒီတော့ ဝင်လာတဲ့ ပိုးကောင်၊ အကောင်မှန် သမျှဟာ အက်စစ်အကာအရံကို မထိုးဖောက်နိုင်တာ မျိုး ဖြစ်ပြီး ကျဆုံးကုန်ပါတယ်။ ဒါကြောင့် အမျိုးသား တွေရဲ့ သုက်ရည်ကို အယ်လ်ကာလီအစွမ်းပေးထား ရပြန်တယ်။ ဒါကြောင့် သုက်ပိုးတွေဟာ အက်စစ် ဓာတ်တွေကို ဓာတ်ပြယ်စေပြီး မမျိုးဥနဲ့ ပေါင်းဖက်နိုင် ပါတယ်။ ဒီလိုမျိုး ပြည့်စုံတဲ့ သဘာဝကြီးပေါ့လေ။ အမျိုးသမီးတွေမှာ သန့်ရှင်းလွန်းအားကြီးရင်တော့ အခုနပြောခဲ့တဲ့ အက်စစ်ဓာတ် (PH 3.8- 4.5) ဟာ ပျက်ပြယ်သွားပြီး ရောဂါပိုးတွေအလွယ်တကူ ဝင် ရောက်လာပါတယ်။ မိန်းမကိုယ်ထဲက အကျိုးပြု ဗက်တီးရီးယား (လက်တိုဘက်စလက်)က အက်စစ် ဖြစ်ပေါ်ဖို့ လက်တစ်အက်စစ်နဲ့ ဟိုက်ဒရိုဂျင်ပါ ရောက်ဆိုဒ်တွေကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ 
အမျိုးသားတွေမှာတော့ အဲသလို သဘာဝ အကာအကွယ် မရှိတဲ့အပြင် အသက်ကြီးလာတဲ့အခါ ကျားဟော်မုန်းတွေ လျော့နည်းလာပါတယ်။ အထွက် နည်းလာတာလည်း ရှိသလို ထွက်လာတဲ့ ဟော်မုန်း တွေက အစွမ်းနည်းလာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ အရင်က ထိန်းထား၊ နှိမ်ထားနိုင်တဲ့ အီစတိုဂျင် (မ ဟော်မုန်း)ဓာတ်တွေက များသလိုဖြစ်လာပါတယ်။ ယောကျာ်းပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဟော်မုန်းတွေက ကျားဟော်မုန်းရော၊ မဟော်မုန်းရော ထွက်ပါတယ်။ ကျားဟော်မုန်းများရင် ကျားဘာဝ၊ ကျားအသွင် အပြင်တွေ ရလာတာပေါ့။ ဒါပေမဲ့ မဟော်မုန်းကတော့ အနည်းငယ် ထွက်ပါတယ်။ အဲဒီထွက်တဲ့ အနည်းငယ် သော မဟော်မုန်းက ကျားဟော်မုန်းနည်းလာတဲ့အခါ များသယောင်ဖြစ်ပြီး အစွမ်းပြလာပါတယ်။ အဓိက ကတော့ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးလာ၊ ရောင်လာတာပါပဲ။ တခြားသော ထူးခြားချက်တွေလည်း ဖြစ်လာမှာပါ။ ဆီးကျိတ်ကြီးလာ၊ ရောင်လာတော့ ဆီး အောင့်တာ၊ ဆီးကျန်တာ၊ ဆီးမသွားနိုင်တာတွေ ဖြစ်လာပြီး ဆီးကိုင်လာတယ်ပေါ့။ ဒါကြောင့် “ယောကျာ်းမှာ ဆီး”လို့ ပြောကြတာပါ။
စကားပုံကို ရှင်းပြနေတာနဲ့ မနက်တစ်ပိုင်း ကုန်သွားပါတယ်။ တောင်းပန်ပါတယ်။  ဆီးရောဂါတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါလက္ခဏာတွေ၊ ခံစားရတတ်တဲ့ ဝေဒနာတွေကို တင်ပြချင်ပါတယ်။ 
(၁) ဆီးထဲ အသားဓာတ်များခြင်း- ပုံမှန်အား ဖြင့်တော့ ဆီးထဲပါဝင်တဲ့ အသားဓာတ် (ပရိုတိန်း)ဟာ တစ်နေ့ ၁၅၀ မီလီဂရမ်အောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဖျားနာနေတုန်း၊ ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီး အကြာကြီး မတ်တတ်ရပ်နေရရင် ဆီးထဲမှာ အသားဓာတ် များလာနိုင်ပါတယ်။ ဆီးထဲ အသားဓာတ်တွေများ နေတာဟာ ကျောက်ကပ်ထဲက ရေစစ်ကလေးတွေ၊ ဒါမှမဟုတ် ပြွန်ကလေးတွေမှာ ရောဂါရှိလို့ပါပဲ။ Nephrotic Syndrome (နာတာရှည်ကျောက်ကပ် ရောဂါတစ်မျိုး)မှာ ဒီလို ဆီးထဲ အသားဓာတ်များခြင်း (တစ်နေ့ ၃ ဂရမ်ထက်များခြင်း)၊ သွေးထဲ အသားဓာတ် လျော့နည်းခြင်း (တစ်လီတာမှာ ၃၀ဂရမ်အောက် လျော့နည်းခြင်း) ၊ ဖောရောင်ခြင်းတွေကို တွေ့နိုင်ပါတယ်။ ကျောက်ကပ်မှာ ရေစစ်တွေ၊ ပြွန်လေးတွေက မစစ် ထုတ်နိုင်တော့ အသားဓာတ်တွေဟာ ဆီးထဲပါကုန် တယ်၊ သွေးကြောထဲမှာ နည်းကုန်တာပေါ့။ ဒီတော့ သွေးကြော ထဲမှာ အရည်ဓာတ်ကို ထိန်းမထားနိုင်ဘဲ အပြင်ထွက် ကုန်တော့ ဖောတာ၊ ရောင်တာတွေ တွေ့ရပါတယ်။ 
(၂) ဆီးထဲ သွေးပါခြင်း- ဆီးလမ်းကြောင်း တစ်လျှောက်မှာ ဘယ်နေရာကပဲဖြစ်ဖြစ် သွေးထွက် လာနိုင်ပါတယ်။ ဒါမျိုးကို မျက်စိနဲ့ တပ်အပ် မြင်နိုင် သလို၊ မိုက်ခရိုစကုတ်နဲ့ ကြည့်မှ တွေ့နိုင်တာမျိုး၊ ဆီးထဲက ဟေမိုဂလိုဘင်ဓာတ်ကို ကြည့်ပြီး ပြောရတာ မျိုးလည်း ရှိပါတယ်။ Nephritis Syndrome  (ကျောက်ကပ်ရောင် ရောဂါမှာ ဆီးထဲသွေးပါခြင်း၊ ဆီးထဲ အသားဓာတ်များခြင်း ရှိနိုင်ပါတယ်။ သွေးတိုး ရောဂါ၊ အဆုတ်ထဲ ရေဝင် ခြင်း၊ အဆုတ်ဖုံးအမြှေးအတွင်း ရေဝင်ခြင်း၊ ဆီးနည်းခြင်း၊ သွေးရည်ကြည်အတွင်း ယူရီးယားနဲ့ ခရီယာတနင်းဓာတ်များခြင်းတို့နဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။ ဆီးထဲ သွေးပါတယ်၊ ဆီးလည်း နည်းတယ် ဆိုတာမျိုးပေါ့။ 
ဆီးထဲသွေးပါခြင်းမှာ အဖြစ်အများဆုံးကတော့ ဘာဂါရောဂါ (Berger’s Disease) ပဲ ဖြစ်ပါတယ်။ ဆီးထဲသွေးပါခြင်း ပြန် ပြန်ဖြစ်တာက ၅၀ ရာခိုင်နှုန်း၊ လက္ခဏာမပြတာက ၄၀ ရာခိုင်နှုန်းနဲ့ လတ်တလော ကျောက်ကပ်ရောင်ခြင်းက ၁၀ ရာခိုင်နှုန်း ရှိနိုင်ပါ တယ်။ လူငယ်အမျိုးသားတစ်ယောက်က ရောဂါပိုးဝင်ပြီး (ဥပမာ –  လည်ပင်းနာတယ်ပေါ့) နောက်မှာ ဆီးထဲ သွေးပါလာပါတယ်။ ဒါပေမဲ့ သူ့ဘာသာ ပြန်ပျောက်သွားနိုင်ပါတယ်။ ကျောက်ကပ်နဲ့ ပတ်သက် တဲ့နောက်ဆက်တွဲတွေ အတွေ့ရနည်းပါတယ်။ လေ့လာ ချက်တွေအရ အသည်းရောင် အသားဝါ(ဘီ) ရောဂါပိုး ကူးစက်ခံရရင် ကျောက်ကပ်ရောင်တာမျိုး၊ ဒါမှမဟုတ် ခုခံအားစနစ်ကို ရှုပ်ထွေးစေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျောက်ကပ်ရောင်လာလို့ အသားစနမူနာ ယူကြည့်လိုက်တဲ့အခါ ခုခံအားဓာတ်ကို တွေ့ရှိရပါတယ်။ IgA နဲ့ C3 ပေါ့။ ရောဂါပိုးဝင်ပြီးနောက်ပိုင်းမှ ခုခံအားစနစ် ကစဥ့်ကလျား ဖြစ်ပြီး ကျောက်ကပ်ကို ဝင်တိုက်တာနဲ့ ကျောက်ကပ်ရောင်ခြင်းဖြစ်လာတယ်လို့ ပြောလို့ ရပါတယ်။
(၃) ဆီးနည်းခြင်း- တစ်နေ့ကုန် စွန့်သမျှ ဆီး တွေကို စုဆောင်းကြည့်တဲ့အခါ တစ်လီတာ ရေသန့်ဘူးနဲ့ တစ်ဝက်တောင်မရတာကို ဆီးနည်းခြင်းလို့ ခေါ်ပါ တယ်။ ၄၀ဝ မီလီလီတာအောက်နည်းတယ်ပေါ့။ ဒါက ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်စွမ်း လျော့ကျသွားလို့ ဖြစ်ပါ တယ်။ ကျောက်ကပ်အတွင်းသားရောဂါ၊ ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်းတွေမှာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ပူပြင်းတဲ့ရာသီဥတု၊ ရေနဲ့ အရည်ဓာတ်အသောက် နည်းတဲ့ သူတွေမှာ ဆိုရင်လည်း ဆီးနည်းနိုင်ပါတယ်။
(၄) ဆီးများခြင်း- နေ့တိုင်းပေါက်နေကျ ပမာဏထက် ပိုစွန့်ရတာကို ဆီးများခြင်းလို့ ခေါ်ပါတယ်။ ရေနဲ့ အရည်ဓာတ် အသောက်များရင်တော့ ဆီးပိုပေါက်ရမှာပါပဲ။ ရောဂါကြောင့်လည်း ဖြစ်တတ် လေတော့ ဆီးချိုသွေးချိုရောဂါ၊ ဆီးချိုရေငတ်ရောဂါ၊ ကျောက်ကပ်အလယ် အတွင်းပိုင်း (Medulla) မှာ ရောဂါဖြစ်ခြင်း၊ နှလုံးခုန်မမှန်တဲ့ရောဂါတစ်မျိုးမှာ ဆီးများခြင်းလက္ခဏာ ရှိနိုင်ပါတယ်။ ကျောက်ကပ် အတွင်းပိုင်း (Medulla) ဆိုတာ ကျောက်ကပ်ရဲ့ အလုပ်လုပ်တဲ့အပိုင်း (Nephron) လေးတွေ ပါဝင်ပြီး သွေးထဲက မကောင်းတဲ့ ရေ၊ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေ ကို ဖယ်ထုတ်ပေးပါတယ်။ သွေးထဲက ရေဓာတ်နဲ့ ဆားဓာတ် ကို ထိန်းညှိပေးတဲ့နေရာလည်း ဖြစ်ပါတယ်။ 
(၅) ခါးနာခြင်း- ခါးလို့ဆိုပေမယ့် အောက်ဆုံး နံရိုးနဲ့ တင်ပါးဆုံရိုး ကြား၊ ကျောရိုးရဲ့ အပြင်ဘက်ပိုင်း ကျောကုန်းနာတာကို ပြောချင်တာပါ။ လူနာတွေက ခါးနာတယ်၊ ဗိုက်နဲ့ ကျော ညှပ်ပြီး နာတယ်လို့ ပြောပြ တတ်ပါတယ်။ စူးရှရှနာကျင်တာမျိုး မဟုတ်ဘဲ အေးတေးတေး အောင့်တောင့်တောင့် နာနေတာမျိုး ပေါ့။ တချို့ကတော့ ခါးကြောတင်းတာလောက်ပဲ ဖြစ်ကြ ပါတယ်။ ဒါမျိုးက ဆီးလမ်းကြောင်း ပိတ်ခြင်း၊ ရုတ်တရက် ကျောက်ကပ်ပြည်ဝင်ရောင်ရမ်းခြင်း၊ ရုတ်တရက် ကျောက်ကပ်ရောင်ရမ်းခြင်း၊ ကျောက်ကပ်တွင်း အရည်အိတ်တည်ခြင်း၊ ကျောက်ကပ်သွေး မလုံလောက်၍ ပျက်စီးခြင်းတို့မှာ တွေ့ရပါတယ်။ ကျောက်ကပ် ဆီးပြွန်ပိတ်လို့ နာတဲ့အနာကတော့ အတော်လေး ပြင်းထန်ပါတယ်။ မျက်နှာ ရောင်အမ်းနေပြီး လူမမာရုပ် ပေါက်နေပါတယ်။ ဖျားတာ၊ အန်တာအပြင် ခါးနေရာက နာကျင်ခြင်းဟာ ဝမ်းဗိုက်၊ ပေါင်ခြံတစ်ဝိုက်နဲ့ ပေါင်တံ တစ်လျှောက်ထိ ပြန့်သွားနိုင်ပါတယ်။ ဒါမျိုးက ကျောက်ပိတ်လို့၊ သွေးခဲပိတ်လို့၊ ကလာပ်ဆဲလ် တစ်ရှူး အသေတွေ ပိတ်လို့ ဖြစ်ရတာပါ။ 
(၆) ဆီးသွားချိန် နာခြင်း- မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်းဆိုတာတွေဟာ ဆီးအိမ် ရောင်ရမ်းခြင်းရောဂါမှာ တွေ့ရတတ်ပါတယ်။ ရောင်ရမ်းတယ်လို့ ဆိုလိုက်တာဟာ အဲဒီနေရာမှာ နီလာ၊ ရဲလာ၊ ရောင်ကိုင်းလာတာပါ။ များသောအားဖြင့် တော့ ဆီးလမ်းကြောင်းပိုးဝင်ပြီး ဆီးအိမ်ပါ ရောင် လာရတာပါ။ ဗက်တီးရီးယားတွေက ဆီးလမ်းကြောင်း ကနေတစ်ဆင့် ဆီးအိမ်ထဲ ဝင်ရောက်ပွားများလာပါ တယ်။ အဖြစ်များတဲ့ ရောဂါပိုးကတော့ “အီးကိုလိုင်” ဆိုတဲ့ ဗက်တီးရီးယားပိုးပဲ ဖြစ်ပါတယ်။ အမျိုးသမီးတွေ မှာလည်း လိင်ဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲအဖြစ် ဆီးအိမ်ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်နိုင်ပါတယ်။
(၇) ရုတ်တရက် ကျောက်ကပ် အလုပ်မလုပ် နိုင်ခြင်း- ကျောက်ကပ်က သူ့ရဲ့ လုပ်ငန်းတွေကို နာရီပိုင်း၊ သို့မဟုတ် ရက်ပိုင်းလောက် ကောင်းကောင်းမထမ်းဆောင်နိုင်တာကိုခေါ်တာပါ။ ဘာကိုကြည့်ပြီး ပြော တာလဲဆိုရင် သွေးတွင်း ဆီးဓာတ်နဲ့ ခရီယာတနင်း ဓာတ် မြင့်တက်လာတာကို ကြည့်ပြီး ပြောနိုင်ပါတယ်။ သွေးတွင်းယူရီးယား (ဆီးဓာတ်) က ၅၀ မီလီမိုး/ လီတာ အထက်ဆိုရင် ပုံမှန်ထက်မြင့်တယ်ပေါ့။ ခရီယာ တနင်းဓာတ် ကတော့ အမျိုးသားတွေမှာ ဝ.၉- ၁.၃  ဒက်ဆီလီတာနဲ့ အမျိုးသမီးတွေမှာ ဝ.၆- ၁.၁  ဒက်ဆီလီ တာ ရှိပါတယ်။ တကယ်လို့ အမျိုးသားတွေမှာ ၁.၄ ထက်မြင့်နေတယ်၊ အမျိုးသမီးတွေမှာ ၁.၂ ထက် မြင့် နေတယ်ဆိုရင် ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ရေ ဓာတ်ခန်း ခြောက်ခြင်း၊ သွေးပမာဏ လျော့ကျခြင်း၊ အသားငါး ပရိုတိန်းတွေ အများအပြား စားမိခြင်းနဲ့ တချို့သော ဆေးဝါးတွေကြောင့် ခရီယာတနင်းဓာတ် ယာယီမြင့်တက်လာနိုင်ပါတယ်။ 
ယူရီးယားလို့ခေါ်တဲ့ ကာဘမိုက်တွေကတော့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေရဲ့ ဇီဝကမ္မဖြစ်စဉ်မှာ အရေးပါပါတယ်။ နို့တိုက်သတ္တဝါတွေရဲ့ ဆီးထဲက နိုက်ထရိုဂျင်ပါဝင်တဲ့ ပစ္စည်းတွေပေါ့။ သွေးတွင်း ယူရီယားနိုက်ထရိုဂျင် (BUN=  Blood Urea Nitrogen) ပမာဏ စစ်ဆေးခြင်းဟာ ကျောက်ကပ်နဲ့အသည်းတွေကို ထောက်လှမ်းတာပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေအတွက် အသည်းထဲမှာ အသားဓာတ် ပရိုတိန်းကို ဖြိုခွဲပေးတဲ့အခါ နိုက်ထရိုဂျင်ပါတဲ့ အမိုးနီးယားထွက်လာပါတယ်။ အဲဒီက နိုက်ထရိုဂျင် ဟာ ကာဗွန်၊ ဟိုက်ဒရိုဂျင်၊ အောက်ဆီဂျင်စတဲ့ အခြားသောဒြပ်စင်တွေနဲ့ ပေါင်းစပ်ပြီး ဓာတုစွန့်ပစ်ပစ္စည်း အဖြစ် ယူရီးယား ဖြစ်လာပါတယ်။ ယူရီးယားတွေဟာ အသည်းကနေ ကျောက်ကပ်ဆီ သွေးထဲကနေတစ်ဆင့် ရောက်သွားပါတယ်။ ကျောက်ကပ်ကနေ အဲဒီယူရီးယားနဲ့ စွန့်ပစ်ပစ္စည်းတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးပါတယ်။ 
(၈) နာတာရှည် ကျောက်ကပ်အလုပ်မလုပ် နိုင်ခြင်း- ပြန်မကောင်းနိုင်တဲ့ ခိုင်မြဲစွာအကြာကြီး ကျောက်ကပ်အလုပ် မလုပ်နိုင်တာကို ခေါ်တာပါ။ သူ့ကို ကျောက်ကပ်ရဲ့ စစ်ထုတ်နိုင်စွမ်းနှုန်း (Glomerular fitration rate= GFR) ပေါ်မူတည်ပြီး အဆင့် ၄ ဆင့် သတ်မှတ်နိုင်ပါတယ်။ တစ်မိနစ်မှာ  ၃၀- ၅၀ မီလီလီတာ စစ်ထုတ်နိုင်ရင် အပျော့စား၊ အနိမ့်စား အဆင့်၊ ၁၀- ၂၉ ဆိုရင် အသင့်အတင့်ပြင်းထန်၊ ၁၀ အောက် ဆိုရင် ပြင်းထန်၊ ၅ အောက်ဆိုရင်တော့ နောက်ဆုံးအဆင့်ကျောက်ကပ်ပျက်စီးခြင်းပါပဲ။ နာတာရှည် ကျောက်ကပ်အလုပ်မလုပ်နိုင်တဲ့ရောဂါမှာ တွေ့ရတဲ့ လက္ခဏာနဲ့ ခံစားရတဲ့ဝေဒနာနဲ့ ထပ်တူကျချင်မှ ကျမှာ ပါ။ သက်သာတယ် မသက်သာဘူးဆိုတာ အသက် အရွယ်နဲ့လည်း သက်ဆိုင်သလို တခြားသောရောဂါတွေ ရှိ၊ မရှိနဲ့လည်း သက်ဆိုင်ပါတယ်။ နောက်ဆုံး အဆင့်မှာတော့ ကျောက်ကပ်အစားထိုး ကုသခြင်းမရှိရင် သေဆုံးဖို့ပါပဲ။ အင်္ဂလန်နိုင်ငံမှာတော့ သွေးတွင်း ခရီယာတနင်းဓာတ်က ဆီးချို ရောဂါသည်မှာ ၁၅၀ မိုက်ခရိုမိုး/လီတာ အထက်ရှိနေရင်၊ နှလုံးရောဂါ သည်မှာ ၂၀ဝ အထက်ရှိနေရင် ဆီးနဲ့ ကျောက်ကပ် အထူးကုဆီ ညွှန်းပို့တော့တာပါပဲ။ 
(၉) ငုပ်လျှိုးနေခြင်း- ပြင်းထန်တဲ့ ကျောက်ကပ် ရောဂါဟာ ဘာလက္ခဏာမှမပြဘဲ ငုပ်နေ၊ မြုံနေတတ်ပါတယ်။ ဒါကြောင့် ခွဲစိတ်ကုသမှုတွေ မလုပ်ခင်၊ တစ်ခုခု မလုပ်ခင်မှာ ဆီးတွေ သွေးတွေ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။ ဆီးထဲ အသားဓာတ်အနည်းငယ် ပါနေတာဟာ ပြင်းထန်တဲ့ကျောက်ကပ်ရောဂါနဲ့ နှလုံး သွေးကြောရောဂါရဲ့ ခြေရာဖြစ်နိုင်ပါတယ်။ လေ့လာမှု တစ်ခုအရ ဆီးချိုအမျိုးအစား ၂လူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ အဲဒီလိုမျိုး ဆီးထဲ အသားဓာတ်နည်းနည်းပါတာလေးတွေ့ ပြီး နောက်ပိုင်း ၅ နှစ်အတွင်း သေဆုံးကြရပါတယ်။ 
“ယောကျာ်းမှာ ဆီး”ဆိုပေမယ့် “ကျား၊ မ”မရွေး ဖြစ်နိုင်တဲ့ရောဂါတွေပဲဆိုတော့ တန်းတူညီမျှ သတိထားရမယ့် အချက်အလက်တွေပဲ ဖြစ်ပါတယ်။
ဇော်သစ်ကြည်

Source : The Voice