fbpx

သမိန်ထောက ရာပြည့်စာဆို

“သမိန်ထော” ဟု ဆိုလိုက်လျှင် စာရေးသူအတွက် နားကြား မစိမ်းသော၊ အမြင်မစိမ်းသော၊ အတွေ့အထိ မစိမ်းသော ကျေးရွာတစ်ရွာဖြစ်သည်။ ထိုရွာလေးမှာ ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ပိုင်ကျေးရွာတစ်ရွာဖြစ်သည်။ ထိုရွာလေး ထံသို့ သုံးကြိမ်ထက်မနည်း ရောက်ခဲ့ဖူးသည်။ အလည်အပတ်အဖြစ် သွားရောက်ခဲ့သော်လည်း အမှတ်ရစရာများနှင့် လွမ်းမောစရာများ ပြည့်နှက်၍ နေလေသည်။ ရွာလေးဟုဆိုသော်လည်း ဖျာပုံမြို့နှင့် သိပ်မဝေးလှပါ။ မော်တော်ဆိုင်ကယ်နှင့်သွားလျှင် ၂၅ မိနစ်လောက်သာကြာသည်။ လမ်းပန်းဆက်သွယ်ရေးဖြောင့်ဖြူးသလို လူနေမှုပုံစံလည်း တိုးတက်သော နေချင်စဖွယ် ရွာလေးတစ်ရွာဖြစ်သည်။ စာရေးသူ၏ အသိမိတ်ဆွေ တစ်ဦးဖြစ်သော သမိန်ထောကျေးရွာ ဇာတိသူက ဖိတ်ခေါ်သောကြောင့် ရောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ သမိန်ထောရွာသည် စာရေးသူနှင့် သိပ်ရင်းနှီးသော ကျေးရွာတစ်ရွာဖြစ်လေသည်။
စာရေးသူ၏ဇာတိမှာ ကျိုက်လတ်မြို့ ဖြစ်သည်။ ကျိုက်လတ်မြို့နှင့် ဖျာပုံမြို့သည် တစ်ဆက်တည်း တည်ရှိသည့် ညီအစ်ကိုမြို့တော်ဟုဆိုနိုင် သည်။ ကျိုက်လတ်မြို့နှင့် ဖျာပုံမြို့သည် ၁၀ မိုင်သာဝေးသည်။ ထို့ကြောင့်လည်း ဖျာပုံမြို့နယ်ပိုင် ကျေးရွာဖြစ်သော သမိန်ထောရွာသို့ ခရီးမဝေး အချိန်ပေးပြီး ရောက်ဖြစ်ခဲ့သည်။ စာရေးသူတွင် အကျင့်တစ်ခုရှိသည်။မည်သည့်ခရီးကိုသွားသွား မိမိသွားရမည့်ဒေသနှင့်သက်ဆိုင်သော အချက်လက်များ၊ သမိုင်းများ၊ ထိုဒေသရှိ အထင်ကရပုဂ္ဂိုလ်များ၏အကြောင်းများကို ကြိုတင်ရှာဖွေလေ့လာလေ့ရှိသည်။ ထိုသို့လေ့လာထားသည့် အတွက် ထိုဒေသသို့ရောက်လျှင် ဒေသခံများနှင့်စကားပြောရအဆင်ပြေ သလို သိချင်သည့်အကြောင်းအရာများကိုလည်း မေးမြန်းရယူနိုင်သည် ဟုယူဆသောကြောင့်ဖြစ်သည်။
သမိန်ထောရွာသို့ အလည်သွားခဲ့သည့်အခါကလည်း ထိုရွာ၏သမိုင်းကြောင်းများ၊ ထိုရွာရှိ အထင်ကရပုဂ္ဂိုလ်များအကြောင်းကို အဦးဆုံး လေ့လာဖြစ်သည်။ သမိန်ထောရွာသည် သမိုင်းကြောင်းအတည်အတံ့နှင့် ဂုဏ်ယူဖွယ်တည်ရှိသော ရွာတစ်ရွာဖြစ်ကြောင်းသိခဲ့ရသည်။ ထိုသမိုင်း ကြောင်းအပြင် သမိန်ထောရွာ၏ဂုဏ်ကို မှတ်ကျောက်တင်ခဲ့သည့် စာဆို ကြီးတစ်ဦးလည်းရှိခဲ့သည်။ ထိုစာဆိုကြီးမှာ နိုင်ငံကျော်စာရေးဆရာကြီး ဆရာတိုက်စိုးဖြစ်သည်။ မြန်မာစာပေအတွက် အဖိုးမဖြတ်နိုင်သောစာပေ လုပ်သားကောင်းကြီးတစ်ဦးလည်းဖြစ်သည်။ ယခုလာမည့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၀ ရက်နေ့သည် ဆရာကြီး၏ ရာပြည့်အထိမ်းအမှတ်ဖြစ် သည်။ သို့ဖြစ်၍လည်း ဆရာကြီး၏ဇာတိမြေဖြစ်သော သမိန်ထောရွာကို ရောက်ဖူးသည့် အမှတ်တရနှင့် ဆရာကြီး၏စာပေဂုဏ်ကျေးဇူးများ  ကိုဖော်ထုတ်ကာ မှတ်တမ်းတင်လိုစိတ်ဖြစ်ပေါ်မိသည်။
ယခုချိန်တွင် ဆရာကြီးမှာ သက်ရှိထင်ရှားမရှိသော်လည်း ဆရာ ကြီး၏မြန်မာစာအပေါ် တာဝန်ကျေပွန်မှုများကြောင့် ရာပြည့်သည်အထိ အမေ့နိုင် အမှတ်ရနေခြင်းဟုဆိုနိုင်သည်။ ဆရာကြီးကို မမြင်ဖူး အတွေ့ဖူး သော်လည်း ဆရာကြီး၏စာပေများနှင့်အတူ ပေါင်းဖက်ကာ ရင်းနှီးခဲ့ရ သည်။ ဆရာကြီး၏စာပေများကို ဖတ်ရှုရင်း အသိအမြင်များ၊ ရသခံစားမှု များ၊ ဘဝအသိများ၊ အတွေးအခေါ်များ ရှင်သန်ခဲ့ရသည်။ ဆရာကြီး  တိုက်စိုးကို အထက်တန်းကျောင်းသားဘဝကစ၍ ရင်းနှီးခဲ့ရသည်။ ဆရာ ကြီး၏ ရသစာတမ်းတစ်ပုဒ်ဖြစ်သော “နေဝင်မြင်သည် ဝရွှေပြည်”ကို သင် ကြား ဖတ်ရှုလေ့လာခွင့်ရခဲ့သောကြောင့် ဖြစ်သည်။ ထိုရသစာတမ်းက တစ်ဆင့် ဆရာကြီး၏ ဘဝပုံရိပ်အချို့နှင့် ဆရာ၏စာပေဂုဏ်ကို ထိတွေ့ သိမြင်ခဲ့ရသည်။
ထိုရသစာတမ်းတွင် ဆရာတိုက်စိုးက အင်းဝမြို့ဟောင်းနှင့် ဆက်စပ် ၍ သူ၏အတွေ့အကြုံနှင့် အတွေးအမြင်တို့ကို ရသမြောက်အောင် ရေးဖွဲ့ ပြထားသည်။ ထိုရသစာတမ်းကိုကြည့်ခြင်းဖြင့် ယဉ်ကျေးမှုအမွေအနှစ် အပေါ် မြတ်နိုးတန်ဖိုးထားသော ဆရာကြီး၏စိတ်ဓာတ်ကိုတွေ့ရသည်။ အင်းဝမြို့ဟောင်းကို ရောက်ရှိသွားသောဆရာကြီးသည် တစ်ချိန်တစ်ခါ ကထည်ဝါခဲ့သော အင်းဝနန်းတော်၏ ပုံရိပ်များကို မြင်ယောင်တမ်းတမိပုံ များကို ရေးသားထားသည်။ စာရေးသူအနေနှင့်လည်း ဆရာကြီး၏ဇာတိ မြေ သမိန်ထောရွာကိုရောက်သွားသည့်အခါ ဆရာကြီး၏ ငယ်ဘဝလှုပ် ရှားမှု ပုံရိပ်လေးများကို မှန်းဆရင်း မြင်ယောင်မိသည်။ ဆရာကြီးလည်း  အင်းဝမြို့ဟောင်းကိုရောက်၍ အတိတ်ခေတ်က အင်းဝမြို့ကို တမ်းတမိ သလို စာရေးသူလည်း ဆရာကြီး၏ ဇာတိမြေကိုရောက်ချိန်၌ ဆရာကြီး၏ငယ်အရိပ် ငယ်အတိတ်ကို မှန်းဆတမ်းတမိသည်။
ဆရာကြီး၏ စာပေလက်ရာနှင့် ဒုတိယအကြိမ်အဖြစ် တက္ကသိုလ် ပထမနှစ်တွင် ဆုံတွေ့ရလေသည်။ ထိုစာပေလက်ရာမှာ “လမ်းဖောက် ခြင်း” ဟူသော ဆရာကြီး၏ ရသစာတမ်းတစ်ပုဒ်ဖြစ်ပါသည်။ ထိုရသစာ တမ်းတွင် ဆရာကြီးက လမ်းဟောင်းများပြင်ဆင်ခြင်း၊ လမ်းသစ်များ ဖောက်လုပ်ခြင်း၊ တံတားများတည်ဆောက်ခြင်း စသောသတင်းများ ဖတ်မိသည်။ ထိုသတင်းများဖတ်မိခြင်းက အစပြု၍ အတွေးအမျှင်တန်း ကာ ရေးဖွဲ့ခဲ့သည်။ လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်းသည် လူမှုဆက်ဆံရေး ကိုထိခိုက်နိုင်ကြောင်း တွေးတောပြသည်။ ထို့နောက် လမ်းသစ်များ ဖောက်လုပ်ခြင်းဖြင့် ခရီးတွင်ကာ မတူညီဒေသများ၊ ဝေးကွာလှသောဒေသ များရှိ တိုင်းရင်းသားပြည်သူများကြားတွင် ချစ်ခင်ရင်းနှီးနွေးထွေးစေပြီး နားလည်မှုများ ဖြစ်ထွန်းလာနိုင်ပုံကို တွေးတောဆင်ခြင် ခံစားမိသည်ကို ရေးဖွဲ့ပြထားသည်။ 
လမ်းသစ်ဖောက်လုပ်ခြင်းဟူသော အတွေးမှတစ်ဆင့် ပြည်ထောင်စု ကြီးအထိ အတွေးကိုချဲ့ထွင်ကာ ရေးဖွဲ့ထားသော ထိုရသစာတမ်းကို ဖတ်ကြည့်လျှင် တိုင်းရင်းသားများ ချစ်ခင်စည်း လုံးမှုကို လိုလားသည့် ဆရာကြီး၏မျိုးချစ်စိတ်ကို မှန်းဆသိမြင်နိုင်ပါသည်။ လမ်းပန်းဆက်သွယ် ရေးဖြောင့်ဖြူးနေသော ဆရာကြီး၏ဇာတိရွာသို့ တစ်ခဏအတွင်း သွားနိုင်ပုံကို မြင်ရသည့်အခါ ထိုရသစာတမ်းလေးကို ပြေးမြင်မိသည်။
စာရေးသူသည် မြန်မာစာအထူးပြုကျောင်းသားဖြစ်ခဲ့သောကြောင့် ဆရာတိုက်စိုး၏စာများကို ပိုမိုရင်းနှီးထိတွေ့ခွင့်ရသည်။ ကျယ်ကျယ်ပြန့် ပြန့် လေ့လာဖတ်ရှု မှတ်သားခွင့်လည်းရသည်။ ဆရာကြီးနှင့် ဆရာကြီး မင်းယုဝေတို့နှစ်ဦး တွဲဖက်ရေးသားထားသော “မြန်မာစာမိတ်ဖွဲ့”စာအုပ် မှာမှု စာရေးသူတို့ မြန်မာစာကျောင်းသားများ၏ လက်ကိုင်လက်စွဲ စာအုပ် တစ်အုပ်ဖြစ်သည်။
“မင်းနှင့်စာဆို”၊ “တိုက်စိုးစာပေနိဒါန်း”၊ “မင်္ဂလာပါဆရာမ”၊ “လိပ်ပြာနှင့်လက်ရွေးစင်စာများ”စသော ဆရာကြီး၏ ထင်ရှားသောစာအုပ်အချို့ ကိုလည်း ဆရာ၊ ဆရာမများ၏ လမ်းညွှန်ပြမှုဖြင့် ရှာဖွေဖတ်ရှုဖြစ်သည်။ စာရေးသူအနေနှင့် ဆရာကြီး၏ ရသစာတမ်းများကို စိတ်ဝင်စား နှစ်သက်မိသည်။ ဆရာကြီး၏အတွေးနှင့်အရေးတို့သည် စာရေးသူကို ပို၍ဆွဲဆောင်နိုင်ခဲ့သည်။
ဂုဏ်ထူးတန်း၊ တတိယနှစ်တွင် ရသစာတမ်းကို ဘာသာရပ် တစ်ခု အနေနှင့် လေ့လာရသည်။ ဤတွင် အတွေးအလှအပများနှင့် စာဖတ်သူ ကို အတွေးနယ်ချဲ့နိုင်အောင် ရေးသားထားသည့် ဆရာကြီးတိုက်စိုး၏ ရသစာတမ်းများကိုလည်း လေ့လာရသည်။ ယနေ့ထက်တိုင်အောင် အမြဲ အမှတ်ရ ကျန်ရှိနေသောဆရာကြီး၏ ရသစာတမ်းမှာ “အမှောင်” ဖြစ်သည်။ ထိုရသစာတမ်းကိုဖတ်ပြီး အတွေးတစိမ့်စိမ့်နှင့်ကျန်ရစ်ခဲ့ရလောက်သည့် အထိ ရသမြောက်ကာ အတွေးလည်းပေါက်ခဲ့ရသည်။ ဆရာကြီးက သူ၏အတွေးကို လက်ခံချင်လာအောင်အထိ ရေးပြသည်။ စာတမ်းတွင် ကလေး ဘဝ၌ အမှောင်ကြောက်ကာ အမှောင်ထဲ မသွားရဲ၊ မအိပ်ရဲဖြစ်ရပုံကို ပထမဆုံးပြဆိုကာ လူကြီးဘဝရောက်သည့်အခါ အမှောင်ကိုမကြောက်တော့ဘဲ ပို၍ပင် တောင်းတမိလာပုံကို ရေးသားထားသည်။ လူကြီးဘဝ ရောက်သည့်အခါ လုပ်ငန်းခွင်များတွင် ပြဿနာများရင်ဆိုင်လာရသည်။ ထိုအခါ စိတ်များရှုပ်ထွေးပြီး ငြီးစီစီဖြစ်ကာ တစ်ကိုယ်တည်းနေလိုစိတ် ဖြစ်ပုံ၊ အမှောင်ကိုအဖော်ပြုပြီး တိတ်ဆိတ်စွာနေချင်လာပုံ၊ အမှောင်သည် ပင် စိတ်ကိုတည်ငြိမ်စေပြီး ကြည်လင်မှုပေးနိုင်ပုံ၊ အမှောင်တွင် မိမိကိုယ် မိမိပြန်မြင်လာပြီး လုပ်ဆောင်ခဲ့သမျှကို ပြန်၍ဆင်ခြင်သုံးသပ်နိုင်ပုံများ ကို အတွေးအမျှင်တန်းကာ ရေးဖွဲ့ပြသည်။ စာဖတ်သူသည်လည်း ဆရာ  ကြီး၏အတွေးတန်းရာကို ကောက်ကောက်ပါအောင်လိုက်ရသည့် စာ တစ်ပုဒ်ဟုဆိုနိုင်သည်။ ဤသို့ဆိုနိုင်ခြင်းမှာ ဆရာကြီးက သူ၏အတွေးကို ရသမြောက်သောအရေးတို့နှင့် ပေါင်းစပ်ပြလိုက်ခြင်းကြောင့်ဖြစ်သည်။ ငယ်စဉ်က စကားထာဝှက်သည့်အခါ ဖြေရမည့်သူသည် မျက်စိခဏမှိတ်၍ စဉ်းစားလိုက်မှ ခေါင်းထဲသို့အဖြေရောက်လာပုံနှင့် သာဓကပြလိုက်ခြင်း သည် အမှောင်၏သဘောကို ပို၍ပေါ်လွင်သွားစေသည်။ ဉာဏ်အလင်း ရောင်ဝင်လာရေးသည် အမှောင်ဓာတ်အပေါ်  အမှီသဟဲပြုရသည်ဟူသော  ဆရာကြီး၏အတွေးကို စာဖတ်သူရင်ထဲရောက်အောင် ထည့်ပေးလိုက်နိုင်သည်။ ထိုရသစာတမ်းလေးကို အမြဲသတိရမိသည်။ စိတ်ရှုပ်စရာများ တွေ့တိုင်း အခန်းလေးထဲအောင်းပြီး ငြိမ်နေမိသည့်အခါများ၊ ဖြေရှင်း စရာပြဿနာများကြုံတိုင်း တစ်ယောက်ထဲ အေးအေးဆေးဆေး နဖူးပေါ်လက်တင်ပြီး မျက်လုံးမှိတ်ကာနေမိသည့်အခါများတွင် ဆရာကြီး၏ အမှောင်ရသစာတမ်းလေး အတွေးထဲဝင်လာမိသည်။ ထိုအချိန်မျိုးများတွင် ဆရာကြီး၏အတွေးကို ထောက်ခံနေမိသည်မှာ အမြဲလိုလိုပင်ဖြစ်သည်။
ဆရာကြီး၏ စာအုပ်များထဲတွင် “လိပ်ပြာနှင့် လက်ရွေးစင်စာများ” ကို နှစ်သက်မိသည်။ ထိုစာအုပ်တွင် ရသစာတမ်းများနှင့် စာပေဆောင်းပါး များပါသည်။ အထူးသဖြင့် ဆရာကြီး၏ရသစာတမ်းများကို တစ်ဝ ကြီးဖတ်ရသည်။ “သုခုမ”၊ “ဇော်ဂျီနှင့်နှုတ်ခမ်းဆိုးဆေး”၊ “မိန်းမလှ” စသော ရသစာတမ်းများ ပို၍အကြိုက်တွေ့မိသည်။ အတွေးလည်းသစ်၊ အရေး လည်းမိသောကြောင့် ရသခံစားမှုနှင့်အတူ ဘဝအသိများရခဲ့သည်။ ဆရာ ကြီးသည် စာရေးသည့်အခါ လိုရင်းကိုသာ ခပ်တိုတိုရေးတတ်သည်။ဆုံးမစာပုံစံမျိုးမဟုတ်ဘဲ ဆွေးနွေးသည့်ဟန်မျိုးရေးလေ့ရှိသောကြောင့် စာဖတ်သူအတွက် ပေါ့ပါးသွက်လက်စေသည်။ ဆရာကြီး၏စာများသည်  မှတ်သားစရာများပေးရုံသာမက စဉ်းစားတွေးတောစရာများကိုပါ ပေးသောစာများဖြစ်သည်။
အချုပ်အားဖြင့်ဆိုရလျှင် ဆရာကြီးတိုက်စိုးသည် မြန်မာစာပေအတွက် စာပေဂုဏ်ကျေးဇူးကြီးသော ဆရာကြီးတစ်ဦးဟုဆိုနိုင်သည်။စာပေပညာရှင်အဖြစ်သာမက စာကြည့်တိုက်ပညာရှင်အဖြစ်ပါထင်ရှား သူဖြစ်သည်။ ဆရာကြီးကိုမြင်တွေ့ခဲ့ဖူးခြင်းမရှိသော်လည်း ဆရာကြီး၏စာပေများကို လေ့လာခွင့်ရကာ ဘဝအသိ၊ လောကအမြင်များရရှိခဲ့ရသောကြောင့် ဆရာကြီး၏ကျေးဇူးသည် ကြီးမားလှသည်။ ဤသို့ စာပေ ဂုဏ်ကြီးမားသောဆရာကြီးသည် ၂၀ဝ၃ ခုနှစ် မေလ ၄ ရက်နေ့တွင် ဘဝနိဂုံးအဆုံးသတ်ခဲ့ရသည်။ အသက် ၈၃ နှစ်တိုင်အောင် စာပေအကျိုး ကိုသယ်ပိုးသွားခဲ့လေသည်။ ဆရာကြီး၏ဇာတိမြေဖြစ်သော ဖျာပုံမြို့နယ်၊ သမိန်ထောရွာကိုရောက်ခဲ့သည့်အချိန်များတွင် ဆရာကြီး၏စာပေရုပ်ပုံ လွှာများကို သတိရမိသည်။ ဆရာကြီး၏စာများသည် အတွေးသစ်ဆဲမို့ စာဖတ်သူရင်ထဲတွင် အမြဲကိန်းအောင်း ကျန်ရစ်နေမည်မှာ မလွဲအသေ အချာပင်ဖြစ်သည်ဟု ဆိုချင်ပါသည်။
ရွှေလတ်ကိုကို(မဟာဝိဇ္ဇာ)

Source : The Voice