တေးသံရှင်မွန်းအောင်နှင့် တွေ့ဆုံခြင်း

အပတ်စဉ်တင်ဆက်လျက်ရှိသည့် ရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပြည့်ပွဲတော်၏ ပြီးခဲ့သည့်ရက်သတ္တပတ် ဖျော်ဖြေမှုအတွင်း တေးသံရှင်မွန်းအောင်၏ ၈/၈၂ အင်းလျားတေးသီချင်းအား ထည့်သွင်းဖျော်ဖြေခွင့် မပြုခဲ့ခြင်းအပေါ် ပရိသတ်အချို့နှင့် အနုပညာရှင်များအကြား အထင်အမြင်အမျိုးမျိုးပျံ့နှံ့လျက်ရှိသည်။ အဆိုပါတေးသီချင်းအား သီဆိုခွင့်မပြုဖြစ်ခြင်းနှင့်ပတ်သက်၍ တေးသံရှင်မွန်းအောင်၏ သဘောထား၊ ဆုံးဖြတ်ချက်ကို မည်သို့ချမှတ်တုံ့ပြန်ဖြစ်ခဲ့ပုံကို တေးသံရှင်မွန်းအောင်ထံ ဆက်သွယ်ကာ မေးမြန်းဖော်ပြပေးဖြစ်ပါသည်။ တေးသံရှင်မွန်းအောင်၏ ထင်ရှားသည့်တေးသီချင်းတစ်ပုဒ်ဖြစ်သော ‘၈/၈၂ အင်းလျား’ တေးသီချင်းနှင့်ပတ်သက်၍ ပြောပြခဲ့သမျှမှာ…

မေး ရန်ကုန်တက္ကသိုလ်ရာပြည့်ဖျော်ဖြေပွဲမှာ ကိုမွန်းအောင် ပါဝင်ဖျော်ဖြေနိုင်ခြင်း မရှိခဲ့သလို ၈/၈၂ အင်းလျားသီချင်းကို သီဆိုခွင့်မပြုခဲ့ဘူးဆိုတာနဲ့ ပတ်သက်လို့ ပရိသတ်တွေသိချင်နေတာလည်းရှိတော့ အဲဒီအကြောင်းလေးပြောပြပေးပါဦး။

ဖြေ အဲဒီသီချင်းကို ရန်ကုန်တက္ကသိုလ်ရာပြည့်နဲ့ ပတ်သက်လို့ပြောရရင် ကိုဗစ်ကာလမတိုင်ခင် မတ်လမှာ ဥပဒေနှစ် ၁၀၀ ပြည့်ပွဲမှာ ကျွန်တော်ကိုယ်တိုင်ဆိုခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ်တိုင် ပါဝင်နိုင်တဲ့အတွက် သွားဆိုခဲ့ပါတယ်။ အခုတစ်ခေါက် မြန်မာ့ရုပ်မြင်သံကြားမှာလုပ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲမှာပါဝင်ဖို့အတွက် စီစဉ်သူတွေက ခေါ်ပါတယ်။ ကျွန်တော့် အသက်အရွယ် ကျန်းမာရေးကြောင့် စွန့်စားဖို့ အဆင်မပြေတဲ့အတွက် မဆိုနိုင်ဘူးဆိုတာကို ပွဲစီစဉ်သူကိုပြောပါတယ်။ အဲဒီကနေမှ နိုဝင်ဘာ ၃ ရက်မှာ ပွဲစီစဉ်သူနဲ့ သက်ဆိုင်တဲ့ ကြားလူတစ်ယောက်က ၈/ ၈၂ အင်းလျားသီချင်းကို အခြားအဆိုတော်တစ်ယောက်ကို ဆိုခွင့်ပေးဖို့ မေးပါတယ်။ မေးတဲ့အခါ သူ့ကို ချက်ချင်းအဖြေမပေးပါဘူး။ အဲဒီသီချင်းကို လူငယ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကိုလူလေးကို မကြာခင်ကမှ ရောင်းထားပါတယ်။ ဒါကြောင့် ကျွန်တော့်ကိုမေးလာတဲ့မိတ်ဆွေကို ခဏစောင့်ပါ။ ကျွန်တော် အဲဒီသီချင်းဆိုဖို့ ရောင်းထားတဲ့ ကိုလူလေးကို မေးကြည့်ပါမယ်။ မကြာခင်ကမှ တရားဝင်စာချုပ်နဲ့ရောင်းထားတဲ့ ကိုလူလေးရဲ့ သဘောထားကိုလည်း မေးသင့်တယ်ထင်လို့ ခဏစောင့်ပါလို့ပြောခဲ့တာပါ။ ကိုလူလေးကို ရောင်းရတဲ့အကြောင်းရင်းကိုလည်း နည်းနည်းပြောပြချင်ပါတယ်။ သူက အဲဒီသီချင်းဆိုခွင့်ပေးဖို့ လေးလေးစားစားနဲ့ ခွင့်တောင်းလာတာပါ။ ကျွန်တော်က အဲဒီသီချင်းမှာသံစဉ်ရေးတဲ့ ကိုခေါ်ရမ်းရဲ့သမီးလေးနဲ့ အဆက်အသွယ်ရလို့ မေးတဲ့အခါ သူ့အဖေသီချင်း အသက်ဆက်ဝင်တယ်ဆိုရင် သူတို့ကျေနပ်တဲ့အတွက် သူတို့ခွင့်ပြုတယ်ဆိုတဲ့အကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော့်ကို ဆုံးဖြတ်ခွင့်ပေးပါတယ်လို့ ပြောခဲ့တဲ့အတွက် ကိုလူလေးကိုဆက်သွယ်ပြီး ပေးဆိုခဲ့တာပါ။ ရန်ကုန်တက္ကသိုလ်ပွဲအကြောင်းဆက်ပြောရရင် ကျွန်တော့်ကိုဆက်သွယ်လာတဲ့ မိတ်ဆွေကိုစောင့်ခိုင်းပြီး ကိုလူလေးကို အကျိုးအကြောင်းပြောပြပါတယ်။ သူနဲ့တိုင်ပင်ပြီးတဲ့အခါ နောက်တစ်ရက်မှာ ပွဲစီစဉ်သူကို ဆုံးဖြတ်ချက်ပြောတဲ့အခါ အဲဒီသီချင်းကို ကျွန်တော်ရောင်းထားတယ်။ ဒါကြောင့် လောလောဆယ် တရားဝင်ဝယ်ပြီး ဆိုထားတဲ့ ကိုလူလေးကို စောင့်စည်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ ဒါကြောင့် ကိုလူလေးကို ဒီပွဲမှာပေးဆိုပါ။ ကျွန်တော်ခွင့်ပြုပါတယ်လို့ ပြောခဲ့ပါတယ်။ ပွဲစီစဉ်သူတွေဘက်က လက်မခံတာ ကျွန်တော်နဲ့မဆိုင်ဘူးပေါ့။ ကိုလူလေးကို ပေးမဆိုချင်ဘူးဆိုရင် ကျွန်တော်ဆိုထားတဲ့အဟောင်းကို ပြန်သုံးချင် သုံးလို့ရပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ပြောရရင် ကျွန်တော်က မြန်မာပြည်နဲ့အဝေးမှာ နှစ်ပေါင်းများစွာသွားနေခဲ့တဲ့သူပါ။ ကျွန်တော်သွားနေခဲ့စဉ် တစ်လျှောက်မှာ ၈/၈၂ အင်းလျားအပါအဝင် တခြားသီချင်းများစွာကို ပြန်ဆိုခဲ့တဲ့အဆိုတော်တွေရှိပါတယ်။ ပရိသတ်တွေလည်းသိပြီးသားပါ။ ဘယ်သူပဲပြန်ဆိုဆို စိတ်ထဲမှာ ငြိုငြင်ခြင်းမရှိပါဘူး။ ဒီသီချင်းလေးတွေ အသက်ရှင်နေတယ်ဆိုပြီး ပီတိဖြစ်ရပါတယ်။ ဒီသီချင်းတွေက ငါတစ်ယောက်တည်းပိုင်တယ် ဆိုတာမျိုးမရှိပါဘူး။ ဒီနှစ် ၁၀၀ ပြည့်ပွဲအတွက်ပြောရခြင်းက သူ့ကိုတရားဝင် ရောင်းချထားပြီးသားဖြစ်နေတယ်။ တလေးတစား ခွင့်ပြုချက်တောင်းပြီး ဆိုခဲ့သလိုပဲ ကျွန်တော့်ဘက်ကလည်း အပြန်အလှန်စောင့်စည်းရပါမယ်။ အဲဒီအတွက် ကျွန်တော်က ဘယ်သူ့ကိုမှ လွယ်လွယ်ကူကူဆိုဖို့ ခွင့်မပြုနိုင်တာပါ။ ဒါက ကျွန်တော့်ဘက်က စောင့်ရမယ့်စည်းပါ။ ဒီအတွက် ပွဲစီစဉ်သူတွေကို အကြောင်းပြန်ကတည်းကလည်း ကိုလူလေးကို ဒီပွဲမှာ ဒီသီချင်းဆိုခွင့်ပြုနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော်ဆိုပြီးသားတွေကို ပြန်သုံးလို့ရပါတယ်။ တခြားတော့ ဘယ်သူ့ကိုမှ ပေးမဆိုပါဘူးလို့ ပြောခဲ့ပါတယ်။ နောက်တစ်ခုက ပွဲစီစဉ်သူတွေဘက်ကစပြီး ခွင့်ပြုချက်တောင်းကတည်းက ကျွန်တော်ခွင့်ပြုပါတယ်လို့တစ်ခါမှ မပြောခဲ့ပါဘူး။ ပြန်ပြီးအကြောင်းပြန်ပါမယ်လို့ပဲ ပြောခဲ့ပါတယ်။ ကျွန်တော်က ခွင့်ပြုပြီးမှ ခွင့်မပြုတော့ဘူး ဆိုတာမျိုးပြောနေတာ လုံးဝ မဟုတ်ပါဘူး။ ဒါလေးတော့ သိစေချင်ပါတယ်။ ကျွန်တော်တို့ အနုပညာရှင်တွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် စောင့်ထိန်းရမယ့်ယုံကြည်ချက်၊ ကျင့်ဝတ်တွေရှိပါတယ်။ ဒီအတွက် ဘာနဲ့မှမလဲနိုင်ပါဘူး။ ဒီသီချင်းက ဒီလူဆိုမှ ဟိုလူဆိုမှမဟုတ်ပါဘူး။ ကိုလူလေးကို တရားဝင်ရောင်းထားတဲ့အတွက် စောင့်စည်းရမယ့် စည်းရှိပါတယ်။ အခြားသူတွေကိုကပ်စေးနည်းပြီး ပေးမဆို  တာမျိုးလည်းမရှိပါဘူး။ နှစ် ၁၀၀ ပြည့်ပွဲမှာလည်း ကျွန်တော်ကိုယ်တိုင်လည်း ဆိုချင်ပေမဲ့ လက်ရှိကပ်ရောဂါပြန့်ပွားနေတဲ့ အခြေအနေတစ်ခုကြောင့် မဆိုနိုင်တဲ့အပေါ်မှာ စိတ်မကောင်းဖြစ်ရပါတယ်။ သဘောတူပြီးမှ ခွင့်မပြုတော့ ဘူးလို့ပြောနေကြတဲ့အပေါ်မှာ မေးချင်တာကတော့ ဘယ်သူ့ကို သဘောတူတယ်လို့ ပြောခဲ့မိလဲဆိုတာပါ။ ပထမတစ်ကြိမ်စပြောကတည်းက သဘောတူပါတယ်လို့ တစ်ခါမှမပြောခဲ့ဖူးပါဘူး။

မေး အခုလိုပရိသတ်တွေကအထင်အမြင်လွဲသွားတာမျိုးလည်းရှိတော့ ဘာများ ပြောချင်သေးလဲရှင့်။

ဖြေ ■ ပရိသတ်တွေအထင်အမြင်လွဲတာဖြစ်တဲ့အတွက် စိတ်မကောင်းပါဘူး။ ကျွန်တော့်ဘက်က ရိုးသားစွာနဲ့ ရှင်းလင်းစွာ ပြောခဲ့လုပ်ခဲ့ပါတယ်။ ပထမအကြိမ်တည်းက အကျိုးအကြောင်းပြောပြီး ခွင့်မပြုပါဘူးလို့ ပြောခဲ့တာပါ။ တစ်ခါမှခွင့်မပြုခဲ့ဖူးပါဘူး။ အခုလည်းရန်ကုန်တက္ကသိုလ်နှစ် ၁၀၀ ပွဲတွေက မပြီးသေးပါဘူး။ ဒါကြောင့် ကိုလူလေးကိုပေးဆိုလို့ရပါသေးတယ်။ ပရိသတ်တွေအထင်အမြင်မှားပြီး စိတ်အနှောင့်အယှက်ဖြစ်သွားရတဲ့ အတွက်တော့ တောင်းပန်ပါတယ်။

Source : Eleven Media Group