မရမ်းကုန်းမြို့နယ် အင်းယားလိတ်လမ်းတွင် ၁၅ ပေအရှည်ရှိ စပါးအုံးမြွေ တစ်ကောင်အား ဖမ်းဆီးရမိ

ဓာတ်ပုံ – myanmar rescuse man facebook

မရမ်းကုန်းမြို့နယ် အင်းယားလိတ်လမ်းတွင် ၁၅ ပေအရှည်ရှိ စပါးအုံးမြွေ တစ်ကောင်အား နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့သည်။

နိုဝင်ဘာ ၁၇ ရက်၊ နံနက် ၈ နာရီခွဲကျော်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ အင်းယားလိတ်လမ်းဘေးတွင် ၁၅ ပေ အရှည်ခန့် စပါးအုံးမြွေတစ်ကောင် တွေ့ရှိကြောင်း သတင်းရသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ သွားရောက်ခဲ့ကြောင်း သိရသည်။

“မနက် ၈ နာရီခွဲကျော်က သတင်းရတော့ ဌာနချုပ်က ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့က သွားရောက်ခဲ့ပါတယ်။ တွေ့တာက လမ်းဘေး မြက်တောထဲမှာ တွေ့တယ်။ မြွေက လုံးပတ် တစ်ပေ အရှည်က ၁၅ ပေ ရှိပါတယ်” ဟု စပါးအုံးမြွေအား သွားရောက်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ ကိုတိုးအောင်က ပြောကြားသည်။

ဖမ်းဆီးရမိခဲ့သည့် စပါးအုံးမြွေအား စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ သွားရောက် လွှတ်ပေးခဲ့ကြောင်း သိရသည်။

“ဒီသုံးနှစ်အတွင်းကို အကောင်တွေ တော်တော်များများ ထွက်လာတယ်။ သဘာဝဘေး အန္တရာယ်လို့ဘဲ ယူဆပါတယ်။ သုံးနှစ်အတွင်းမှာ ကျွန်တော် မြွေဖမ်းတာ အကောင် ၃၀၀ လောက်ရှိပါပြီ။ အခုကောင်က အရှည်ဆုံးပါဘဲ” ဟု စပါးအုံးမြွေအား သွားရောက်ဖမ်းဆီးရာတွင် ပါဝင်ခဲ့သည့် ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့မှ ကိုတိုးအောင်က ပြောကြားသည်။

Source : Eleven Media Group