စီးပွားရေး ပြန်နာလန်ထူရန် လွတ်လပ်မျှတသည့်ကုန်သွယ်ရေး အဓိကကျဟု APEC အဖွဲ့ထုတ်ပြန်

ကိုဗစ်-၁၉ ကူးစက်ကပ်ဘေးအတွင်း စီးပွားရေး ပြန်နာလန်ထူဖို့ အဓိကအချက်ဟာ လွတ်လပ်မျှတပြီး ခွဲခြားဆက်ဆံမှုကင်းတဲ့ ကုန်သွယ်ရေး အလေ့အကျင့်တွေပဲလို့ အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအုပ်စု (APEC) အဖွဲ့ဝင် ၂၁ နိုင်ငံက ဝန်ကြီးတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်ဖို့ ပုံစံထုတ်ထားတဲ့ ဘယ်လို အရေးပေါ် ကုန်သွယ်ရေး လုပ်ဆောင်ချက်မဆို ကုန်သွယ်ရေးအတွက် မလိုအပ်တဲ့ အဟန့်အတားတွေကို မဖန်တီးဖို့နဲ့ အချိုးကျကျ ပစ်မှတ်ထားဖို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

ရောဂါကပ်ဘေးကာလဖြစ်လို့ ကမ္ဘာလုံးဆိုင်ရာ ဒေသလုံးဆိုင်ရာ ခရီးသွားမှု ရပ်ထားရလို့ မလေးရှားနိုင်ငံက ပထမဆုံးအကြိမ်အဖြစ် အွန်လိုင်းကနေ လက်ခံကျင်းပတဲ့ ထိပ်သီးညီလာခံကို ဒီအပတ်ထဲမှာ စတင်ခဲ့တာပါ။

APEC အဖွဲ့ဝင် ခေါင်းဆောင်တွေဟာ သောကြာနေ့မှာ တွေ့ဆုံစည်းဝေးကြဖို့ စီစဉ်ထားပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကျင်းပတဲ့ APEC အဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးကို မလေးရှား ကုန်သွယ်ရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ “လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရအောင် အားထုတ်ဖို့ စီးပွားရေး ပေါင်းစည်းမှုကို နက်ရှိုင်းအောင်လုပ်ဖို့ လိုတယ်။ ဘက်ပေါင်းစုံ ပါဝင်တဲ့ ကုန်သွယ်ရေးစနစ်ကို အားဖြည့်ဖို့ လိုတယ်” လို့ မလေးရှား ကုန်သွယ်ရေးဝန်ကြီးက ပြောပါတယ်။

အဖွဲ့ဝင်တွေမှာ ရည်မှန်းချက်အဆင့်အလိုက် သဘောမတူညီမှုတချို့ ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။

Source : DVB