ဂျိုးဇက်ဂိုးစတိန်းတို့ လာရောက်ခဲ့သော ရွာကလေး

ဆောင်းခိုငှက်တို့နားခိုရာ အင်းရေပြင်မှ ဖြတ်သန်းတိုက်ခတ် လာသော ညှင်းသွဲ့သွဲ့ လေပြည်အေးသည် အင်ကြင်းတောဘုရားကြီး၏ ဆည်းလည်းသံလေးများနှင့်အတူ မထိခလုတ် ထိခလုတ် ကျီစယ်ဆော့ကစားလျက်ရှိ၏။ ထိုအခါ သာယာစွာ ပေါ်ထွက် လာခဲ့သော ဆည်းလည်းသံလေးတွေနှင့်အတူ ရောထွေးလျက် လေညင်း သည် ရွာဆီသို့ ဆက်လက်တိုးဝှေ့သွားသွားချေပြီ။ ၎င်းချီတက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဆွမ်းခြွံက ရောက်ရာ စောင်းတန်းတစ်လျှောက်နှင့် လယ်ကွင်းပြင်တို့ကို ကျော်ဖြတ်မှ ရွာဆီသို့ ရောက်မည်လည်းဖြစ်သည်။ ရွာဆီသို့ရောက်လုရောက်ခင်တွင် ကြိုးကြာကန်သို့ ရေခပ်ဆင်းလာသော ကျေးရွာသူ လုံမေတစ်သိုက်နှင့် လည်း ကြုံကောင်းကြုံပေလိမ့်မည်။ သို့တည်းမဟုတ် လယ်ယာလုပ်ငန်းခွင်မှ တစ်နေ့တာလုပ်ငန်းသိမ်း၍ ပြန်လာကြသူ နွားတစ်ရှဉ်း၊ လှည်းတစ်စင်း နှင့် လယ်ယာလုပ်သားမောင်တို့နှင့်လည်း ကြုံဆုံကောင်းဆုံပေလိမ့်မည်။ ထို့နောက်တွင် ရွာအတွင်းမှ ခပ်သဲ့သဲ့ လွင့်ပျံ့လာသော မလေးခတ်သည့် ရက်ကန်းသံနှင့် ရောနှောကာလျှင် ရွာအတွင်းသို့ ချဉ်းနင်းဝင်ရောက်သွားပေလိမ့်မည်။
ထိုရွာသည် အဘယ်ရွာနည်း။ ဘယ်တိုင်းဌာန အကြေအညာ ဘယ်မှာရှိပါသနည်း။ ဧရာဝတီမြစ်ဝကျွန်းပေါ်  အောက်ပြည်အောက်ရွာမှာ လေလား။ မြေလတ်ပိုင်းက မြစ်ရိုးတစ်နေရာမှာလေလား။ ထင်းရှူးရနံ့သင်းပျံ့ ရာ အေးချမ်းသော တောင်ပေါ်အရပ်လေလား။ အညာကျေးလက် တစ်ခုခုလေလား။ ဟုတ်ပါသည်။ မြန်မာပြည်၏ ကျေးလက်တစ်နေရာ ဆိုသည်ကတော့ သေချာနေမင့်ကိုး။
ထိုရွာကလေးသည် ကောဇာသက္ကရာဇ် ၂၂၃ ခုနှစ် မတိုင်ခင် ကတည်းက ရွာတည်ခဲ့ပြီး ဖြစ်နေပေပြီ။ ရာဇဝင်သမိုင်းစဉ်ဆက်တောက် လျှောက်တည်တံ့ခဲ့သော ကျေးရွာကလေးတစ်ခုပင်။ သီရိဓမ္မာသောက မင်းကြီး၏ ကောင်းမှုစေတီပေါင်း ၈၄၀ဝ၀ အနက်မှ တစ်ဆူအပါအဝင်ဟု ခေတ်အဆက်ဆက်လက်ခံယုံကြည်လာခဲ့ရာ အင်ကြင်းတောစေတီတော် တည်ရှိသော ရွာကလေးပင်ဖြစ်ပါသည်။ ရွှေမုဋ္ဌောဘွဲ့မည်ခံ စေတီရံ ၁၅၈ ဆူနှင့် တင့်တယ်သပ္ပာယ်လှစွာသော အင်ကြင်းတောစေတီတော်ခြေရင်း တွင်မူ ရုက္ခဗေဒအားဖြင့် ထူးဆန်းထွေလာ အင်ကြင်းတစ်ကိုင်း၊ ပျဉ်း တစ်ကိုင်း ပေါက်ရောက်နေသော အင်ကြင်းပင်ရှိရာ အရပ်ဒေသလည်း ဖြစ်ပေသည်။
ကုန်းဘောင်ကနဦးကို တူးဆွကြည့်ပါလျှင်လည်း ထိုရွာကလေး သည် မြေစိုင်ခဲကလေးတစ်ခုအနေနှင့် ပါဝင်ကောင်းပါဝင်ခဲ့ပါမည်။ တတိယမြန်မာနိုင်ငံ၏ ဇာတိပုညဂုဏ်မာနတို့ကို ပြန်လည်ထူထောင်ရာ တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ အမှုတော်တွေကိုထမ်းရင်း ရာဇဝင်သမိုင်း မရိုင်းခဲ့သည်မှာတော့ အသေအချာပင်။ ထိုကျေးဇူးဂုဏ် တို့ကို အသိအမှတ်ပြု အလေးအမြတ်ပြုသည့်အနေနှင့် ကုန်းဘောင်မင်းဆက် ဒုတိယနောက်ဆုံးဖြစ်တော်မူသော ရတနာပုံပြည့်ရှင် မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် ရွာကလေး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော အင်ကြင်းတော ဘုရားပွဲတော်သို့ လာရောက်ရောင်းချသည့် သစ်၊ ဝါးတို့နှင့်ဆိုင်ရာတို့ကို အဖမ်းအဆီးမပြုရဟု သစ်တောဘက်က မှူးကြီးမတ်ကြီးတွေကို အမိန့်တော် မှတ်ခဲ့ပါသတဲ့ဟူလို။ ထို့ပြင် ဘေးတော်အလောင်းမင်းတရားကြီး၏ မြေနန်း ပြာသာဒ်တော် နန်းတော်တိုင်များကို ဘုရားရုပ်တုတော် ၁၀၅ ဆူ၊ ရဟန္တာရုပ်တုတော် ၉၈ ဆူ အသီးသီး ထုလုပ်စေကာ သစ်စေးသရိုးကိုင်၍ ရွှေမွှမ်းမံပြီး ပြေသည်ကို စံနန်းတော်ရှေ့ တန်းစောင်းတွင် အနေကဇာတင်၍ ကိန်းဝပ်စေပြီးလျှင် ကျေးရွာပေါင်း ၆၅ ရွာအပါအဝင် အမှုတော် ထမ်းနယ်မြေဒေသ အသီးသီးသို့ ဝေမျှပေးလှူခဲ့ရာတွင် ဤရွာကလေးမှ လည်း တစ်ဆူပူဇော်ရရှိခဲ့ပေသည်။ ဤအဆူဆူကို လောကမာရဇိန်ဘုရားဟု ဘွဲ့မည်တော်သမုတ်၍ အနယ်နယ်အရပ်ရပ်တွင် ဆက်လက်ကိုးကွယ်ဆည်းကပ်လျက်ပင်ရှိပါသည်။ ရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်သည့်နှစ် ၁၂၁၅ ခုနှစ်မှ စတင်ရေတွက်ကြည့် လျှင် ၁၃၇၆ ခုနှစ်တွင် နှစ်ပေါင်းမှာ နန်းတော်တိုင်သက်နှင့်ဆိုလျှင် ၂၆၁ နှစ်၊ ရုပ်ပွားတော်သက်တော် နှင့်ဆိုလျှင် ၁၆၁ နှစ် ရှိပေပြီ။ ဤရွာကလေးနည်းတူ ရုပ်ပွားတော်များကို ကိုးကွယ်ပူဇော်ခွင့်ရရှိခဲ့ကြသော ကျေးရွာ ၆၅ ရွာစာရင်းဝင်တို့သည် အလွန်ကုသိုလ်ထူးလှပေတကား။
မဝေးလှသေးသော အတိတ်သမိုင်းစာမျက်နှာများကို တစ်ရွက်ချင်း ကြည့်ရှုပါလျှင်လည်း ဤရွာကလေး၏ စာမျက်နှာတိုင်းသည် ဆွတ်ပျံ့ ကြည်နူးစရာများနှင့် ပြည့်နှက်လျက်ရှိပါ၏။ ပထမဆုံးအနေနှင့် မြန်မာသိ၊ ကမ္ဘာသိသတိပဋ္ဌာန်ဝိပဿနာတရားပြဆရာတော်ကြီး ဖြစ်တော်မူသော ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါ၏။ ရွာကလေး၏ဂုဏ်ဆောင်၊ ကျမ်းပေါင်း ၇၀ ကျော် ပြုစုတော်မူခဲ့သည့်အရှင်၊ ဒုတိယကမ္ဘာစစ်ခေတ်ဆိုးခေတ်ပျက်ကြီးထဲ မှာပင် ဝိပဿနာအလင်းရောင်ဖြင့် ကမ္ဘာကိုလင်းစေခဲ့သူ၊ ဆဋ္ဌသင်္ဂါယနာ ဝန်ဆောင်အဖွဲ့၏ ဆဋ္ဌသင်္ဂီတိပုစ်ဆကတာဝန်နှင့် ဆဋ္ဌသင်္ဂါယနာသြသာန သောဓက၊ ဆဋ္ဌသင်္ဂါယနာဝန်ဆောင်အဖွဲ့၏ တာဝန်များကိုယူခဲ့သူ အရှင်မြတ်ကြီး၏ ဇာတိချကြွေ်ကမွေးရပ်မြေလည်း ဖြစ်နေပေသေးသည်။ ဤရွာကလေးမှစတင်ထွန်းညှိခဲ့သော လောကုတ္တရာဆီမီးသည် ကမ္ဘာထိ တိုင်အောင် လင်းချင်းနေခဲ့ပြီတကား။ 
ဆရာတော်ဘုရားကြီး၏ ကမ္ဘာကျော်ဆောင်ပုဒ်မှာ ‘မနာလိုကင်း၊ ဝန်တိုရှင်း၊ လက်ငင်းချမ်းသာကြရမည်’ ဟူ၍ဖြစ်သည်။ ပြုစုတော်မူခဲ့ သော ကျမ်းပေါင်း ၇၀ ကျော်အနက် ၁၃၀၅ ခုတွင် စီရင်ရေးသားတော်မူခဲ့ သော ဝိပဿနာရှုနည်းကျမ်း ၂ တွဲနှင့် ဝိသုဒ္ဓိမဂ် မြန်မာပြန် ၄ တွဲသည် ပညာရှင်တို့ ချီးမွမ်းရာ အလေးအမြတ်ပြုရာ ကျမ်းကြီးကျမ်းခိုင်များပင် ဖြစ်သည်။ ဆရာတော်ဘုရားကြီး၏ ပညာဉာဏ်ရင့်သန်ပုံကို မစိုးရိမ် ဆရာတော်ဘုရားကြီးက “မဟာစည်ဆရာတော်က တို့များထက် ဉာဏ်သာတယ်။ တို့များ မမြင်တဲ့စာမှား၊ ပေမှားကို မြင်အောင်ကြည့်နိုင် တယ်။ အရှင်အနုရုဒ္ဒါတို့၊ ဋီကာကျော်ဆရာ အရှင်သုမင်္ဂလသာမိတို့၊ အခြားကျမ်းပြုဆရာတော်တို့ မမြင်တဲ့ အမှားများကိုတောင် မြင်အောင် ကြည့်နိုင်တယ်။ သင်္ဂြိုဟ် ကမ္မဋ္ဌာန်းပိုင်း၊ ဒိဋ္ဌိဝိသုဒ္ဓိအခန်းမှာ ရုပ်နာမ်တို့ကို လက္ခဏာ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်ဖြင့် ပိုင်းခြားသိရမည်ဆိုရာ ပဒဋ္ဌာန် ကို ဒိဋ္ဌိဝိသုဒ္ဓိခန်းမှာ မဆိုသင့်သေးဘဲ သင်္ခါဝိတရဏဝိသုဒ္ဓိအခန်းမှာမှ ဆိုသင့်ကြောင်းကို ဆဋ္ဌသင်္ဂါယနာတင်စဉ်က မဟာစည်ဆရာတော်က ထောက်ပြခဲ့တယ်။ ဒီကရှေ့ မဟာစည်ဆရာတော်ထက်သာတဲ့သူမပြောနဲ့ တန်းတူပုဂ္ဂိုလ်ကိုတောင် တွေ့ရဖို့မလွယ်ဘူး။ မဟာစည်ဆရာတော်ရဲ့ စွမ်းရည်သတ္တိကိုသိလို့လည်း ဒီဝိသုဒ္ဓိမဂ်မဟာ ဋီကာနိဿယ ပြုစုဖို့ တို့များ က တိုက်တွန်းရတယ်” ဟုသမိုင်းတွင်အောင် မိန့်ဆိုခဲ့ရသူလည်းဖြစ်ပေသည်။
ထို့ပြင် အမေရိကန်နိုင်ငံ ဘာရီကမ္မဋ္ဌာန်းအဖွဲ့မှ ဂျိုးဇက်ဂိုးစတိန်း ခေါင်းဆောင်ပြီး မဟာစည်ဆရာတော်ဘုရားကြီးအား အမေရိကန်နိုင်ငံ သို့ သာသနာပြုခရီြးွကရောက်ပါရန် ဆရာတော်ဘုရားကြီးသီတင်းသုံးရာ ဤရွာကလေးသို့ တခုတ်တရ လာရောက်လျှောက်ထားဖူးလေသည်။
ဤရွာကလေးသို့ မြန်မာ့နိုင်ငံရေးသုခမိန် ဗိုလ်ချုပ်အောင်ဆန်း လည်း လာရောက်ဖူးလေ၏။ ဗိုလ်ချုပ်တည်းခိုညအိပ်ဖူးသည့် အိမ်ကြီးမှာ ယနေ့အထိရှိဆဲပင်။ ဆရာကြီးဒီးဒုတ်ဦးဘချိုလည်း စစ်အတွင်းတွင် ဤရွာကလေးမှာပင် စစ်ဘေးရှောင်ရင်း နေသွားဖူး၏။ ဆရာကြီး ဒီးဒုတ် ဦးဘချိုနှင့် တွေ့ဆုံရန် ဆရာကြီးသိန်းဖေမြင့်လည်း လာရောက်ဖူးပါ၏။ ထိုသို့သော အကြောင်းအရာများကို ဗိုလ်ချုပ်ကိုယ်တိုင်ရေးသားသော Burma Challenge ၊ ဆရာကြီးသိန်းဖေမြင့်၏ အရှေ့ကနေဝန်း ထွက်သည့်ပမာ၊ သခင်တင်မြ၏ ဘုံဘဝမှာဖြင့်တို့တွင် တွေ့နိုင်ပါ၏။ မြန်မာ့နိုင်ငံရေးတွင် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးများနှင့် ထိစပ်ပတ်သက်ခဲ့ရာ ဤရွာကလေး၏ သမိုင်းတစ်ကွက်ပေတည်း။
ဤရွာကလေး၏ အခြားဝိသေသတစ်ခုမှာ အစဉ်အလာကောင်း တစ်ခုကို ဝတ်မပျက်စေဘဲ တက်ညီလက်ညီဖြင့် ဆက်လက်သယ်ပိုး ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀ဝ ကျော် လာခဲ့ပြီဖြစ်သည့် ဝါတွင်းသုံးလသီတင်းစဉ်တိုင်း ကျင်းပမြဲဖြစ်သော စာရေးတံမဲပွဲကို ယခုထက်တိုင်တွေ့နိုင်ပါ၏။ ရာပြည့်ပွဲကိုလည်း ခြိမ့်ခြိမ့် သဲသဲ နွှဲပျော်ခဲ့ကြလေပြီ။ နှစ်စဉ်တန်ဆောင်မုန်းလတိုင်း ဆယ်ပြား စုပေါင်း ဘုံမဟာကထိန်တော်ပွဲကိုလည်း ဆက်လက်ဆင်နွှဲလှူဒါန်းပူဇော် မြဲပင် ဖြစ်ပါ၏။ ထို့ပြင် မြန်မာပြည်၏ မြတ်ဆရာပူဇော်ပွဲများထဲတွင် သက်တမ်းအရှည်ကြာဆုံး အာစရိယပူဇော်ပွဲတစ်ခုအပါအဝင်အဖြစ် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တိုင်း ကျင်းပလာခဲ့ကြသည်မှာ ငွေရတုပင်တိုင်တော့မည်လည်းဖြစ်ပါ၏။ အထက်တွင် ဆိုခဲ့ပါ အင်ကြင်း တောမြတ်စွာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုလည်း မြန်မာပြည့်အထက် ပိုင်း အညာကျေးလက်တစ်ခွင်တွင် အစည်ကားဆုံး ကျေးလက်ကုန်စည် ဖလှယ် ရောင်းဝယ်ဖောက်ကားရာ ဈေးပွဲတော်ကြီးအဖြစ် ကျင်းပလာခဲ့ကြ သည်မှာလည်း နှစ်ထမ်းအားဖြင့် သမဏိရှည်ကြာခဲ့လေပြီတည်း။
ရွာကလေး၏ ရိုးရာလုပ်ငန်းဖြစ်သည့် မိရိုးဖလာလက်ရက်ကန်း လုပ်ငန်းဖြင့်လည်း ဂုဏ်သရေတင့်ပါ၏။ အမျိုးသား၊ အမျိုးသမီးဝတ် ချည်ထည်အမျိုးမျိုးကို ဒီဇိုင်းအဖုံဖုံဖြင့် ရက်လုပ်သောလက်ဖြစ် (Hand Made) ထည်အဖြစ် ဒေသအနှံ့ပေါက်ရောက်ပါ၏။ လက်ခတ်သံကျွန်းဖို သားသောင်းတိုင်ကကြားဆိုသကဲ့သို့ပင် ရွာအနီးသို့ရောက်သည်နှင့် ရွာသူလုံမေတို့၏ လက်ခတ်သံများကိုလည်းကြားနိုင်ပါ၏။ ချည်စိမ်၊ ချည်ထု၊ ချည်စာကိုင်၊ ချည်ဆေးဆိုး၊ ချည်ချ၊ ရက်ဖောက်ယောက်၊ ရဟတ်ပုတ်၊ စည်းဆက်၊ လွန်း၊ နှပ် စသည့်ရက်ကန်းနှင့်ပတ်သက်သည့် ဝေါဟာရများကိုလည်း ကြားနိုင်ပါ၏။ ရိုးရာအမွေအနှစ်ဖြင့် ဂုဏ်တင့်စေ သော တစ်ပိုင်တစ်နိုင် မိသားစုလုပ်ငန်းကလေးများပင် ဖြစ်ပါ၏။
လောကီထုပ္ပါတ် လူတို့ဇာတ်ဟုဆိုသော ရွာကလေး၏ စာမျက်နှာ ကိုလည်း ဖွင့်ကြဦးစို့။ မန္တလေးတက္ကသိုလ်ထွက် Dr.Ba Kyi’s Law  ဟု မဟာသိပ္ပံတန်းများတွင် သင်ယူနေရသော ဥပဒေသတီထွင်သူဟာ ဤရွာကလေး၏ ကျောက်ကောင်းတစ်စေ့ပင်။ မြန်မာက မသိပေမယ့် ကမ္ဘာကသိသော အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့သူ ပန်းချီဆရာကြီး (ဦး)ပေါ်သိမ်းသည်လည်း ဤရွာကလေး၏ သားကောင်းတစ်ယောက်။ ဤရွာကလေး၏ ဘာသာသာသနာနှင့် လူမှု ရေးဖြစ်ရပ်အထွေထွေကို တေးထပ်များဖြင့် ရေးဖွဲ့မှတ်တမ်းတင်ခဲ့သူက ကဗျာဆရာကြီး ဦးစိုးဝ။ မြန် မာစာပေ ခေတ်ဆန်းခေတ်တွင် ခေတ်ဆန်း လင်္ကာများဖြင့် အလှဆင်ခဲ့သူ ကဗျာဆရာကြီး ဦးဉာဏ်ဗလ။ The Guide English Myanmar အဘိဓာန်ကြီးအား ပြုစုခဲ့သော ဆရာကြီး ဦးချိုအေး။ စာရေးဆရာ မြင့်အောင်လေး၊ ငြိမ်းချမ်းစိုး၊ ဂျာနယ်လစ်လှိုင်ဘွား၊ တေးရေးအောင်နိုင်စန်းတို့သည်လည်း ဤရွာကလေး၏ လက်ရှိသမိုင်းစာမျက်နှာထက်က စာပေရနံ့သင်းပျံ့ခဲ့ကြသူများပင် ဖြစ်ပေသည်။
ရှင်မရေ ဟူသည့် ကဗျာရှည်ကြီးများ၏သခင် ကဗျာဆရာကြီး မောင်ခိုင်မာပင်လျှင် ဤရွာကလေးအား ‘နိမိတ်မွန်မြတ် ဆိပ်ခွန်အရပ်မှာ’ ဟူသည့် ကြောင်းရေ ၃၇၈ ကြောင်းပါ ကဗျာရှည်ကြီးဖြင့် ရေးဖွဲ့မှတ်တမ်း တင်ခဲ့ပါ၏။ ထို့အတူ မိမိစာရေးသူလည်း ဆရာ့ဆရာကြီးများ၏ ဉာဏ် ပညာကို ရွေးစေ့မျှပင် မမီသော်လည်း မိမိလက်လှမ်းမီရာ စာ အတိုအထွာ ကဗျာမပီမသဖြင့် ဤရွာကလေး၏ အကြောင်းခြင်းရာကို ဖွဲ့နွဲ့သီကုံးခွင့် ပြုပါဟုဆိုရင်း …။
စာကြွင်း။    ။ဤရွာကလေးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် အပါအဝင်ဖြစ်ပြီး ၎င်းရွှေဘိုမြို့၏ အနောက်ဘက် ၇ မိုင်အကွာတွင်တည်ရှိသော အညာကျေးလက်ရနံ့တို့ဖြင့် ထုံးမွှမ်းအပ် သော သာသာယာယာ ဆိပ်ခွန်ရွာကလေးပင် ဖြစ်ပါကြောင်း။
အညာကျေးလက်ဆိပ်ခွန်ရွာ
မဟာစည်တရားထူးနဲ့
လူဖြစ်ကံကောင်းသည့်နယ်။
သူ့ရိုးရာလက်ရက်ထည်
အသွေးအရောင်အဆင်ဆန်း
မြင်သမျှလန်းပါဘိတယ်။
ပညာနယ် ဘယ်ခါမှမညှိုး
ရပ်ကျော်ပြည်ကျော်လို့
ပါရဂူမြွော်ကားလို့ရယ်
ဂုဏ်သိက္ခာတိုး။
အမျိုးနဲ့ဘာသာ သာသနာ
ရောင်ဝါနေသို့
လင်းလက်လို့ဖြာ
ဆရာဒကာတွဲလက်ညီ
စည်ပင်လို့ဖြိုး။
အင်ကြင်းတစ်ကိုင်း
ပျဉ်းတစ်ကိုင်းဟု
ဂုဏ်ရှိထင်ပေါ်
အင်ကြင်းတောစေတီတော်
အရောက်ဖူးဖို့
ရွှေဘိုအနောက်ခုနစ်မိုင်ကွာ
လှမ်းလာလှည့်ပါ 
ရောက်သည့်အခါ
ပြန်ချင်ဘူးလေး
သူ့အမည်လွန်ထင်ရှားတယ်
ဆိပ်ခွန်တဲ့လေး။ 
ဆဏ်းဝင်းအောင်
(အယ်ဒီတာ့မှတ်ချက်။ ။ ဂျိုးဇက်ဂိုးစတိန်းသည် ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်၏ ကမ္မဋ္ဌာန်းနည်းနိသယဖြင့် ဆရာတော်ထံတွင် သတိပဋ္ဌာန်တရားများအားထုတ်ခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ ထင်ရှားသော ဝိပဿနာတရားပြဆရာတစ်ဦးဖြစ်သည်။ ၎င်းသည် မဟာစည်ဆရာတော်၏ တပည့်များဖြစ်သော ဂျက်ကွန်းဖီးလ်၊ ရှယ်ရွန် ဆောလ်ဘတ်ဂ်တို့နှင့်အတူ Insight Meditation Society ကို အမေရိကတွင်တည်ထောင်ခဲ့ပြီး သတိပဋ္ဌာန်တရားများအပါအဝင် ဗုဒ္ဓ တရားတော်နှင့်ပတ်သက်သောစာအုပ် အမြောက်အမြားရေးသားခဲ့ သည်။ ၎င်းသည် ယခုအခါ အသက် ၇၆ နှစ်ရှိပြီဖြစ်သည်)

Source : The Voice