လေ့ကျင့်ရေးကွင်းတွင် ဒေးဗစ်လူးဝစ်ဇ်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဆိုသောသတင်းများကို စီဘယ်ယော့စ် ငြင်းဆန်

Photo: Getty Images

အာဆင်နယ်ကွင်းလယ်လူ စီဘယ်ယော့စ်က အသင်းလေ့ကျင့်ရေးကွင်းတွင် အသင်းဖော် ဒေးဗစ်လူးဝစ်ဇ်နှင့် ခိုက်ရန်ဖြစ်ပွားခဲ့သည်ဆိုသော သတင်းများမှာ မဟုတ်မှန်ကြောင်း ငြင်းဆန်ခဲ့သည်။ 

အာဆင်နယ်အသင်း၏ ကစားသမားနှစ်ဦးဖြစ်သည့် နောက်ခံလူ ဒေးဗစ်လူးဝစ်ဇ်နှင့် ကွင်းလယ်လူ စီဘယ်ယော့စ်တို့သည် လေ့ကျင့်ရေးအစီအစဉ်တွင် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း The Athletic သတင်းဌာနက ဖော်ပြခဲ့သည်။ 

အဆိုပါပြဿနာမှာ ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး The Athletic ၏ ဖော်ပြမှုအရ ဒေးဗစ်လူးဝစ်ဇ်၏ ဖျက်ထုတ်မှုကြောင့် စီဘယ်ယော့စ်မှာ နှာခေါင်းမှ သွေးထွက်သည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။ 

ထို့ကြောင့် စီဘယ်ယော့စ်နှင့် ဒေးဗစ်လူးဝစ်ဇ်တို့သည် ပြဿနာဖြစ်ပွားခဲ့ပြီး အသင်းဖော်များက ဝိုင်းဝန်း ဖျန်ဖြေပေးခဲ့ရသလို၊ နည်းပြ အာတီတာက နှစ်ဦးစလုံးကို အိမ်ပြန်စေခဲ့ကြောင်းလည်း The Athletic သတင်းဌာန၏သတင်းထောက်ဖြစ်သူ ဒေးဗစ်အော်စတိန်းက သူ၏ Twitter တွင် ရေးသားခဲ့သည်။ 

သို့သော် စီဘယ်ယော့စ်က လေ့ကျင့်ရေးကွင်းတွင် သူနှင့် ဒေးဗစ်လူးဝစ်ဇ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့သည်ဆိုခြင်းမှာ မဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။ 

စီဘယ်ယော့စ်သည် The Athletic သတင်းထောက် ဒေးဗစ်အော်စတိန်း၏ ပို့စ်ကို Retweet ပြန်လုပ်ကာ သတင်းအမှားသာဖြစ်သည်ဟု သူ၏ Twitter တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ 

Source : Eleven Media Group