ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ကလေးငယ်များအား အဓမ္မခိုင်းစေသည်ဆိုသည့် တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေ နေသည့်အတွက် နေအိမ်ရှေ့တွင် လူစုလူဝေးဖြစ်ပေါ်

ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇) ရပ်ကွက်တွင် ကလေးငယ်များအား အဓမ္မခိုင်းစေသည် ဟုဆိုသည့် တရုတ်နိုင်ငံသားပိုင် လုပ်ငန်းတစ်ခု၏ နေအိမ်အား နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက ရဲတပ်ဖွဲ့များက ဝင်ရောက်ရှာဖွေ နေသည့်အတွက် ယင်းနေအိမ်ရှေ့တွင် လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တရုတ်နိုင်ငံသား ပိုင်ဆိုင်သည့် နေအိမ်တွင် ပေါက်စီနှင့် ကိတ်မုန့်လုပ်ငန်းများ လုပ်ကိုင်သည်ဟု သိရပြီး နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ယင်းလုပ်ငန်းရှိ ကလေးငယ်များကို ပိုင်ရှင်တရုတ်နိုင်ငံသားက အဓမ္မ ညှင်းပန်းနှိပ်စက်သည့်အတွက် ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ အဆိုပါ ရှာဖွေသည့် သတင်းကို ရပ်ကွက်နေ ပြည်သူများ သိရှိပြီးနောက် ယင်းနေအိမ်ရှေ့တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဒီအဆောက်အဦးဆောက်တာ သုံးလေးနှစ်လောက်တော့ရှိုပြီ။ ဘာလုပ်ငန်းလုပ်တယ် ဆိုတာတော့ စည်ပင်နဲ့ပဲ သက်ဆိုင်တယ်။ လုပ်ငန်းလျှောက်ထားတာ စည်ပင်ကိုပဲ လျှောက်ထားတာ” ဟု ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းနောက် နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွငိ ရပ်ကွက်ပြည်သူများ၏ တောင်းဆိုမှုဖြင့် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ်ရှေ့တွင်လည်း ရပ်ကွက်နေပြည်သူ ရာနှင့်ချီ လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရဲတပ်ဖွဲ့မှ ရှာဖွေပြီးနောက်တွင် လူစုလူဝေး ဖြစ်ပေါ်နေသည့် ရပ်ကွက်နေ ပြည်သူများအား အိပ်ပြန်ခိုင်းသော်လည်း တချို့တစ်ဝက်မှာ မပြန်သေးဘဲ စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရဲအရာရှိတစ်ဦးက “နေအိမ်က မိသားစုကိုတော့ ခေါ်သွားပါပြီ။ ကလေးတွေကိုတော့ လူကယ်ပြန်က စစ်ဆေးနေတယ်။ ကျန်တဲ့အသေးစိတ်ကိုတော့ ဆက်လက် စစ်ဆေးနေပါတယ်” ဟုပြောကြားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်ကို The Daily Eleven သတင်းစာက ဆက်လက်ဖော်ပြသွားပါမည်။

Source : Eleven Media Group