ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီနှင့် ကိတ်မုန့်လုပ်ငန်းတစ်ခုတွင် အလုပ်သမားကလေးငယ်များအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ အလုပ်ရုံအနီးတစ်ဝိုက် လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ် လူစုခွဲထိန်းသိမ်း

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီနှင့် ကိတ်မုန့်လုပ်ငန်းတစ်ခုတွင် အလုပ်သမား ကလေးငယ်များအား အလုပ်ရှင်က ညှဉ်းပန်းနှိပ်စက်သည်ဟုဆိုကာ  အလုပ်ရုံအနီးတစ်ဝိုက် လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁  ရက် နံနက် ၁ နာရီအထိ လူစုလူဝေးများ ဖြစ်ပွားနေသဖြင့် လုံခြုံရေးရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့်ပစ်ခတ်ကာ လူစုခွဲရှင်းလင်းမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်ရှိ ပေါက်ဆီနှင့် ကိတ်မုန့်လုပ်ငန်းတစ်ခုတွင် ကလေးအလုပ်သမားများကို လုပ်ငန်းရှင်မှ ညှင်းပန်းနှိပ်စက်မှုများ ရှိနေသည်ဟုဆိုကာ နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် တိုင်တန်းချက်အရ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တာဝန်ရှိသူများက စစ်ဆေးခဲ့ကြောင်း သိရသည်။

“လူစုလူဝေးဖြစ်နေတယ်ဆိုလို့ ရဲတပ်ဖွဲ့နဲ့တာဝန်ရှိသူတွေ သွားတာပေါ့။ အဲဒီက အလုပ်သမား ၁၈ ယောက်ကို ခေါ်ထုတ်လာတာပေါ့။ ခေါ်ထုတ်လာပြီး မေးမြန်းတော့ ပိုင်ရှင်ရဲ့ညီက ၁၉ နှစ်သားတစ်ယောက်ကို ကြက်သွန်နွှာတာ နောက်ကျလို့ဆိုပြီး ဆဲဆိုပြီးတော့ ရိုက်လိုက်တယ်ပေါ့။ ပြင်းပြင်းထန်ထန်တော့ ဒဏ်ရာမရပါဘူး။ ဒါပေမဲ့ နစ်နာတဲ့သူက တိုင်ကြားတဲ့အတွက် သက်ဆိုင်ရာ ပုဒ်မနဲ့ အရေးယူလိုက်တယ်ပေါ့။ နောက်ပြီး လုပ်ငန်းကို စစ်ဆေးလိုက်တော့ လုပ်ငန်းလိုင်စင်က စည်ပင်ကို မတင်ထားဘူး။ အဲဒီတော့ လိုင်စင်မရှိဘဲနဲ့ ထုတ်လုပ်ရောင်းချနေတဲ့အတွက် စည်ပင်ဥပဒေနဲ့ အမှုဖွင့်အရေးယူထားတယ်ပေါ့။ အရိုက်ခံရတဲ့အမှုက အရိုက်ခံရသူက တရားလိုလုပ်ပြီး အမှုဖွင့်တာပေါ့။ နာကျင်စေမှုနဲ့ အမှုဖွင့်ထားတာပေါ့။ ရိုက်တဲ့သူကတော့ ပိုင်ရှင်ရဲ့ညီပေါ့။ ပိုင်ရှင်ကိုတော့ စည်ပင်က တရားလိုလုပ်ပြီး အမှုဖွင့်ထားတယ်ပေါ့။ တရုတ်နိုင်ငံသားတော့ မဟုတ်ဘူး။ တရုတ် ဗုဒ္ဓတွေပေါ့။ ဒီမှာပဲမွေးပြီး ဒီမှာပဲ ကြီးတာပေါ့။ ကလေးငယ်က သိပ်မပါပါဘူး။ အသက်မပြည့်တာတွေလည်း ပါတော့ ပါတာပေါ့။ ကလေးတွေကိုတော့ သူတို့မိဘတွေဆီ ပြန်အပ်ထားလိုက်ပါပြီ။ မေးမြန်းစရာရှိတာ မေးမြန်းပြီးတော့” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရပ်ကွက်အတွင်းနေထိုင်သူများက ယင်းအဆောက်အအုံအတွင်း ကလေးငယ်များရှိနေသေးသည်ဟုဆိုကာ နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရပ်ကွက်နေပြည်သူအချို့က ယင်းနေအိမ်အတွင်း ဝင်ရောက်ရှာ ဖွေမှုများပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ထပ်မံရှာဖွေခွင့် တောင်းဆိုရာမှစတင်ကာ လူစုလူဝေးထပ် မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းလူစုလူဝေးမှ လူအချို့သည် စက်ရုံရှေ့တွင် ရပ်နားထားသည့် ကားများအား ပက်လက်လှန်အောင် ပြုလုပ်ထားခြင်း၊ အဆောက်အအုံကို ခဲဖြင့်ထုခြင်း၊  အတင်းဝင်ရောက်ခြင်းများ ပြုလုပ်နေသည့်အတွက် ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ဖောက်ကာ လူစုလူဝေးအား ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၂၁ ရက် နံနက် ၁ နာရီအထိ ရဲတပ်ဖွဲ့အင်အား ၂၀၀ ကျော်ဖြင့် ယင်းအဆောက်အအုံအနီးတစ်ဝိုက် လုံခြုံရေးယူထားပြီး လူစုလူဝေးအတွင်းရှိ လူအချို့ကလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကို ပြန်လည်တုံ့ပြန်ရန် တုတ်များ၊ ခဲများကိုင်ဆောင်ထားကို တွေ့ရသည်။

အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ အရပ်ဘက်အဖွဲ့အစည်းအချို့မှ လူနာတင်ယာဉ်များ ရောက်ရှိလာသည်ကို တွေ့ရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒဂုံဆိပ်ကမ်းမြို့နယ်မဲဆန္ဒနယ် (၂) တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇင်မင်းထွေးက “ကောလာဟလနှင့် ပတ်သက်ပြီး တာဝန်ရှိသူများမှ သုံးကြိမ်တိုင်ဝင်ရောက်ရှာဖွေသော်လည်း ဘာမှမတွေ့ရှိရပါ။ တာဝန်ရှိသူများက အသေးစိတ်စုံစမ်းဖော်ထုတ်ပြီး သက်သေအချက်အလက်ခိုင်မာပါက ဆက်လက်အရေးယူ ဆောင်သွားမှာဖြစ်သည့်အတွက် မိမိနေအိမ်တွင်သာ နေထိုင်ကြပါရန် အသိပေးမေတ္တာရပ်ခံအပ်ပါတယ်။ မဟုတ် မမှန် သတင်းလွှင့်ပြီး လူစုလူဝေးဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်သူများအား ထိရောက်စွာ အရေးယူသမည်ဖြစ်ကြောင်းနှင့် အိမ်ကို ခဲဖြင့်ပေါက်သူများနှင့် ကားကိုဖျက်စီးသူကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်” ဟု ၎င်း၏ Facebook စာမျက်နှာတွင် နိုဝင်ဘာ ၂၀ ရက် ည ၉ နာရီခန့်က ရေးသားထားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးခဲ့ရာလုပ်ငန်းမှာ လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းမရှိဘဲ ထုတ်လုပ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် စည်ပင်သာယာရေးကော်မတီက တရားလိုပြုလုပ်ကာ သက်ဆိုင်ရာစည်ပင်ဥပဒေဖြင့် အရေးယူထားကြောင်း၊ ယင်းလုပ်ငန်းရှိ အလုပ်သမားတစ်ဦးသည် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူ လုပ်ငန်းပိုင်ရှင်၏ညီကို ဒဂုံဆိပ်ကမ်းရဲစခန်းတွင် နာကျင်စေမှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်မှ လုပ်ငန်းပိုင်ရှင်မှာ တရုတ်နိုင်ငံသားမဟုတ်ဘဲ မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်ဗုဒ္ဓတစ်ဦးဖြစ်ကြောင်း၊ အလုပ်သမားများထဲတွင် ကလေးသူငယ်များပါဝင်ပြီး စစ်ဆေးမေးမြန်းကာ မိဘများထံ ပြန်လည်အပ်နှံထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်အခြေအနေ အသေးစိတ် နောက်ဆက်တွဲအား သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်ပါသည်။


Source : Eleven Media Group