လာလီဂါပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

Photo: Getty Images

လီဗန်တေး – အယ်လ်ချီ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၇:၃၀ နာရီ)
ဒီပွဲက လီဗန်တေးရဲ့ အိမ်ကွင်းတိုက်စစ်နဲ့ အယ်လ်ချီရဲ့ခံစစ် အားပြိုင်မဲ့ပွဲပါပဲ။ အစဉ်အလာတွေအရတော့ အယ်လ်ချီဟာ လီဗန်တေးကို ယှဉ်နိုင်လေ့မရှိဘူး။ ဒါပေမဲ့ လီဗန်တေးကလည်း ဒီရာသီ အိမ်ကွင်းမှာ သရေပွဲတွေဆက်နေသလို၊ ခြေစွမ်းက လည်း အတက်အကျရှိနေသေးတယ်။ အထူးသဖြင့် တိုက်စစ်က အိမ်ကွင်းမှာ ဂိုးရဖို့ ခက်ခက်ခဲခဲကစားနေရပုံက အဝေးကွင်း ခံစစ်ပိတ်ကစားတတ်တဲ့ အယ်လ်ချီကို ဂိုးသွင်းနိုင်ဖို့အတော်လေး ကြိုးစားရလိမ့်မယ်။ လီဗန်တေး ဂိုးနည်းနည်းနဲ့ပဲ ကပ်နိုင်မှာပါ။

ဗီလာရီးယဲလ် – ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၉:၄၅ နာရီ)
ရီးယဲလ်မက်ဒရစ်မှာတော့ ဇီဒန်းရဲ့ ပွဲထွက်စာရင်း၊ လူထုတ်ပုံတွေက ဝေဖန်ခံလာနေရပါပြီ။ အထူးသဖြင့် သူ့ရဲ့ကစားသမားကြီးတွေအပေါ် သံယောဇဉ်တွယ်လွန်းတဲ့ဒဏ်က အခုအချိန်မှာ ပိုပြီးသိသာလာနေလို့ ဇီဒန်းရဲ့ လူထုတ်ပုံအပေါ် ယုံကြည်မှုတွေလည်း လျော့ကျလာနေတယ်။ မာဆယ်လို၊ အစ္စကိုတို့လို ကစားသမားတွေကို ပွဲထွက်ခွင့်ပေးတဲ့အပေါ်မှာလည်း ဇီဒန်းကို ဝိုင်းဝေဖန်လာနေကြတယ်။ လက်ရှိ ရီးယဲလ်မက်ဒရစ်ဟာ အဆင့် (၄)နေရာမှာရှိနေပေမဲ့ အသင်းရဲ့ ဂိုးသွင်းနှုန်းရော၊ ခံစစ်ကစားပုံပါ အားရစရာ ရှိမလာသေးဘူး။ အထူးသဖြင့် ပြိုင်ပွဲစုံနောက်ဆုံး (၇)ပွဲဆက် ဂိုးပေးထားရတဲ့ ရီးယဲလ်ရဲ့ ခံစစ်ကစားပုံက ပြီးခဲ့တဲ့ရာသီကထက် အားလျော့သွားသလိုဖြစ်နေတယ်။ ဗီလာရီးယဲလ်ကတော့ နည်းပြ အမ်မရီလက်ထဲမှာ တည်ငြိမ်မှုတစ်ခုကို ပြလာနေတယ်။ ရာသီစကတည်းက အခုအချိန်ထိ ပြိုင်ပွဲစုံ ရှုံးပွဲ (၁)ပွဲပဲရှိသေးတယ်။ ဒီအခြေအနေက ရီးယဲလ်အတွက် ဖိအားပိုစေပါတယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဗီလာရီးယဲလ်နဲ့ ဂိုးအများကိုပဲ ရွေးထားမယ်။

ဆီဗီလာ – ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၁ ရက် ည ၁၂:၀၀ နာရီ)
လာလီဂါနောက်ဆုံးပွဲမှာ အိုဆာဆူနာကို အနိုင်ကစားပြီး ဆီဗီလာ ပြန်လာပြီလား စောင့်ကြည့်ရတော့မယ်။ ဆီဗီလာကို ဒီရာသီ အဓိကအခက်တွေ့နေစေတာက တိုက်စစ်ပိုင်းလို့ပြောရမယ်။ တစ်ပွဲပျမ်းမျှ (၁)ဂိုးနှုန်းသာရထားတဲ့ ဆီဗီလာတိုက်စစ်က အားရစရာမရှိလှသေးဘူး။ အခုလည်း အဝေးကွင်းနောက် ဆုံး (၂)ပွဲဆက်ကို သရေကျအောင် ခံကစားပြထားနိုင်တဲ့ ဆယ်လ်တာဗီဂိုလိုအသင်းကို ဆီဗီလာတိုက်စစ်က ဂိုးရဖို့ ခက်ခက်ခဲခဲ ကစားရဦးမှာသေချာတယ်။ ဆယ်လ်တာဗီဂိုရဲ့တိုက်စစ်က ဆီဗီလာထက်တောင် အားနည်းနေတာကြောင့် ဒီတိုက်စစ်ကို ဆီဗီလာခံစစ် တားဆီးဖို့မခက်ပေမဲ့ တိုက်စစ်ကတော့ ဂိုးရဖို့ အတော်လေးအားထုတ်ရလိမ့်မယ်ထင်တယ်။ အစဉ်အလာတွေအရလည်း ဆယ်လ်တာဗီဂိုနဲ့တွေ့ထားတဲ့ နောက်ဆုံး (၅) ပွဲမှာ (၁)ပွဲသာနိုင်ထားတဲ့ ဆီဗီလာကို မျှော်လင့်ချက်တွေ အများကြီးထားလို့ မရသေးဘူး။ အပြန်အလှန်ထိန်းကစားရင်း ဂိုးအနည်းနဲ့ သရေကျသွားနိုင်တယ်။

အက်သလက်တီကို – ဘာစီလိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၂၂ ရက် နံနက် ၂:၃၀ နာရီ)
အက်သလက်တီကိုမှာ ဆွာရက်ဇ်က COVID-19 Positive တဲ့။ ဒီတော့ အသင်းဟောင်း ဘာစီလိုနာကို ပြန်ရင်ဆိုင်ရမဲ့ပွဲကို လွဲရတော့မယ်။ ကော်စတာ ဒဏ်ရာရနေတဲ့ အက်သလက်တီကိုတိုက်စစ်မှာ ဆွာရက်ဇ် မကစားနိုင်တော့တာဟာ ဒီရာသီ တိုက်စစ်အစွမ်းပြနေတဲ့ အက်သလက်တီကိုကို အနည်းနဲ့အများတော့ အားလျော့သွားစေနိုင်တယ်။ အသင်းအတွက် ဆွာရက်ဇ်နဲ့ ဂျော်အိုဖေးလစ်တို့က တစ်ဦး (၅)ဂိုးစီသွင်းပြီး ဂိုးသွင်းအများဆုံးသူတွေဖြစ်နေတာကလည်း အက်သလက်တီကိုတိုက်စစ်မှာ သူတို့ (၂)ဦး အတွဲညီညီကစားလာနိုင်မှုကို မြင်နေရတယ်။ အခုတော့ တိုက်စစ်ကို ဂျော်အိုဖေးလစ်တစ်ဦးတည်း ဦးဆောင်ရတော့မယ်။ ဒါပေမဲ့ ဘာစီလိုနာကလည်း ခံစစ်ပိုင်း အကောင်းကြီးမဟုတ်ဘူး။ ဒီအချက်က အက်သလက်တီကိုအတွက် မျှော်လင့်ချက်ဖြစ်တယ်။ ဒါ့အပြင် ဘာစီလိုနာရဲ့ လက်ရှိတည်ငြိမ်မှုအားနည်းပုံနဲ့တော့ တစ်ပွဲထက်တစ်ပွဲ တည်ငြိမ်မှုပိုရှိလာတဲ့ အက်သလက်တီကိုကို အဝေးကွင်းမှာ ယှဉ်နိုင်ဖို့ခက်ပါတယ်။ အက်သလက်တီကိုနဲ့ ဂိုးအများပါပဲ။

Source : Eleven Media Group