Special One အဖြစ်မှ အတွေ့အကြုံရင့်ကျက်သည့် Experienced One ဖြစ်လာပြီဟု မော်ရင်ဟို ပြောကြား

Photo: Getty Images

စပါးအသင်းနည်းပြ မော်ရင်ဟိုက မိမိအနေဖြင့် Special One အဖြစ်မှ အတွေ့အကြုံရင့်ကျက်သည့် Experienced One ဖြစ်လာပြီဟု သုံးသပ်ပြောကြားသည်။

မော်ရင်ဟိုသည် ၂ဝဝ၄ ခုနှစ်က ချယ်လ်ဆီးအသင်းသို့ စတင်ရောက်ရှိလာခဲ့စဉ်က မိမိမှာ အလွန်ထူးခြားသည့် Special One ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သောကြောင့် ၎င်း၏အမည်ပြောင်မှာ Special One အဖြစ် လူသိများထင်ရှားခဲ့သည်။ 

တရုတ်အခြေစိုက် Tencent Sports သတင်းဌာနက မော်ရင်ဟိုနှင့် သီးသန့်ပြုလုပ်သည့် အင်တာဗျူးတွင် လက်ရှိအချိန်၌ မိမိကိုယ်ကိုယ် မည်ကဲ့သို့ ခေါ်ဆိုသလဲဟု မေးမြန်းသည်။ 

အဆိုပါမေးခွန်းကို မော်ရင်ဟိုက “The Experienced One ပေါ့။ ကျွန်တော့်ဆီမှာ အတွေ့အကြုံတွေအများကြီးပါပဲ။ အခြေခံ အားဖြင့်ပြောရရင် ဘောလုံးလောကမှာ အခု ဖြစ်နေတာတွေက ကျွန်တော့်အတွက်တော့  အားလုံးဖြစ်ဖူးပြီးသားတွေပါပဲ။ အရင်ကတည်းက ကျွန်တော်ကြုံဖူးပြီးသားတွေပါ။ ဘောလုံးသမားတစ်ယောက်အတွက် အရမ်းကောင်းတဲ့ကြံ့ခိုင်မှု လိုအပ်သလိုပေါ့။ အသက် (၄၀) ကစားသမားဆီမှာ ၂၀-၃၀ အရွယ်လို တူညီတဲ့အလားအလာမျိုးမရှိပါဘူး။ ခင်ဗျားက ဇလာတန်အီဘရာဟီမိုဗစ် မဟုတ်ခဲ့ဘူးဆိုရင်ပေါ့။ နည်းပြအလုပ်ဆိုတာ ဦးနှောက်တစ်ခုပဲ လိုပါတယ်။ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ စုဆောင်းထားခြင်းကပဲ ခင်ဗျားကို ပိုကောင်းတဲ့သူတစ်ယောက် ဖြစ်လာစေမှာပါ။ ကျွန်တော့်ဆီမှာ အတွေ့အကြုံတွေအများ ကြီးရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၈) အပြီးတွင် (၅)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁) ပွဲရှုံး ရလဒ်ထွက်ပေါ်ထားကာ ရမှတ် (၁၇)မှတ်ဖြင့် အဆင့် (၂)နေရာ၌ ရပ်တည်နေပြီး အဆင့် (၁)နေရာမှ လက်စတာအသင်း (၁၈ မှတ်)နှင့် (၁)မှတ်သာ ကွာဟသည်။ 

Source : Eleven Media Group