ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ ပါဝင်သူ ၁၂ ဦးကို အမှုဖွင့် ဖမ်းဆီးထားပြီး နှိပ်စက်ခံရသည်ဟု ဆိုသည့် ကလေး လုပ်သား ၁၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ ပါဝင်သူ ၁၂ ဦးကို အမှုဖွင့် ဖမ်းဆီးထားပြီး နှိပ်စက်ခံရသည်ဟု ဆိုသည့် ကလေး လုပ်သား ၁၀ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်တွင်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ  ပါဝင်သူ ၁၂ ဦးကို အမှုဖွင့် ဖမ်းဆီးထားပြီး နှိပ်စက်ခံရသည်ဟုဆိုသည့် ကလေးလုပ်သား ၁၀ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ ကြောင်း နိုဝင်ဘာ ၂၁ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာက အတည်ပြုပြောကြားသည်။

နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်၌ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားပြီး အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများလည်း လာရောက်ခဲ့သည်။

လူစုလူဝေးနှင့်ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှ ပါဝင်သူ ၁၂ ဦးကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ-၄၄၀/၄၂၇/၃၃၃/၃၃၂/၃၃၈/၁၅၂/၁၁၄ တို့ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်စွာ၏ ပြောကြားချက်အရသိရသည်။

နိုဝင်ဘာ ၁၉ ရက်၊ညပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီနှင့်ကိတ်မုန့်လုပ်ငန်းမှ အေခ်ါဆောင်သွားသည့် အလုပ်သမား ၁၈ ဦးအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ကာ အလုပ်သမား ၁၀ ဦးထံတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

“အလုပ်သမားလေးတွေက ဧရာဝတီတိုင်းကပါ။သူတို့ မိဘတွေဆီကို ပြန်ပို့ဖို့က ကိုဗစ်ကာလဖြစ်နေတော့ အခက်အခဲရှိတယ်။အဲ့ဒါကြောင့် လူကယ်ပြန်မှာထားဖို့ ကျန်းမာရေးစစ်ဆးမှု ပြုလုပ်တော့ ဆယ်ဦးမှာ ပိုးတွေ့ပါတယ်။၁၂ နှစ်အရွယ်က ကျားတစ်ဦး မ နှစ်ဦး၊၁၆ နှစ်အရွယ် မ နှစ်ဦး၊၁၉ နှစ်အရွယ်က မ နှစ်ဦး၊၁၇ နှစ်က မ တစ်ဦး၊၁၈ နှစ်အရွယ် မတစ်ဦးနဲ့ ၁၅ နှစ်အရွယ်က တစ်ဦး စုစုပေါင်း ၁၀ ဦးပါ။အခုတော့ သက်ဆိုင်ရာ Quarantine စင်တာတွေကို ပို့ထားပါတယ်” ဟု ဒဂုံဆိပ်ကမ်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စွာက ပြောကြားသည်။

ထိုသို့ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာကျန်းမာရေးဌာနမှ ပေါက်ဆီနှင့်ကိတ်မုန့်လုပ်ငန်းလုပ်ကိုင်ရာ အဆောက်အအုံအား နိုဝင်ဘာ ၂၁ ရက်၊မွန်းလွဲပိုင်းက ပိုးသတ်ဆေးလာရောက်ဖြန်းခဲ့သည်။

နိုဝင်ဘာ ၂၀ ရက်၊ညပိုင်းတွင် ဖြစ်ပွားခဲ့သည့် ရုန်ရင်းဆန်ခတ်ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်ဖြစ်စဉ်နှင့်ပတ်သတ်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးသိန်းလှိုင်ထွန်းက “နိုဝင်ဘာ ၂၀ ရက်ညပိုင်းက လာတဲ့သူတွေထဲမှာ လေးခွတွေပါတယ်။ပုလင်းမီးရှို့ပြီးပစ်တဲ့ ပုလင်းကွဲတွေပါတယ်။ရဲတွေကို ဆွတယ်။ပြောတဲ့စကားတွေကလည်း နိုင်ငံရေးပယောဂတွေပါ ပါလာတယ်။တရုတ်ကို ကာကွယ်ပေးနေတဲ့ ရဲတွေဆိုပြီးပြောတယ်။ကျွန်တော် ရပ်ကွက်ထဲကို ပတ်ကြည့်တော့ လုပ်ငန်းရှင်က ပိုက်ဆံပေးထားတယ်ဆိုပြီး ပြောတယ်။ကလေးတွေရှိတယ် ကလေးတွေကို ဖွက်ထားတယ်ဆိုပြီး ပြောတယ်။အဲလိုတွေ ပြောပြီး လူတွေကို အုံကြွအောင်လုပ်တယ်။လူအုပ်ထဲမှာ ကျွန်တော်တို့ ရပ်ကွက်က မဟုတ်တဲ့ ပြင်ပကလူတွေ အများအပြားကို တွေ့ရတယ်။တုတ်တွေကိုင်ထားပြီး မူးနေတာတွေ တွေ့ရတယ်” ဟု ပြောကြားသည်။

ယင်းအပြင် ပေါက်စီနှင့်ကိတ်မုန်ပိုင်ရှင်ဖြစ်သူအား လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ငန်းလုပ်ကိုင်သည့်အတွက် စည်ပင်သာယာရေးကော်မတီမှ တရားလိုပြုလုပ်ကာ စည်ပင်သာယာဥပဒေပုဒ်မ-၃၂၃ (ဋ) ဖြင့် အမှုဖွင့်ထားပြီး ၄င်း၏ ညီဖြစ်သူမှာ ၁၉ နှစ်အရွယ် အလုပ်သမားတစ်ဦးအား ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့သည့်အတွက် ၄င်းအား ရာဇသတ်ကြီးပုဒ်မ-၂၉၄/၃၂၃/၅၀၆ ဖြင့် အမှုဖွင့်ထား ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ (ရဲဇာနည် Facebook page )တွင်လည်း ၎င်းလုပ်ငန်း၌ လုပ်ကိုင်နေသည့် ကလေး ၁၈ဦးသည် မိဘအုတ်ထိန်သူများ ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂ဝရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၂ နာရီခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ် (၈၇)ရပ်ကွက်နေ ဦးသီဟထွန်း ၏ “လိုတရရွှေစံလှ ပေါက်စီ” မုန့်တိုက်တွင် အလုပ်လုပ်ကိုင်နေသည့် ကလေးများအား အလုပ်ရှင်မှ ညှဉ်းပန်းနှိပ်စက်နေသဖြင့် မုန့်တိုက်အနီး၌ ရပ်ကွက်နေပြည်သူ ၄၀ ဦးခန့် စုဝေးမှုဖြစ်ပေါ်နေကြောင်း သတင်းအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍သွားရောက်ဆွေးနွေးရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာလူစုကွဲသွားခဲ့ကြောင်း၊ ၎င်းနောက် နိုဝင်ဘာ ၂ဝရက် နေ့လည် ၁၂ နာရီခန့်တွင် မုန့်တိုက်အတွင်း ကလေးငယ်များ ကျန်ရှိနေသေးသည်ဟုယူဆကာ အဆိုပါမုန့်တိုက်သို့ ရပ်ကွက်နေပြည်သူ ၅၀ ဦးခန့် ထပ်မံလာရောက်ခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ ရောက်ရှိလာကာ အင်တာဗျူးဆောင်ရွက်ခဲ့၍ အင်အား ၁၀၀ ဦးခန့်ဖြစ်လာသဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် လူထုကိုယ်စားလှယ်များမှ စေ့စပ်ညှိနှိုင်းခဲ့ပြီး မုန့်တိုက်အတွင်းသို့ ဝင်ရောက်စိစစ်ရှာဖွေရာတွင်လည်း ကလေးငယ်တစ်ဦးတစ်ယောက်မျှ မတွေ့ရှိရပါကြောင်း ဖော်ပြထားသည်။

ဆက်လက်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့မှုအပေါ် အဖြစ်မှန်ပေါ်ပေါက်ရန်အတွက် အဆိုပါမုန့်တိုက်တွင်လုပ်ကိုင်နေသည့် အလုပ်သမား၁၈ ဦး(အမျိုးသား ၄၊ အမျိုးသမီး ၁၄)တို့အား စိစစ်ရာ၎င်းတို့သည်မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် လာရောက်အလုပ်လုပ်ကိုင် သူများဖြစ်ကြောင်း၊လုပ်ခလစာအားမိဘများထံ လစဉ်ပေးပို့နိုင်ခဲ့ကြောင်း၊ အလုပ်ရှင်မှလည်း အလုပ်သမားများအပေါ် အတင်းအဓမ္မနှိပ်စက်၍ စေခိုင်းခြင်းမရှိကြောင်း၊ အော်ဒါများကျသည့်နေ့များတွင် အချိန်ပို လုပ်ကိုင်ရလေ့ရှိပြီး နောက်ကျပါက တစ်ခါတစ်ရံ ဆူပူပြောဆိုခံရခြင်းများရှိကြောင်း၊ ၂၄ နာရီလုံး လုပ်ကိုင်ရသည့်နေ့ မရှိကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အလုပ်ရှင်၏ညီဖြစ်သူ အောင်ကျော်မင်းက အလုပ်သမားဖြစ်သူ စကျော်လင်းထွေး(၁၉)နှစ်အား ပေါက်စီပြုလုပ်ရန် ကြက်သွန်အခွံခွာရာတွင် နောက်ကျသည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူပြောဆိုကာ ပါးရိုက်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အောင်ကျော်မင်းအား ဒဂုံဆိပ်ကမ်း မြို့မရဲစခန်း၌ဥပဒေနှင့်အညီ အမှုရေးဖွင့်ဆောင်ရွက်ထားရှိကြောင်းနှင့် အဆိုပါမုန့်တိုက်မှာ လုပ်ငန်းလိုင်စင် မရှိသဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

Source : Eleven Media Group