နောက်ခံလူ ဗာရန်းအား လုံးဝရောင်းချမည်မဟုတ်ကြောင်း ဇီဒန်း ပြောကြား

Photo: Getty Images

မန်ယူအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းနောက်ခံလူ ဗာရန်းအား လုံးဝရောင်းချမည်မဟုတ်ကြောင်း ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ပြင်သစ်နောက်ခံလူ ဗာရန်းသည် ရီးယဲလ်အသင်းနှင့် ၂၀၂၂ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကို ခေါ်ယူရန် ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းက ချိတ်ဆက်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ 

သို့သော် ဇီဒန်းက ဗာရန်းအနေဖြင့် ရီးယဲလ်အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဇီဒန်းက “ဗာရန်းကို အသင်းမှာ ဆက်ရှိနေစေချင်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ သူဟာ အသင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့တာ ကျွန်တော်တို့ အရမ်းကံကောင်းပါတယ်။ သူဟာ အောင်မြင်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ထားပြီး ရီးယဲလ်အသင်းနဲ့အတူ ဆုဖလားများကို ရယူနိုင်ခဲ့ပါတယ်။ သူက ရီးယဲလ်အသင်းမှာ လုံးဝပြောင်းရွှေ့လို့ မရတဲ့ ကစားသမားပါ။ လူတွေ ပြောနေတာတွေကိုတော့ ကျွန်တော်တို့ မတားနိုင်ဘူးလေ။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ရှင်းပါတယ်။ ဗာရန်းကို လုံးဝရောင်းချမှာ မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။ 

ဗာရန်းသည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ်ကလပ် လန်းစ်အသင်းမှ ရီးယဲလ်အသင်းသို့ ယူရို (၁၀)သန်းသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလား (၄)ကြိမ်၊ လာလီဂါချန်ပီယံဆု (၃)ကြိမ် အပါအဝင် ဆုဖလား (၁၈)လုံးအထိ ရရှိထားသူ ဖြစ်သည်။ 

Source : Eleven Media Group