Pfizer နှင့် BioNTech တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေးကို အမေရိကန်တွင် အရေးပေါ်အသုံးပြုမှုခွင့်ပြုချက် တောင်းခံ

အမေရိကန်နိုင်ငံ မိုင်ယာမီကမ်းခြေရှိ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးသည့်နေရာတွင် လူများစီတန်းရပ်နေပုံအား နိုဝင်ဘာ ၁၇ ရက်၌ တွေ့ရစဉ် (Photo:AFP)

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုမှုခွင့်ပြုချက် ရရှိရန် အမေရိကန်ကျန်းမာရေးအာဏာပိုင်များထံ နိုဝင်ဘာ ၂၀ ရက်၌ ခွင့်ပြုချက်တောင်းခံခဲ့သည်။

အမေရိကန်အစားအစာနှင့် ဆေးဝါးစီမံခန့်ခွဲမှု (FDA) က ဗိုင်းရပ်စ်ကာကွယ်ဆေး အရေးပေါ်အသုံးပြုမှု ခွင့်ပြုချက်တောင်းဆိုမှုအတွက် ၎င်း၏ကာကွယ်ဆေးကော်မတီနှင့် ဒီဇင်ဘာ ၁၀ ရက်၌ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

“ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အများပြည်သူ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ဖို့အတွက် ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန်ဆွေးနွေးတာတွေ ပြုလုပ်ဖို့အရေးကြီးကြောင်း FDA က အသိအမှတ်ပြုထားတယ်” ဟု FDA ၏ အကြီးအကဲ စတီဗင်ဟန်းက ပြောကြားခဲ့သည်။

“ အလားအလာရှိတဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် FDA ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အချက်အလက်တွေကိုချင့်တွက် သုံးသပ်ပြီး အတတ်နိုင်ဆုံးပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးသွားမယ်လို့ အမေရိကန်ပြည်သူတွေကို အခိုင်အမာပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ပြန်လည်သုံးသပ်မှုများသည် အချိန်မည်မျှ ကြာမြင့်နိုင်သည်ကို ခန့်မှန်းမပြောကြားနိုင်ကြောင်း စတီဗင်ဟန်းက ပြောကြားခဲ့သော်လည်း ဖက်ဒရယ်အစိုးရက ဒီဇင်ဘာလထဲတွင် အတည်ပြုချက် ရရှိနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

“ အတည်ပြုချက်တင်သွင်းတာဟာ ကမ္ဘာပေါ်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး ဆောင်ကျဉ်းတဲ့ ခရီးစဉ်အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်ပါတယ်” ဟု Pfizer အမှုဆောင်ချုပ် Albert Bourla က ပြောကြားခဲ့သည်။

Pfizer နှင့် BioNTech တို့မှ ကာကွယ်ဆေးအပြင် အမေရိကန်ဆေးကုမ္ပဏီ Moderna က ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးသည်လည်း ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကာကွယ်ဆေးထွက်ရှိရန် အလားအလာ ကောင်းနေသည့် ကာကွယ်ဆေးတွင် ပါဝင်နေသည်။

ဥရောပက ယခုနှစ်မကုန်မီ ကာကွယ်ဆေး နှစ်မျိုးလုံးကို အတည်ပြုသွားနိုင်သည်ဟု ဥရောပကော်မရှင် ဥက္ကဌ အာဆူလာ ဗွန်ဒါလီယန်က ပြောကြားခဲ့သည်။

သို့ရာတွင် ကာကွယ်ဆေးအမြောက်အများ ထုတ်လုပ်ဖြန့်ချိမှုနှင့်ပတ်သက်သည့် မေးခွန်းများစွာ ထွက်ပေါ်နေသည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်မှု ဒုတိယလှိုင်းသည် ပထမလှိုင်းထက် ပိုမိုပြင်းထန်ဆိုးရွားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် ၅၇ သန်းနီးပါးရှိ၍ သေဆုံးသူ ၁.၄ သန်းရှိသည်ဟု တရားဝင် ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူဦးရေမှာ ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းထားကြသည်။

ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ အများဆုံးဖြစ်သည့် အမေရိကန်ပြီးနောက် အိန္ဒိယသည် ဗိုင်းရပ်စ်ကူးစက်ခံရသူ ဒုတိယအများဆုံးဖြစ်ပြီး အချို့သင်္ချိုင်းများတွင် မြေမြှပ်သဂြိုဟ်သည့်နေရာများ ကုန်သွားသည်ဟု သုဘရာဇာများက ပြောကြားခဲ့သည်။

Source : Eleven Media Group