ဒဂုံဆိပ်ကမ်း ပေါက်စီနှင့်ပေါင်မုန့် မုန့်တိုက်က ကလေးငယ် ၁၀ ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်မှာရှိတဲ့ ပေါက်စီနဲ့ပေါင်မုန့်တိုက်လုပ်ငန်းကနေ ညှဉ်းပန်းနှိပ်စက်ခံရတယ်ဆိုတဲ့ ကလေးငယ်တွေထဲက ၁၀ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတယ်လို့ မုန့်တိုက်လုံခြုံရေး တာဝန်ယူစောင့်ကြပ်နေတဲ့ ရဲအရာရှိက ပြောပါတယ်။ 

မုန့်တိုက်မှာ နေထိုင်တဲ့ ကလေးငယ် ၁၀ ဦး ရောဂါကူးစက်ခံထားရတာကြောင့် ဆက်စပ်သူတွေအနေနဲ့ Home Quarantin နေသင့်တယ်လို့ ရဲအရာရှိက အကြံပြုပါတယ်။ 

လက်တလောမှာတော့ ဒဂုံဆိပ်ကမ်းမြို့နယ်မြို့မရဲစခန်းကို ပိတ်ထားပြီး မုန့်တိုက်ကိုလည်း ဆေးဖြန်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

မုန့်တိုက်မှာ အလုပ်လုပ်နေတဲ့သူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပါအဝင် မိန်းကလေး ၁၄ ဦးနဲ့ ယောက်ျားလေး ၄ ဦးပါဝင်ပြီး သူတို့ကို နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ရဲတပ်ဖွဲ့က ခေါ်ယူထိန်းသိမ်းထားတာပါ။ 

လုပ်ငန်းရှင်ကိုတော့ ရဲတပ်ဖွဲ့ကနေ နာကျင်စေမှု၊ ဆဲဆိုမှုပုဒ်မတွေနဲ့ ဖမ်းဆီးထားသလို စည်ပင်သာယာရေးကော်မတီကလည်း လုပ်ငန်းလိုင်စင်ဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။ 

 

Source : DVB