
၂၅. ၇. ၂၀၂၄
Written by Thettant
အာဆီယံကလပ် ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းက ဘရူနိုင်းကလပ် ကာဆူကာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အုပ်စုအဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
၂၀၂၄ – ၂၀၂၅ ရာသီ အာဆီယံကလပ် ချန်ပီယံရှစ် (ASEAN CLUB CHAMPIONSHIP – Shopee Cup) ပြိုင်ပွဲခြေစစ်ပွဲ Play -Off ဒုတိယအကျော့ ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက် ညနေ ၆ နာရီအချိန်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ၊ သုဝဏ္ဏ ၊ လူငယ်လေ့ကျင့်ရေးစခန်း (YTC) ကွင်းမှာ ကျင်းပခဲ့တာပါ။
ပထမအကျော့က ကာဆူကာအသင်းအိမ်ကွင်းမှာ တစ်ဂိုးစီသရေကျခဲ့ပြီး ဒီနေ့ပွဲနိုင်တဲ့အသင်းက အုပ်စုတက်မှာမို့လို့ရှမ်းယူနိုက်တက်အသင်းက အကောင်းဆုံးပြင်ဆင်ထားတဲ့ လူစာရင်းနဲ့ပွဲထွက်ခဲ့ပြီး အနိုင်ဂိုးတွေကို ရင်တရိုက ပွဲကစားချိန် ၄ မိနစ်မှာပင်နယ်လ်တီနဲ့ ၄၃ မိနစ်မှာ ဒုတိယဂိုးသွင်းယူခဲ့ပြီး တတိယဂိုးကိုတော့ ကောင်းမြတ်သူက ၆၇ မိနစ်မှာ သွင်းယူပေးခဲ့တာကြောင့် ၃ ဂိုးပြတ်နိုင်နေချိန် ပွဲကစားချိန်မိနစ်၈၀ မှ ကာဆူကာအသင်းရဲ့ နှစ်သိမ့်ချေပဂိုးကို ဝီလျံက ပင်နယ်လ်တီကတစ်ဆင့် သွင်းယူပေးခဲ့လို့ ပြိုင်ပွဲအပြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုကလပ် ရှမ်းယူနိုက်တက် အသင်းက ဘရူနိုင်းနိုင်ငံ ကိုယ်စားပြုကလပ် ကာဆူကာ အသင်းကို သုံးဂိုး – တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံရုံးတာဝန်ရှိသူတွေ၊ အားကစားဝါသနာရှင် ပရိသတ်တွေ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။


