Myanmar Transparency News

မြောင်းမြ၊ ညောင်လေးပင်စျေး ဆိုင်ခန်း ၁၁၀ မီးလောင်ဆုံးရှုံးမှု မီးသွေးမီးဖို မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ဟု စစ်ဆေးပေါ်ပေါက်

၂၁.၁.၂၀၂၅
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ညောင်ပင်လေးဈေးမှ ဆိုင်ခန်း ၁၁၀ မီးလောင်ဆုံးရှုံးမှုမှာ မီးသွေးမီးဖိုမီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

“ညဈေး ထမင်းကြော်ဆိုင်ဖွင့်တဲ့ တူဖြစ်တဲ့သူက ညပိုင်းက အဒေါ်ရဲ့ဆိုင်ခန်းနားမှာ မီးသွေးမီးဖိုကို သိမ်းခဲ့တာ။ အဲ့ဒီမီးဖိုမှာ မီးကမသေသေးတော့ မီးကြွင်းမီးကျန်ကနေတစ်ဆင့် ဆိုင်တွေကို လောင်ကုန်တာ။ ဆိုင်တွေကလည်း သစ်သားတွေနဲ့ပဲဆောက်ထားတာဆိုတော့ မီးလောင်အားကြီးသွားတာ”ဟု မီးငြှိမ်းသတ်သူတစ်ဦးက ပြောသည်။

မီးလောင်မှုမှာ ဇန်နဝါရီလ ၁၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ပြီး တစ်နာရီကျော်ကြာ မီးလောင်မှုတွင် အလျား ၆ ပေ၊ အနံ ၆ ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ ကွန်ကရစ်ခင်း (၁)ထပ် ဈေးဆိုင်ခန်း (၁၁၀)ခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းခဲ့သော ညောင်လေးပင်စျေးမှာ သစ်သားများဖြင့်သာ ဆောက်လုပ်ထားပြီး နှစ် ၅၀ ကျော်ရှိပြီဖြစ်ကာ မီးလောင်ကျွမ်းခဲ့သော ဆိုင်ခန်းများမှာ အထည်ဆိုင်နှင့်ဆန်ဆိုင်အများစုပါဝင်ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၇ စီးတို့ဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းခဲ့သည်။

ဆိုင်ခန်း ၁၁၀ မီးလောင်ဆုံးရှုံးမှုကြောင့် မီးသွေးမီးဖိုမှ မီးကြွင်းမီးကျန်ကို မငြှိမ်းသတ်ဘဲထားခဲ့သော ညစျေးထမင်းကြော်ဆိုင်ရှင် ဦးသန့်ဇင်ဝင်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် မြောင်းမြမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

မူရင်းသတင်း — Myanmar Transparency News