Myanmar Transparency News

ရေးမြို့နယ် မလွှဲတောင် ၁၄ မိုင်ကွေ့မှာ ကားချောက်ထဲကျလို့ လူငါးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

၂၃.၁. ၂၀၂၅
Written by Thettant

ရေးမြို့နယ်၊ မလွှဲတောင်အတက်မှာ ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ပိုင်းက ခရီးသည်တင်ကုန်ကားတစ်စီး ချောက်ထဲကျပြီး ခရီးသည်ငါးဦးသေဆုံးကာ ငါးဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ရေဖြူမြို့နယ်၊ မင်းသားအုပ်စု၊ မော်ကြီးရွာက ခရီးသည်နဲ့ ကုန်တင်ကားဟာ ရေးမြို့ကပြန်လာချိန် နေ့လယ် ၂ နာရီလောက်မှာ ရေး- ထားဝယ် ကားလမ်း ရေးဘက်ခြမ်း မလွှဲတောင်အတက် ၁၄ မိုင် ဘုန်းကြီးကျောင်းအကွေ့ အရောက်မှာ အရှိန်လွန်ကာ ချောက်ထဲကျသွားခဲ့တာလို့ သိရပါတယ်။

ခရီးသည်တင်ကုန်ကားပေါ် ရေဖြူမြို့နယ် ကျွဲသုံးညီမ၊ ကျွဲတလင်း၊ မင်းသား၊ ဆင်စွယ် စတဲ့ ကျေးရွာတွေက ခရီးသည်တွေ လိုက်ပါလာပြီး ဒရိုင်ဘာတစ်ဦးနဲ့ယာဥ်နောက်လိုက်တစ်ဦး အပါအဝင် ၁၁ ဦးပါဝင်ခဲ့သလို ယာဥ်မောင်းက ဒဏ်ရာပြင်းထန်တာကြောင့် ဖြစ်စဥ်အသေးစိတ် မသိရသေးတဲ့အခြေအနေလို့လည်း သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်ကြောင့် Grade 11 ကျောင်းသူ မိစန္ဒာဦးနဲ့ ဘွဲ့ယူပြီးစ အမျိုးသားတစ်ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦး သေဆုံးခဲ့သလို အမျိုးသားသုံးဦးနဲ့ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ယာဥ်နောက်လိုက်အမျိုးသား တစ်ဦးလွတ်မြောက်ခဲ့တယ်လို့ ကူညီပေးတဲ့ ပရဟိတအဖွဲ့တစ်ခုထံက သိရပါတယ်။

ဓာတ်ပုံ – ရန်ကြီးအောင် အရန်မီးသတ်တပ်ဖွဲ့၊ အောင်မင်္ဂလာ လူမှုကူညီရေးအသင်း။

မူရင်းသတင်း — Myanmar Transparency News