Myanmar Transparency News

အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ရာမှ Hiace အငှားယာဥ် လမ်းလယ်ကျွန်းသစ်ပင်ကိုဝင်တိုက်ရာမှ နှစ်ဦးဒဏ်ရာရ

၂၇.၁.၂၀၂၅
Written by KL

အမြန်လမ်းမကြီး ရန်ကုန် – နေပြည်တော် လမ်းပိုင်း မိုင်တိုင်အမှတ် ၃၅/၄ နှင့် ၃၅/၅ ကြားတွင် ဇန်နဝါရီလ ၂၆ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်က ယာဥ်မောင်းအိပ်ငိုက်ရာမှ Hiace အငှားယာဥ်တစ်စီး လမ်းလယ်ကျွန်းရှိ သစ်ပင်ကို အရှိန်ပြင်းစွာ တိုက်မိရာမှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးတို့လိုက်ပါလာသော Toyota Hiace အဖြူရောင်အငှားယာဥ်မှာ မိုင်တိုင်အမှတ် ၃၅/၄နှင့် ၃၅/၅ ကြားတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိ မလေးရှားပိတောက်ပင်ကို အရှိန်ပြင်းစွာ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်းဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဦးမျိုးမြင့်အောင်တွင် ဘယ်ခြေသလုံးကွဲဒဏ်ရာ၊ မေးစေ့ကွဲ၊ ဘယ်ဘက်လက်ဖျံပေါက်ပြဲပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး ယာဥ်ရှေ့ခေါင်းခန်းတွင်လိုက်ပါလာသော အသက် ၅၈ နှစ်အရွယ် ဒေါ်မြင့်မြင့်ကြိုင်တွင် ညာဘက်ပေါင်ရိုးကျိုးဒဏ်ရာ၊ နဖူးချိုင့်ဝင်ပေါက်ပြဲဒဏ်ရာ၊ မေးစေ့ပေါက်ပြဲဒဏ်ရာ၊ ညာလက်နာကျင်ဒဏ်ရာတို့ရရှိခဲ့ရာ လူနာမှာအသက်အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ယာဥ်မောင်း ဦးမျိုးမြင့်အောင်ကို ဘောနတ်ကြီးအမြန်လမ်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၇၉ /၃၃၇/၃၃၈ ဖြင့် အမှုဖွင့်ထားသည်။

မူရင်းသတင်း — Myanmar Transparency News