Myanmar Transparency News

နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးက အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရပြီး ဗိုလ်စွဲ

၂၆. ၂. ၂၀၂၅
Written by Tha Doe

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ ဒါရှာရတ်ကွင်းတွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ ရက်အထိ ကျင်းပသည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲ၏ ယနေ့ကျင်းပသည့် ဗိုလ်ုပွဲတွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက အိမ်ရှင်နီပေါအသင်းကို နှစ်ဂိုးပြတ်အနိုင်ရကာ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၄ သင်း ပတ်လည်စနစ်ဖြင့် ကစားခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်အသင်းကို သုံးဂိုး တစ်ဂိုး၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်အသင်းကို ငါးဂိုး ဂိုးမရှိနှင့် ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းကို ၂ ဂိုးစီသရေဖြင့် ယှဉ်ပြိုင် ကစားပြီးနောက် အမှတ်အများဆုံးရရှိသည့် မြန်မာနှင့် နီပေါ ထိပ်ဆုံးနှစ်သင်းမှာယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားခဲ့ရာ အိမ်ရှင်နီပေါအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့သည်။

ဗိုလ်လုပွဲ၏ ပထမပိုင်းတွင် မြန်မာအသင်းမှာ နီပေါအသင်း၏ အိမ်ရှင်ဖိအားအောက် ဂိုးမရှိသရေကျခဲ့သော်လည်း ဒုတိယပိုင်းစပြီးမကြာမီ ၆၁ မိနစ်တွင် ရူပါခိုင်က မြန်မာအမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့် သွင်းယူခဲ့ပြီး နှစ်မိနစ်အကြာ အသင်းခေါင်းဆောင် ဝင်းသိင်္ဂီထွန်းက သွင်းယူသည်ကို နီပေါနောက်ခံလူများ တားဆီးရာမှ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်လျက်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီး ခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ် ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News