Myanmar Transparency News

အင်္ဂလန်က ပြင်သစ်ကို ခြောက်ဂိုးသွင်းပြီး အမြင့်ဆုံး တတိယနေရာအတွက် အားထုတ်ခဲ့သလို ပြင်သစ်ကလည်း အံ့မခန်း လေးဂိုးပြန်သွင်းလို့ အသက်ရှုမှားခဲ့ည

သက်တံ့
၁၉. ၇. ၂၀၂၆

ဒီ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ တတိယနေရာလုပွဲမှာ အင်္ဂလန်အသင်းက ပြင်သစ်အသင်းကို ၆ ဂိုး – ၄ ဂိုး ဆိုတဲ့ မယုံနိုင်စရာ သွင်းဂိုး မိုးရွာခဲ့သလို သမိုင်းတစ်လျှောက်မှာ ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား တတိယနေရာကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဆုရဖူးပြီးနောက်ပိုင်း အမြင့်ဆုံး တတိယနေရာရဖို့ အင်္ဂလန်ဟာ ပွဲအစပိုင်းကစ အလုံးစုံ စိုးမိုးထားခဲ့ပြီး ပြင်သစ်ခံစစ်ကို အသေအလဲ တိုက်စစ်ဆင်ခဲ့တာပါ။ ဒါကြောင့် ဒီနေ့ပွဲ အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်က ပွဲစပြီး ၃ မိနစ်မှာပဲ ဒီနှစ်ကမ္ဘာ့ဖလားအတွက် အဖွင့်ဂိုးကို ဒုတိယမြောက် အမြန်ဆုံး အစောဆုံး ဂိုးသွင်းယူနိုင်ခဲ့တာပါ။

အဲဒီနောက် ကမ္ဘာ့ဖလား တတိယနေရာလုပွဲရဲ့ ပထမဆုံး ၄၅ မိနစ်ဟာ မယုံနိုင်စရာရလဒ်အဖြစ် ပွဲချိန် ၁၈ မိနစ်မှာ အက်ဇ်ရီ ကွန်ဆာ (Ezri Konsa) က ဒုတိယဂိုး၊ တိုက်စစ်မှူး ဘူကာယို ဆာကာ (Bukayo Saka) က ပွဲချိန် ၃၇ မိနစ်နဲ့ ၄၅ မိနစ်မှာ ၂ ဂိုးဆက်တိုက် သွင်းယူခဲ့လို့ ပထမပိုင်းအပြီးမှာ အင်္ဂလန်က ၄ ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် ဦးဆောင်ခဲ့တာပါ။

MIAMI GARDENS, FLORIDA – JULY 18: Kylian Mbappe #10 of France celebrates after scoring his team’s third goal during the FIFA World Cup 2026 Bronze Final between France and England at Miami Stadium on July 18, 2026 in Miami Gardens, Florida. (Photo by Sarah Stier – FIFA/FIFA via Getty Images)

ဒုတိယပိုင်းမှာတော့ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက်ဗိုလ်လုပွဲတက် ပြင်သစ်ရဲ့ မယုံနိုင်စရာ ၄ ဂိုးပြန်သွင်းမှုအပြင် အင်္ဂလန်ရဲ့ အနိုင်ဂိုး နှစ်ဂိုးဆက်သွင်းတာကို မြင်ခဲ့ရသလို သမိုင်းတစ်လျှောက် တတိယနေရာလုပွဲမှာ ဟတ်ထရစ်ရယူခဲ့တဲ့ ဆာကာကိုပါ တစ်ကမ္ဘာလုံး တွေ့ခဲ့ရတာပါ။

ဒုတိယပိုင်းမှာ ပြင်သစ်အသင်းဟာ မယုံနိုင်စရာ နိုးထလာခဲ့ပြီး ချေပဂိုးတွေ ဆက်တိုက် ပြန်လည်သွင်းယူခဲ့တာပါ။ ဒီနေရာမှာ မက်ဆီနဲ့ ရွှေဘောလုံးဆု အပြိုင်ဖြစ်နေတဲ့ ကီလီယန် အမ်ဘာပေ (Kylian Mbappé) က ပွဲချိန် ၄၈ မိနစ်နဲ့ ၆၆ မိနစ်တို့မှာ ၂ ဂိုးသွင်းယူခဲ့ပြီး၊ ဘရက်ဒ်လေ ဘာကိုလာ (Bradley Barcola) က ၅၄ မိနစ်မှာ ၁ ဂိုး ထပ်သွင်းယူလို့ ပွဲက ၄ – ၃ အထိ ပြန်ပြီး အသက်ဝင်လာခဲ့ပါတယ်။

ဒါပေမဲ့လည်း လေးဂိုးသွင်းထားပြီး သုံးဂိုးပြန်အသွင်းခံရလို့ ပုံစံပျက်နေတဲ့ အင်္ဂလန်အတွက် ဖိအားဝင်နေချိန် ပွဲချိန် ၈၇ မိနစ်မှာ ဘူကာယို ဆာကာက ပယ်နယ်တီကတစ်ဆင့် အသင်းအတွက် ၅ ဂိုးမြောက်နဲ့ သူ့အတွက် သမိုင်းဝင် ဟက်ထရစ်ဂိုးကို သွင်းယူပြီး အင်္ဂလန်ကို အသက်ရှူချောင်စေခဲ့တာပါ။

ဒါပေမဲ့လည်း ပွဲက အကြိတ်အနယ် ဆက်ဖြစ်နေပြီး ပွဲပြီးခါနီး နာကျင်အချိန်ပို ၉၆ မိနစ် (၉၀ + ၆) မှာ ပြင်သစ်တိုက်စစ်မှူး အော့စ်မိန်း ဒမ်ဘီလီ (Ousmane Dembélé) က စတုတ္ထမြောက် ချေပဂိုး သွင်းယူခဲ့လို့ ပွဲက ပြန်ပြီး စိုးထိတ်စရာ ဖြစ်သွားပေမဲ့ ၁ မိနစ်ကျော်အကြာ ၉၈ မိနစ် (၉၀+၈) မှာ အင်္ဂလန်လူစားဝင်ကစားသမား ဂျုဒ် ဘယ်လင်ဂမ် (Jude Bellingham) က အင်္ဂလန်အတွက် ၆ ဂိုးမြောက် အပိတ်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် အင်္ဂလန်အသင်းဟာ ၁၉၉၀ နဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား တတိယနေရာလုပွဲတွေမှာ စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကျိန်စာကို ချေဖျက်နိုင်ခဲ့သလို သမိုင်းတစ်လျှောက် ပထမဦးဆုံးအကြိမ် ကမ္ဘာ့ဖလား တတိယနေရာကို ဂုဏ်ယူစွာ သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ မယုံနိုင်စရာ ကမ္ဘာ့စံချိန်တွေလည်း တင်ခဲ့ပြီး ပွဲစဉ်တစ်ခုတည်းမှာ စုစုပေါင်း ၁၀ ဂိုးအထိ သွင်းယူခဲ့ကြလို့ ၁၉၅၈ ခုနှစ်က ပြင်သစ်နဲ့အနောက်ဂျာမနီပွဲစဉ်မှာ (၉ ဂိုး) သွင်းပြီး ပြင်သစ်က တတိယရတဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်လို့ တတိယအဆင့်မှာ ဂိုးအများဆုံးသွင်းတဲ့ ဂင်းနစ်စံချိန်သစ် ဖြစ်လာခဲ့သလို ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ကစတဲ့ သမိုင်းတစ်လျှောက်မှာလည်း ၁၉၅၈ ခုနှစ်က ဩစတြီးယား ၇ – ၅ ဆွစ်ဇာလန် ပွဲစဉ်နောက်ပိုင်း ဂိုးအများဆုံးသွင်းတဲ့ပွဲစဥ်ဖြစ်လာပါတယ်။

ဒါ့အပြင် ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေဟာလည်း ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် စုစုပေါင်း သွင်းဂိုး ၂၂ ဂိုးနဲ့ လီယွန်နယ် မက်ဆီ (၂၁ ဂိုး) ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူ (All-time Top Scorer) အဖြစ် ဂင်းနစ်နဲ့ ဖီဖာ (FIFA) မှတ်တမ်းတွေမှာ ကမ္ပည်းတင်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီသွင်းဂိုးတွေကြောင့် အမ်ဘာပေဟာ ဒီနှစ်ကမ္ဘာ့ဖလားအတွက် သွင်းဂိုး ဆယ်ဂိုးနဲ့ ရွှေဖိနပ်ဆုပြိုင်ဘက် မက်ဆီကို နှစ်ဂိုးအသာရခဲ့ပေမဲ့ မက်ဆီကလည်း ဒီညမှာ စပိန်နဲ့ ဗိုလ်လုပွဲမှာ ပြန်ကျော်ဖြတ်နိုင်ရေး ရုန်းကန်လာတာ တွေ့ရနိုင်ပါသေးတယ်။

MIAMI GARDENS, FLORIDA – JULY 18: Declan Rice #4 of England celebrates scoring his team’s first goal during the FIFA World Cup 2026 Bronze Final between France and England at Miami Stadium on July 18, 2026 in Miami Gardens, Florida. (Photo by Buda Mendes/Getty Images)

အခြားတစ်ဖက်မှာဆိုရင် အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် တတိယနေရာလုပွဲကို စုစုပေါင်း ၃ ကြိမ် (ယခု ၂၀၂၆ အပါအဝင်) ကစားခဲ့ဖူးပြီး အရင် ၁၉၉၀ ကမ္ဘာ့ဖလားမှာ အိမ်ရှင်အီတလီကို ၂ – ၁ ဂိုး၊ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘယ်လ်ဂျီယံကို ၂ – ၀ ဂိုးနဲ့ရှုံးလို့ ၂ ကြိမ်စလုံးမှာ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်တော့ မယုံနိုင်စရာ ခြောက်ဂိုးသွင်းပြီး တတိယနေရာကို ထိုက်ထိုက်တန်တန်ရသွားခဲ့တာပါ။

တတိယနေရာအတွက် ပြိုင်ပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့တဲ့ ဘူကာယို ဆာကာ (Bukayo Saka) ကလည်း ကမ္ဘာ့ဖလား တတိယနေရာလုပွဲ သမိုင်းတစ်လျှောက်မှာ ၁၉၅၈ ခုနှစ်က ပြင်သစ်ဂန္ထဝင် တိုက်စစ်မှူး ဂျတ် ဖွန်တိန်း (Just Fontaine) က အနောက်ဂျာမနီအသင်းနဲ့ ပွဲစဉ်အပြီး ၆၈ နှစ်အကြာမှာ ဒုတိယမြောက်ဟတ်ထရစ် သွင်းယူခဲ့သူ ဖြစ်လာပါတယ် (ထိုပွဲတွင် ဂျတ်စ် ဖွန်တိန်းသည် ၄ ဂိုးအထိ သွင်းယူခဲ့သည်)။

ဒါကြောင့်ပဲ ဆာကာဟာ ဖွန်တိန်းပြီးနောက် ၆၈ နှစ်အကြာ တတိယနေရာလုပွဲ ဟက်ထရစ်သွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမား အဖြစ် သမိုင်းတွင်သွားခဲ့သလို ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်မှာ ဂျက် ဟာ့စ်တ် (၁၉၆၆)၊ ဂယ်ရီ လိုင်နက်ကာ (၁၉၈၆) နဲ့ ဟာရီ ကိန်း (၂၀၁၈) တို့အပြီး ဟက်ထရစ် သွင်းယူနိုင်တဲ့ စတုတ္ထမြောက် အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ပြင်သစ်အသင်းဘက်ကို ဟက်ထရစ် သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပြီး ပထမဆုံး သွင်းယူခဲ့သူက ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံ ဘရာဇီးရဲ့ ဂန္ထဝင်ကစားသမား ပီလီ ဖြစ်ပါတယ်။

ဒီနေ့ညမှာတော့ စပိန်နဲ့ အာဂျင်တီးနားတို့ရဲ့ ဗိုလ်လုပွဲကျန်ရှိနေတာမို့ ဒီပွဲစဥ်မှာ မက်ဆီဟာ အမ်ဘာပေကို ပြန်ပြီးကျော်ဖြတ်မလားဆိုတာအပြင် ဒီနေ့ပွဲကပဲ တခြားမယုံနိုင်စရာတွေကို ဘယ်လိုကျော်ဖြတ်ပြဦးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

မူရင်းသတင်း — Myanmar Transparency News