Myanmar Transparency News

၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းလျှောက်ထားရာတွင် အွန်လိုင်းကတစ်ဆင့် ကြိုတင်ရက်ချိန်းပေးခြင်းကို ဇူလိုင် ၂၃ ရက်က စတင်၍ ၃၀၀ ဦးစီ ထပ်မံတိုးချဲ့ပေးမည် 

၂၂.၇.၂၀၂၆
Written by Linn Eain

၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းလျှောက်ထားခြင်းအတွက် အွန်လိုင်းကတစ်ဆင့် ကြိုတင်ရက်ချိန်းပေးရာတွင် မူလပေးထားသည့် ကြိုတင်ရက်ချိန်းများအပြင် ဇူလိုင် ၂၃ ရက်က စတင်၍ တစ်ရက်လျင်  ၃၀၀ ဦးစီ ထပ်မံတိုးချဲ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ ဇူလိုင် ၂၂ ရက် ထုတ်ပြန်မှုအရ သိရသည်။ 

ထိုသို့ ကြိုတင်ရက်ချိန်း ထပ်မံတိုးချဲ့ပေးခြင်းကို ဇူလိုင် ၂၂ ရက်၊ နေ့လယ် ၃ နာရီတွင် စတင်ရယူနိုင်မည်ဖြစ်ပြီး ကြိုတင်ရက်ချိန်းရယူနိုင်သည့်ရက်ကိုလည်း လက်ရှိရက်မှ (၃၀) ရက်အထိ စနစ်မှ နေ့စဉ်အလိုအလျောက် တိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် နေပြည်တော်ရုံးတွင်လည်း  မူလပေးထားသည့် ကြိုတင်ရက်ချိန်းများအပြင် ဇူလိုင် ၂၀ ရက်က စတင်၍ တစ်ရက်လျင် ၂၀၀ ဦး ထပ်မံတိုးချဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများ ဇူလိုင် ၁၄ ရက်၊ နံနက် ၁၀ နာရီကစတင်၍ အွန်လိုင်းကတစ်ဆင့် ကြိုတင်ရက်ချိန်းယူ လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 

တက္ကသိုလ်ဝင် စာမေးပွဲအမှတ်စာရင်းများအတွက်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal ဖြစ်သော https://osp.dme.gov.mm တွင် ကြိုတင်ရက်ချိန်းရယူ လျှောက်ထားရမည်ဖြစ်သည်။ ထို့နောက် အမှတ်စာရင်းများကို  မိမိလျှောက်ထားခဲ့သည့်နေရာအလိုက် နေပြည်တော် ရုံးအမှတ် ၅၂ ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်) (သို့မဟုတ်) ရန်ကုန်မြို့ လှိုင်မြို့နယ်၊ ၁၂ ရပ်ကွက်၊ ပါရမီလမ်းရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးခွဲ)တို့တွင် DME Online Service Portal က ထုတ်ပေးသည့် QR Code နှင့် လုပ်ငန်းစဉ်နံပါတ်ပြသ၍ လာရောက်လျှောက်ထား ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။ 

မူရင်းသတင်း — Myanmar Transparency News