Myanmar Transparency News

ကညင်ရေလှောင်တမံ ရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်


MT News

၂၃. ၇. ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၁၀ ဒသမ ၅ မဂ္ဂါဝပ် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့် ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနများ၏ ဖော်ပြမှုအရ သိရသည်။

အဆိုပါ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အား ယူနစ် ၃၅ ဒသမ ၇၇၄ သန်းခန့်ကို အိမ်ထောင်စုတစ်စုလျှင် လစဉ် ၁၀၀ ယူနစ်ခန့် အသုံးပြုမှုဖြင့် ခန့်မှန်းတွက်ချက်ပါက အိမ်ထောင်စုပေါင်း ၁၀၅၀၀ ခန့်အတွက် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်း ရေအားလျှပ်စစ်စီမံကိန်းဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ကညင်ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိလာမည့် ဓာတ်အားများကို အမျိုးသားဓာတ်အား ကွန်ရက်စနစ်သို့ ချိတ်ဆက်ပို့လွှတ်နိုင်ရေးအတွက် အင်္ဂပူမြို့နယ် ထူးကြီးမြို့တွင် ၃၃/ ၆၆ ကေဗွီ ဓာတ်အားခွဲရုံ ဆောက်လုပ်ပြီးစီးမှုနှင့် ၆၆ ကေဗွီ မြန်အောင်-ဟင်္သာတ အမှတ် (၁) ဓာတ်အားလိုင်းနှင့် ချိတ်ဆက်ခြင်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News