Myanmar Transparency News

ပီနံအိတ်ခွံများ စုပုံထားရာမှ အစာတောင့်လုပ်ငန်းမီးလောင်မှုဖြစ်ပွား

၂၆.၇.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ မရွှေဥကျေးရွာ၊ ရန်ကုန်-ပုသိမ်လမ်းတွင် ပီနံအိတ်များစုပုံထားရာမှ အစာတောင့်လုပ်ငန်းမီးလောင်မှု ယနေ့ဇူလိုင်လ ၂၆ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုမှာ အလျား ၁၂၀​ ပေ၊ အနံ ပေ ၃၀၀ ရှိ Steel Structure အဆောက်အအုံရှိ ဟန်စိုးမိုး အစာတောင့်လုပ်ငန်းတွင် ပီနံအိတ်ခွံဟောင်းများ စုပုံထားပြီး အောင်းပူဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိနစ် ၃၀ ကြာလောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့် ပီနံအိတ်ခွံ ၂၀၀ ခန့်၊ အစာတောင့်အိတ်ငါးလုံး၊ အကာသွပ်များ မီးလောင်ကျွမ်းခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၂ စီးဖြင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၄ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News