Myanmar Transparency News

PUBG MOBILE က အဓိက ပံ့ပိုးကူညီပေးခဲ့တဲ့ “မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲကြီး” မှာ လူငယ်ဘောလုံးကစားသမားထူးချွန်သူတွေကို  စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၁၅ သိန်းအထိ ချီးမြှင့်ခဲ့

 ၃၁.၇.၂၀၂၆
Written By Thandar 

ကမ္ဘာတစ်ဝန်း လူကြိုက်များတဲ့ Mobile Game တစ်ခုဖြစ်တဲ့ PUBG Mobile က မျိုးဆက်သစ် ကျောင်းသားလူငယ်တွေရဲ့ ဘောလုံးစွမ်းရည်တွေ အသင်းလိုက်လုပ်ဆောင်နိုင်မှုနဲ့ အားကစားစိတ်ဓာတ်ကို ပိုမိုမြှင့်တင်ရန် ရည်ရွယ်ပြီး နိုင်ငံကျော်သရုပ်ဆောင် နေထူးနိုင်နဲ့ ပူးပေါင်းကာ “မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အသက် ၁၄ နှစ်အောက် U-14 ဘောလုံးပြိုင်ပွဲကြီး”ကို ဇူလိုင် ၃၀ ရက်ကကျင်းပခဲ့ရာ လူငယ်ဘောလုံးကစားသမားထူးချွန်သူတွေကို  စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၁၅ သိန်းအထိ ချီးမြှင့်ခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အနာဂတ်ဘောလုံးအားကစားကဏ္ဍအတွက် အရေးကြီးတဲ့ မျိုးဆက်သစ်လူငယ်ကစားသမားတွေကို အားပေးပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို ဘောလုံးပြိုင်ပွဲတစ်ခုကို ဖန်တီးပေးနိုင်ခဲ့တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒီအစီအစဉ်ကို အကောင် အထည်ဖော်နိုင်ဖို့ PUBG MOBILE ရဲ့ ယုံကြည်အားပေးမှုနဲ့ ပံ့ပိုးကူညီမှုတွေက အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒီလို အစီအစဉ်တွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားအတွက် အလားအလာရှိတဲ့ လူငယ်ကစားသမားတွေ ပိုမိုပေါ်ထွက်လာမယ်လို့ ယုံကြည်ပါတယ်”လို့ သရုပ်ဆောင် နေထူးနိုင်က ပြောပါတယ်။ 

အဆိုပါ မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ U-14 ဘောလုံးပြိုင်ပွဲကြီးကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်နဲ့ တိုင်းအဆင့်ဆိုပြီး အဆင့် ၃ ဆင့်ခွဲကာ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၂၅၇ ကျောင်းက ကျောင်းသားလူငယ် စုစုပေါင်း ၂,၃၆၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒီပြိုင်ပွဲအပြီးမှာ မကွေးခရိုင်အသင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဒုတိယဆုကို အောင်လံခရိုင်အသင်းနဲ့ တတိယဆုကို သရက်ခရိုင်အသင်းတို့က အသီးသီးထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ကြပါတယ်။

“PUBG Mobile အနေနဲ့ Esports အပြင် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍ ဖွုံ့ဖြိုးတိုးတက်စေဖို့အတွက်ရည်ရွယ်ပြီး အစဉ် တစိုက် ပံ့ပိုးကူညီမှုတွေ လုပ်ပေးခဲ့တာဖြစ်ပါတယ်။ အခုလို ဘောလုံးပြိုင်ပွဲကြီးကနေတစ်ဆင့် မျိုးဆက်သစ် လူငယ်ကစားသမားတွေရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့ခွင့်ရခဲ့တဲ့အတွက်လည်း အလွန်ဝမ်းမြောက်မိပါတယ်။ ရှမ်းယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ပရော်ဖက်ရှင်နယ်အဆင့်ဘောလုံးအားကစားကို ပံ့ပိုးပေးခဲ့သလို အခုလို လူငယ်ဘောလုံးကဏ္ဍကို အားပေးပံ့ပိုးပေးတဲ့ အစီအစဉ်တွေကနေတစ်ဆင့် မြန်မာနိုင်ငံရဲ့ ဘောလုံးအားကစားကဏ္ဍဖွုံ့ဖြိုးရေးအတွက် ဆက်လက်ပါဝင်ပံ့ပိုးသွားမှာဖြစ်ပါတယ်”လို့ PUBG Mobile ရဲ့ Country Manager ဖြစ်သူ Aman Kumar က ပြောခဲ့ပါတယ်။

ဒါ့အပြင် ပြိုင်ပွဲမှာ ထူးချွန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကစားသမားတွေအတွက် အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုစတဲ့ တစ်ဦးချင်းဆုများကိုလည်း ချီးမြှင့်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ကျပ် ၂၁၅ သိန်းအထိ ပေးအပ်ခဲ့ပါတယ်။

#နေထူးနိုင် #NayHtooNaing #အခြေခံပညာကျောင်းပေါင်းစုံ #U14 #Esports #ဘောလုံးပြိုင်ပွဲ #PUBGMOBILE #မကွေး
#မျိုးဆက်သစ်လူငယ်ကစားသမား #မြန်မာ့ဘောလုံးအားကစားကဏ္ဍ

မူရင်းသတင်း — Myanmar Transparency News