Myanmar Transparency News

ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း နိုင်သူအကုန်ယူစနစ်ဖြင့် မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

သတိုး
၃၁. ၇. ၂၀၂၆

၂၀၂၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သော အထွေထွေရွေးကောက်ပွဲကြီး၏ နောက်ဆက် တွဲအဖြစ် ကြားဖြတ်ရွေးကောက်ပွဲကို လာမည့် ၂၀၂၇ ခုနှစ်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားစဉ် ထည့်သွင်း ပြောကြားသည်။

ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးအတွက် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးခဲ့ရာ လက်ရှိအချိန်တွင် မဲဆန္ဒနယ် ၆၈၈ နယ်ရှိ မဲဆန္ဒနယ်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် ၁၀၂၅ ဦးက ဥပဒေပြုတာဝန်များ ထမ်းဆောင်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုအစိုးရဖွဲ့စည်းအပြီး လစ်လပ်သွားသည့်နေရာများနှင့် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သော နေရာများအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ တွင် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၈၉ နယ်၊ အမျိုးသားလွှတ်တော် ၁၅ နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၆၈ နယ်၊ စုစုပေါင်း ၁၇၂ နေရာကို မြို့နယ် ၁၀၂ မြို့နယ်တွင် မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင်းပသွားမည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

လက်ရှိအချိန်တွင် ကြိုတင်ပြင်ဆင်မှုများအဖြစ် မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲပေးစက်များ ဖြန့်ခွဲခြင်းအပါအဝင် ရွေးကောက်ပွဲအကြိုလုပ်ငန်းစဉ်များကို စနစ်တကျပြင်ဆင်လျက်ရှိကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News