Myanmar Transparency News

ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့၊ အမှတ် (၃) ရပ်ကွက်၊ နေအိမ်အောက်ထပ်တွင် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

၃.၈.၂၀၂၆
Written by NYL

ရေကြီးနစ်မြုပ်နေသည့် လေးမျက်နှာမြို့၊ အမှတ်(၃) ရပ်ကွက်၊ နေအိမ်အောက်ထပ်တွင် အသက်ကြီးပိုင်း အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဩဂုတ် ၃ ရက် ညနေပိုင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးကြီးမှာ အသက် ၆၉ နှစ်အရွယ်ဖြစ်ပြီး နှစ်ထပ်အိမ်တွင် တစ်ဦးတည်းနေထိုင်သူဖြစ်ကာ စိတ်ဝေဒနာသည်တစ်ဦးဖြစ်ကြောင်း အနီးပတ်ဝန်းကျင်နေထိုင်သူများထံမှ သိရသည်။

ထိုရုပ်အလောင်းကို ရန်ကုန်မြို့မှ သွားရောက်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကိုပူတူးနှင့် ညီအစ်ကိုများ လူမှုကူညီရေးအသင်း၏ Speed Boat ဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကိုပူတူးအသင်းသားတို့ သွားရောက်ဆယ်ယူ သယ်ဆောင်ခဲ့ကြောင်း သိရသည်။

“ရုပ်အလောင်းတစ်ခုတွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ သူက တစ်ယောက်တည်းနေတာလို့ သိရတယ်။ သူ့တူကို ဆက်သွယ်အကြောင်းကြားထားပါတယ်။ ရေကြီးတုန်းက သွားခေါ်ပေမဲ့ မလိုက်ဘူးလို့ သိရတယ်။ Dead Body အိတ်နဲ့ သွားရောက်သယ်ဆောင်တာဖြစ်ပါတယ် ” ဟု ဧရာ၀တီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် ရုပ်အလောင်းကို မေတ္တာသီတာရေစင်အသင်းမှ နိဗ္ဗာန်ယာဉ်ဖြင့် ဟင်္သာတမြို့နယ်ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News