Myanmar Transparency News

တောင်ကိုရီးယားနိုင်ငံတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် လူ ၁၆ ဦး သေဆုံး

၄.၈.၂၀၂၆
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံသမ္မတ လီဂျေမြွန်က နိုင်ငံအတွင်း စံချိန်တင် အပူလှိုင်းဒဏ်ခံရသူများအတွက် အာဏာပိုင်များအား ပံ့ပိုးမှုများ တိုးမြှင့်ပေးရန် တိုက်တွန်းခဲ့သလို နိုင်ငံအတွင်း အပူလှိုင်းဖြတ်သန်းမှုကြောင့် သေဆုံးသူဦးရေသည် ၁၆ ဦးအထိ မြင့်တက်လာခဲ့ကြောင်းနှင့် ရာသီဥတု တစ်ဖက်စွန်းရောက်မှု အခြေအနေက မကြာခဏဆိုသလို ပိုမိုဖြစ်ပွားလာနေကြောင်း သြဂုတ်လ ၄ ရက်တွင် သတိပေးခဲ့သည်။

အစိုးရအဖွဲ့အစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာ၌ သမ္မတ လီက အစိုးရ တာဝန်ရှိသူများအား ပြည်သူများ၏နေ့စဉ်ဘဝများကို ကာကွယ်ရန်နှင့် လေအေးပေးစက်ဝယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ဓာတ်အားစနစ်များကို စစ်ဆေးရန် လိုအပ်သောအစီအမံများ ပြုလုပ်ရေးကို တောင်းဆိုခဲ့သည်။

၎င်းက “ဒီအစွန်းရောက်ရာသီဥတု အခြေအနေဟာ ပုံမှန်ဖြစ်လာနေပြီဖြစ်တော့ အမျိုးသားအကျပ်အတည်း စနစ်ရဲ့ အခြေခံပြုပြင်မွမ်းမံမှုအတွက် ကျွန်တော်တို့ ကြိုးပမ်းအားထုတ်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

နိုင်ငံ၏ မိုးလေဝသအေဂျင်စီက အရှေ့တောင်ပိုင်း ကုန်းတွင်းပိုင်းမြို့တစ်မြို့ဖြစ်သည့် ယန်ဆန်းတွင် သြဂုတ်လ ၂ ရက်က အပူချိန် ၄၂ ဒသမ ၅ ဒီဂရီ ဆယ်လ်စီးယပ်စ် (၁၀၈ ဒသမ ၅ ဒီဂရီ ဖာရင်ဟိုက်) ရှိခဲ့ပြီး ၁၂၂ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုရီးယား မိုးလေဝသဌာနသည် သြဂုတ်လ ၃ ရက်တွင် ဆိုးလ်မြို အစိတ်အပိုင်းများနှင့် အိမ်နီးချင်း ဂျောင်ဂီမြို့အတွက် ပထမဆုံးအကြိမ် အပူလှိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ပြီး သြဂုတ်လ ၄ ရက်တွင် သတိပေးချက်ကို မြို့တော ဆိုးလ်တစ်ခုလုံးအတွက် တိုးချဲ့ခဲ့သည်။

Ref NAangkok

မူရင်းသတင်း — Myanmar Transparency News