Myanmar Transparency News

ဩဂုတ်လ ၇ ရက်မှာ ရုံတင်ပြသမယ့် Horror Drama ဇာတ်လမ်းပုံစံ “လမ်းသရဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Show ပွဲအခမ်းအနားကျင်းပခဲ့

၄.၈.၂၀၂၆
Written By Thandar

အောင်ဟိတ်ရုပ်ရှင်ထုတ်လုပ်ရေးက Horror Drama ဇာတ်လမ်းပုံစံ “လမ်းသရဲ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Premiere Show ပွဲအခမ်းအနားကို ဩဂုတ်လ ၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ဒီနေ့ ကျွန်တော်တို့ လမ်းသရဲ Premiere Show ပွဲကို မိုးထဲရေထဲမှာ အချိန်ပေးပြီးတက်ရောက် အားပေးကြတဲ့ အနုပညာရှင်တွေ၊ ဧည့်သည်တော်တွေကို ကျေးဇူတင်ပါတယ်။ ဒီဇာတ်ကားက ကျွန်တော့်အနေနဲ့ ဆယ်နှစ်ကြာမှ အပြင်ထုတ်လုပ်ရေးအဖြစ် ပြန်လည်ရိုက်ကူးဖြစ်တာပါ။ အရင်ကဆိုရင် ကျွန်တော့်ရဲ့ ညကျောင်းထုတ်လုပ်‌ရေးနဲ့ပဲ ရိုက်ဖြစ်ခဲ့သလို ကိုယ့်ဇာတ်လမ်း ကိုယ့်ဇာတ်ညွှန်းပဲ ရိုက်ဖြစ်တာပါ။ ဒီကားကတော့ တခြားသူတွေရေးသားပေးတဲ့ ဇာတ်လမ်း ဇာတ်ညွှန်းကို ပြန်လည်ရိုက်ကူးဖန်တီးဖြစ်တာပါ။ ဒီကားက ခြောက်လှန့်မှုတွေ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဇာတ်ကကြည့်ရင်းတော့ တစ်ခုစီသပ်သပ်လေးစီဖြစ်နေတယ် ထင်ရပေမယ့် ဇာတ်ကားပြီးဆုံးချိန်မှာ အားလုံးက တစ်စုတစ်စည်းထဲက ပေါင်းစည်းထားတဲ့ အဓိပ္ပာယ်ရသလေးပေါ်လွင်နေမယ့် Horror Drama ကားလေးမို့ ပရိသတ်တွေ တက်ရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်”လို့ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က ပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်းညီရဲမင်း၊ ဇာတ်ညွှန်းဒေါင်းဒင်္ဂါး၊ DOP အကယ်ဒမီ တင့်ဆန်း၊ တွဲဖက်ဒါရိုက်တာ ဇော် G၊ ဒါရိုက်တာ အကယ်ဒမီ ညိုမင်းလွင်က Horror Drama ဇာတ်လမ်းပုံစံ ပုံဖော်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

သရုပ်ဆောင်များဖြစ်ကြတဲ့ သရုပ်ဆောင် ကျော်ထက်ဇော်၊ သျှင်းမြတ်၊ အကယ်ဒမီခြူးလေး၊ သွန်းသစ္စာဇော်၊ သီဟအောင်၊ နေဝန်း၊ ထူးနိုင်လင်း၊ ဆက်ယွန်းတွယ်တာ၊ အောင်ခိုင်၊ ဇော်ဝင်းမောင်၊ အကယ်ဒမီ ဝါဝါအောင်၊ စိုးမိုးကြည်၊ ရွှေကိန္ဒရီ၊ မို့မို့၊ မင်းမင်းအောင်၊ မွန်ကြီး၊ ဆန္ဒမောင်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

“လမ်းသရဲ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဩဂုတ်လ ၇ ရက်နေ့မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

#ဒါရိုက်တာအကယ်ဒမီညိုမင်းလွင် #ကျော်ထက်ဇော် #သျှင်းမြတ် #အကယ်ဒမီခြူးလေး #သွန်းသစ္စာဇော် #ဆက်ယွန်းတွယ်တာ #ရွှေကိန္ဒရီ #သီဟအောင် #နေဝန်း #ထူးနိုင်လင်း #NyoMinLwin #KyawHtetZaw #ShinMyat #ChueLay #လမ်းသရဲရုပ်ရှင်ဇာတ်ကားကြီး #အောင်ဟိတ်ရုပ်ရှင်ထုတ်လုပ်ရေး

မူရင်းသတင်း — Myanmar Transparency News