Myanmar Transparency News

အောင်ဆန်းအားကစားကွင်းပတ်လည်ရှိ ‌ဈေးဆိုင်ခန်းများ ဖယ်ရှားရှင်းလင်းမှု တစ်ဝက်ခန့် ဖြိုချပြီးစီး 

၇.၈.၂၀၂၆
Written by Linn Eain 

ရန်ကုန်မြို့ရှိ သမိုင်းဝင် အောင်ဆန်းအားကစားကွင်း အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် ကွင်းပတ်လည်ရှိ ဈေးဆိုင်ခန်းများကို ဖယ်ရှားရှင်းလင်းမှု တစ်ဝက်ခန့်ဖြိုချဖယ်ရှားထားပြီဖြစ်ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရသည်။

အောင်ဆန်းအားကစားကွင်း ပတ်လည်ရှိ ဈေးဆိုင်ခန်းများအား ဖယ်ရှားရှင်းလင်းခြင်းကို ဇူလိုင်လဆန်းက စတင်၍ လုပ်ဆောင်ခဲ့ပြီး ကနဦးတွင် ဆိုင်ခန်းပိုင်ရှင်များက မိမိတို့ပိုင် ပရိဘောဂပစ္စည်းများကို ကိုယ်ပိုင်အစီအစဥ်ဖြင့် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ထို့နောက် အခွံသာကျန်ရှိတော့သည့် ဈေးဆိုင်ခန်းများကို သက်ဆိုင်ရာတာဝန်ယူထားသူများက ဆက်လက်ဖြိုချ ဖယ်ရှားရှင်းလင်းလျက်ရှိရာ တစ်ဝက်ခန့်ဖြိုချထားပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွင်းအဆင့်မြှင့်တင်ရန်အတွက် ဈေးဆိုင်ခန်းများကို ဖယ်ရှားရန် လွန်ခဲ့သည့် တစ်နှစ်ခန့်ကတည်းက ပြောဆိုမှုများရှိခဲ့ပြီး ကွင်းပတ်လည်တွင် ကားလက်မှတ်‌အရောင်းဂိတ်များ၊ ကုန်တင်ကုန်ချဂိတ်များ၊ လက်ဖက်ရည်ဆိုင်၊ စူပါမားကတ်နှင့် အခြားလူနေအခန်းများ တည်ရှိကြောင်း သိရသည်။ 

အောင်ဆန်းအားကစားပြိုင်ဝင်းသည်   နှစ်ပေါင်း   ၁၁၂ နှစ်ရှိပြီဖြစ်ပြီး ယခင်က အရှေ့တောင်အာရှတွင် အကောင်းဆုံးဖြစ်ခဲ့သည့် သမိုင်းဝင်အားကစားပြိုင်ဝင်းတစ်ခုဖြစ်သည်း။

အောင်ဆန်းအားကစားပြိုင်ဝင်းကို ၁၉၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး မူလအမည်မှာ BBA (Burma Athletic Association Ground) ဖြစ်ကြောင်း၊ လူစည်ကားသော ပြည်တွင်းအားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာဆိုင်ရာ အားကစားပြိုင်ပွဲများအပြင် အထူးတလည်အမှတ်တရဖြစ်စေသော ပြပွဲဖြစ်သည့် ရေခဲပေါ်မှ အားလပ်ရက်နေ့ (Holiday on Ice) ခေါ် ရေခဲပြင်ပြပွဲကြီးအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

၁၉၅၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မူလအမည် BBA (Burma Athletic Association Ground) အမည်မှ အောင်ဆန်းအားကစား ပြိုင်ဝင်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး သမိုင်းအစဉ်အလာရှိသည့် အားကစားကွင်းကြီး ဖြစ်သည့်အတွက် ယခင်ကကဲ့သို့ နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများနှင့် နိုင်ငံတကာအဆင့် အားကစားပြိုင်ပွဲများကို အဆင့်အတန်းမီစွာဖြင့် လက်ခံကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံတကာအဆင့်မီ အားကစားပြိုင်ကွင်းကြီးအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းတည်ဆောက်ပြီးစီးပါက အဓိကအားကစားကွင်းကြီးတွင် ပရိသတ်ဦးရေ ၃ သောင်းကျော်ခန့်အထိနှင့် မိုးလုံလေလုံအားကစားရုံမှာလည်း ပရိသတ် ၃၀၀၀ ဦး ဝင်ဆန့်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News