
၈ .၈.၂၀၂၆
Written by Thiri
ကားပျက်လို့ ရပ်ထားတဲ့ ကွန်တိန်နာကားရဲ့ နောက်ပိုင်းကို ဟိုက်ဂျက်ကားက အရှိန်နဲ့ ဝင်တိုက်လို့ ယာဉ်ပေါ်ပါသူနှစ်ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တဲ့ဖြစ်စဉ် ဩဂုတ်လ ၇ ရက်နေ့ ည ၉ နာရီဝန်းကျင်အချိန်က အင်းစိန်မြို့နယ်ဘက်အခြမ်း ရွှေပြည်သာတံတားအတက်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင် နာကူ / ရှင်ကူ အသင်းထံကနေ သိရပါတယ်။
ဖြစ်စဉ်က ရန်ကုန်တိုင်း၊ အင်းစိန်မြို့၊ တညင်းကုန်းလမ်းဆုံဘက်ကနေ ရွှေပြည်သာတံတားကို တက်လာတဲ့ ဟိုက်ဂျက်ယာဉ်က တံတားချဉ်းကပ်လမ်းကုန်းတက်ကို အရှိန်နဲ့ တက်လာစဉ် လမ်းအောက်ကြော အမှောင်ထဲ ရပ်ထားတဲ့ ကွန်တိန်နာယာဉ်ရဲ့ နောက်ပိုင်းကို ဝင်ရောက်တိုက်မိခဲ့တာလို့ သိရပါတယ်။
ကနောင် နာကူ / ရှင်ကူ အသင်းမှ တာဝန်ရှိသူက “ကွန်တိန်နာက ပျက်လို့ ရပ်ထားပုံရပါတယ်။ ဟိုက်ဂျက်က ရေသန့်ရောင်းတဲ့ကား။ ခေါင်းခန်းထဲ လူနှစ်ဦးပါလာတာမှာ ယာဉ်မောင်းက အတော်စိုးရိမ်ရတယ်။ အင်းစိန်ဆေးရုံကတောင် ညတွင်းချင်း မြောက်ဥက္ကလာ ဆေးရုံကြီးကို လွှဲတယ်”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ထိခိုက် ဒဏ်ရာရသူ လူငယ်နှစ်ဦးမှာ အသက် ၂၅ နှစ် ဝန်းကျင်တွေဖြစ်ပြီး သောက်စားကာ မောင်းလာဟန်လည်း ရှိကြောင်း၊ ကွန်တိန်နာယာဉ်မှာလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း တိကျစွာလိုက်နာမှု မရှိကြောင်း၊ ရွှေပြည်သာတံတားမှ လမ်းမီးတချို့မှာလည်း ပျက်နေကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင်အသင်းတာဝန်ရှိသူက မှတ်ချက်ပြုပါတယ်။
ဒဏ်ရာရရှိသူတွေကို အင်းစိန်ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးဆီ တာဝန်ရှိသူတွေက အချိန်နဲ့တစ်ပြေးညီ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မှုစစ်မှ ရဲလုပ်ငန်းစဉ်များကို ဆက်လက် လုပ်ဆောင်နေကြောင်းလည်း သိရပါတယ်။