
■ "အခုနောက်ပိုင်းကတော့ ရေနည်းနည်း ပြန်ကျလာပြီ။ ကယ်ဆယ်ရေးစခန်းတွေကနေ အိမ်တွေတော့ ပြန်မရောက်ကြသေးဘူး"
ငဝန်မြစ်ရေ မြင့်တက်ပြီး တာပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့အပါအဝင် ကျေးရွာအများအပြားတွင် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည်။ ရေကြီးမှုကြောင့် လေးမျက်နှာမြို့နယ်တွင် လူဦးရေ သုံးသောင်းနီးပါးခန့် ရေဘေးသင့်ခဲ့ပြီး လယ်မြေသုံးသောင်းနီးပါးခန့် ရေနစ်မြုပ်ခဲ့သည်။
ရေကြီးမှုအခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီတိုင်းဒေသကြီးရှိ Eleven Media Group မှ သတင်းထောက် ကိုအောင်ကျော်မျိုးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။
■ မေး - အခု လက်ရှိ ရေကြီးရေလွှမ်းမှု အခြေအနေလေးက ဘယ်လိုရှိလဲဗျ။
ဖြေ - လက်ရှိကတော့ ကနဦးအနေနဲ့ကတော့ တာကျိုးတယ်။ တာကျိုးပေါက်ကနေပြီးတော့ ရေဝင်လာတယ်ပေါ့။ ဝင်လာပြီးတော့ တာကျိုးပေါက်နဲ့ ဆက်စပ်နေတဲ့ ရွာပေါ့နော်၊ ဆက်စပ်နေတဲ့ ရွာတွေကို ဝင်တယ်။ ပြီးသွားရင် တာကျိုးပေါက်နဲ့ မြို့နဲ့ကလည်း အရမ်းကြီး လှမ်းနေတာမျိုး မဟုတ်ဘူး။ တစ်မိုင်ခွဲ၊ နှစ်မိုင်လောက်ပဲ ရှိမယ်။ အဲတော့ အဲဒီမြို့ထဲကိုပါ ဆက်ပြီးတော့ မြို့ဧရိယာထဲ အထိပါ ရေတွေ ဝင်လာတော့ စာသင်ကျောင်းတို့၊ ဆေးရုံတို့ အပါအဝင် နေအိမ်တွေရော ရုံးဌာနတွေရော အကုန်လုံး ရေကြီးနစ်မြုပ်တာပေါ့။ ပြီးလို့ရှိရင် စိုက်ဧကပေါင်း များစွာ ရေနစ်မြုပ်တယ်။ နစ်မြုပ်ပြီးသွားတော့ ဆက်စပ်နေတဲ့ နေရာတွေဖြစ်တဲ့ အိုင်သပြုဘက်တို့ဘာတို့၊ အဲဒီ အိုင်သပြုဘက်ကိုပါ ဆက်ပြီးတော့ ရေကဆင်းသွားတာပေါ့နော်။ အဲ အခုဆိုလို့ရှိရင်တော့ ငသိုင်းချောင်းဘက်အထိပါ ငသိုင်းချောင်းမြို့ဘက်အထိပါ ရေက ရောက်နေပြီလို့ ပြောလို့ရတယ်။ ဒီဘက် ဟင်္သာတဘက် အခြမ်းကို စီးဆင်းမှုကတော့ ကျွန်တော်တို့ တလုပ်ထော် အနီးစပ်ဆုံး ရှိနေပေမယ့် တလုပ်ထော်အထိတော့ မရောက်သေးဘူး။ ကြားမှာ လယ်ကွင်းတွေဘက်အခြမ်းအထိပဲ စီးဆင်းတဲ့ အခြေအနေရှိတဲ့ သဘောမျိုးပဲ ရှိတယ်ဗျ။
■ မေး - ရေအခြေအနေကရော ဘယ်လိုရှိလဲဗျ။
ဖြေ - ရေကတော့ ထပ်တိုးသလားဆိုရင်တော့ ထပ်တိုးတာမျိုးတော့ မရှိဘူး။ ကျွန်တော်တို့က သတိထားထားတာက လက်ရှိ တာကျိုးပေါက် ဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာ စိုးရိမ်ရေမှတ်ကို မရောက်သေးဘူး။ စိုးရိမ်ရေမှတ် အောက်မှာပဲ ရှိနေတဲ့ အချိန်မှာပဲ တာကျိုးပေါက်မှု ဖြစ်သွားတာ။ အဲတော့ ဆက်ပြီးတော့များ ရေတက်လာမယ်၊ ပုံမှန်လိုပဲ စိုးရိမ်ရေမှတ် ရောက်မယ်၊ စိုးရိမ်ရေမှတ် အထက် ရောက်မယ်ဆိုလို့ရှိရင် အဲဒီရေတွေက ပိုများလာမှာကို ကျွန်တော်တို့က စိုးရိမ်တာပေါ့နော်။ လက်ရှိ အခြေအနေအရတော့အဲလို ထပ်တိုးလာတာတော့ မရှိဘူး။ ရေက တဖြည်းဖြည်းနဲ့တော့ ပြန်ကျနေတယ်။ ကယ်ဆယ်ရေးလုပ်နေတဲ့ အခြေအနေဆိုလို့ရှိရင်လည်း မနက်ပိုင်းအချိန်နဲ့ ညနေပိုင်းအချိန်နဲ့တောင် မတူဘူးပေါ့နော်။ လှူဒါန်းမှုလေးတွေအတွက်ကို ကူညီမှုတွေ ဆောင်ရွက်ပေးနေတဲ့ Speed Boatတွေဆိုလို့ရှိရင် ပန်ကာတွေ ထိတာတို့ အောက်ပိုင်းထိတာတို့ အဲဒီလိုမျိုးတွေ ရှိတယ်။ ပြောချင်တာက တချို့ မြင့်တဲ့နေရာတွေပေါ့ မြင့်တဲ့နေရာတွေဆိုလို့ရှိရင် နည်းနည်း ပြန်ပြီးတော့ ပေါ်လာတာမျိုးတွေ ပိုရှိလာပြီ။ ရေကတော့ နည်းနည်း ကျလာတယ်ဆိုတဲ့ သဘောပေါ့။
■ မေး - တာကျိုးပေါက်တဲ့ ပမာဏကရော ပိုကျယ်လာလား။ အဲဒါရော ဘယ်လိုရှိလဲဗျ။
ဖြေ - အဲလိုမျိုးတော့ မဟုတ်ဘူးဗျ။ တာ စစချင်း ကျိုးတဲ့ အနေအထားနဲ့ စာလို့ရှိရင်တော့ အတိအကျတော့ မှန်းဖို့ခက်တာပေါ့နော်။ပြောချင်တာတော့ရာဂဏန်းပေါ့။ ရာဂဏန်း နည်းနည်းပေါ့နော်။ ၁၀၀၊ ၁၅၀၊ ၂၀၀ လောက် ဖြစ်မယ်ထင်တယ်။ အဲလောက်အထိ ကျယ်လာတယ်ဆိုပေမယ့် တဖြည်းဖြည်းကြီး နေ့ချင်းနေ့ချင်းတွေ ပိုပို ပိုပို ကျယ်လာပြီးတော့ အရမ်းကြီး အကျယ်ကြီး ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ ခုနတုန်းက ကျွန်တော်ပြောသလို ၁၅၀၊ ၂၀၀ လောက် အတွင်းကပဲ ရေဝင်တဲ့ သဘောမျိုး ရှိတာပေါ့နော်။ အစိုးရဘက်က ကျတော့လည်း အဲဒီနေရာကို တာကျိုးပေါက်ကို အမြန်ဆုံး ပိတ်နိုင်ဖို့ပေါ့နော်။ သူတို့ သက်ဆိုင်တဲ့ နည်းပညာကို သုံးပြီးတော့ အင်အားနဲ့ ပြန်ပြီးတော့ ကာနိုင်ဖို့အတွက်ကိုပေါ့နော် တာကျိုးပေါက် ပိတ်နိုင်ဖို့အတွက်ကိုတော့ သူတို့ဘက်က လုပ်နေတာ။ အရင်ဦးဆုံး ရေစီးဟန့်တားတာ စသည်ဖြင့် နည်းပညာနဲ့ တဖြည်းဖြည်းတော့ ဆောင်ရွက်နေတယ် ပြောတယ်ဗျ။
■ မေး - ကူညီကယ်ဆယ်ရေး အပိုင်းမှာရော ဘယ်လိုမျိုးတွေရှိလဲဗျ။
ဖြေ - ကျွန်တော်တို့ကကျတော့ ဒီဒေသသားလည်း ဖြစ်တယ်။ ကိုယ်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ကတော့ စစချင်း အခြေအနေမှာ တာကျိုးတဲ့ နေ့မှာပဲပေါ့နော် စပြီးတော့ ရောက်တယ်။ အဲဒီကတည်းက စဉ်ဆက်မပြတ် ကူညီတဲ့ အတွေ့အကြုံတွေအရတော့ စစပိုင်းတုန်းကတော့ ကူညီရတဲ့ လူ၊ ကူညီရတဲ့ အဖွဲ့အစည်းက အရမ်းနည်းတယ်။ နှစ်ရက်သုံးရက်လောက် နေတော့ ကျွန်တော်တို့လည်း ကျန်တဲ့ ဒေသတွေမှာ ရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ရှိနေတဲ့ ကိုယ်နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေကို ဒီက လိုအပ်ချက်တွေ ပြောတယ်။ စက်လှေတွေ၊ ကယ်ဆယ်ရေးတွေ လိုအပ်နေတယ် ပြောတော့ သူတို့ အားချင်းပဲ ဆင်းလာကြတယ်၊ ဆင်းလာကြတဲ့ အတွက်ကြောင့်မို့လို့ ကယ်ဆယ်ရေး အပိုင်းကို ပြန်ပြီးတော့ ကြည့်မယ်ဆိုလို့ရှိရင်တော့ ပိုပြီးတော့ အဆင်ပြေသွားပြီ။ အထောက်အကူ အများကြီး ဖြစ်သွားပြီ။ တစ်ဆက်တည်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့လည်း ကူညီရေးအတွက်ကိုပါ တစ်ဆက်တည်း ဆက်ပြီးတော့ ရှိနေပေးကြတာပေါ့နော်။ ရှိနေပေးကြတဲ့ အခါမှာ နှစ် ပိုင်းပေါ့၊ အဖွဲ့အစည်းတွေဘက် အခြမ်းကကျတော့ လိုတဲ့ ကိုယ်ကယ်ဆယ်ရေး လုပ်နေတဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ သွားတဲ့ အတွေ့အကြုံပေါ် မူတည်ပြီး ဘယ်ရွာက ဘယ်လို လိုအပ်တာလဲ၊ ဘယ်လို အခြေအနေရှိတာလဲ ဆိုတာကိုတော့ စနစ်တကျ ချိန်ဆပြီး ကူညီတဲ့အပိုင်းကို ဦးတည်ပြီးတော့ သွားကြတာပေါ့။ ဒါပေမဲ့ တဖက်ကကျတော့ အပြင်က ပုဂ္ဂိုလ်။ တစ်ဦးချင်းအလိုက် သော်လည်းကောင်း၊ အစုအဖွဲ့အလိုက် သော်လည်းကောင်း။ လာတဲ့သူတွေကျတော့ အဓိက သူက ရေသန့်ဘူးနဲ့ ထမင်းထုပ်ကိုပဲ ဦးစားပေးပြီး လှူနေကြတာကို အများဆုံး တွေ့နေရတာပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဘက်က အမြင်အရတော့ ရေသန့်ဘူးနဲ့ ထမင်းထုပ်ကတော့ ဘယ်လိုပြောမလဲ။ အခြေအနေ မတည်ငြိမ်လိုက်တဲ့ နေ့လိုဟာမျိုးပေါ့နော်။ အဲလိုမျိုးတွေမှာတော့ အရမ်း အရေးတကြီး လိုတယ်ဆိုပေမယ့်လည်း နောက်ပိုင်း နောက်ပိုင်း နောက်ပိုင်း အခြေအနေမျိုးတွေ ကျလာရင်တော့ ရေသန့်ဘူးကြီးနဲ့ ထမင်းထုပ်ကြီးပဲကတော့ သိပ်ပြီးတော့ လိုအပ်ကြီးတော့ မဟုတ်တော့ဘူးပေါ့နော်။ တခြား ကျွန်တော်တို့ကျတော့ အခုနောက်ပိုင်းဆိုရင် ဖြည့်ဆည်း လှူဒါန်းမှုကို ကျတော့ အခြားလူတွေ မလှူတဲ့ လိုအပ်နိုင်ခြေရှိတဲ့ ဟာကိုပဲ အဓိက လှူတာမျိုးကိုပဲ အာရုံစိုက်ကြတယ်။ တိုင်ပင်ကြတယ်။ တိုက်တွန်းကြတယ်ပေါ့နော်။ အခုနောက်ပိုင်းကတော့ ရေနည်းနည်း ပြန်ကျလာပြီ။ ကယ်ဆယ်ရေးစခန်းတွေကနေ အိမ်တွေတော့ ပြန်မရောက်ကြသေးဘူး။ ဆိုတော့ တကယ်လို့ အိမ်တွေများ ပြန်သွားကြရ ပြန်ရောက်ကြမယ်ဆိုရင်တောင်မှ ဒါမှမဟုတ် လက်ရှိမှာ ရှိနေတဲ့ အစုအဖွဲ့အလိုက် ဆက်ပြီး ရက်ကြာရင်ပဲဖြစ်ဖြစ်ပေါ့နော် ကျန်းမာရေး လိုအပ်ချက်တွေ ရှိလာနိုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်တာပေါ့နော်။ ကျန်းမာရေး အခက်အခဲပေါ့။ အခုလက်ရှိတော့ အဲလိုမျိုး ထူးထူးခြားခြား အစုအဖွဲ့အလိုက် ဖြစ်နိုင်တဲ့ ဝမ်းပျက်ဝမ်းလျှောတို့ စသည်ဖြင့် အဲလို ဖြစ်နေပြီလား ဆိုတော့ ဖြစ်တာမျိုးတော့ မရှိပါဘူး။ သက်ဆိုင်ရာ ကျန်းမာရေးဌာနကလည်း Mobile Team နဲ့ ပတ်ပြီး သွားပြီးတော့ လုပ်ပေးနေတယ်လို့ ပြောတယ်။ တချို့ ရေဘေး ကယ်ဆယ်ရေး စခန်းလိုဟာမျိုးတွေမှာလည်း တချို့နေရာတွေမှာလည်း သွားရောက်ပြီးတော့ အခြေစိုက်ပြီးတော့ အဲလို ဆောင်ရွက်ပေးနေတယ်လို့ ပြောတယ်။ ကျွန်တော်တို့ဘက်အခြမ်းက နောက်ထပ် သတိထားစရာက ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ မြွေ အန္တရာယ်ပေါ့။ စပါးကွင်းတွေ၊ နေအိမ်တွေ၊ လူနေ ရပ်ကွက်တွေ စသည်ဖြင့် မြေဧရိယာတွေက ရေလွှမ်းသွားပြီး ရေဧရိယာလို ဖြစ်သွားတဲ့အခါ ကျတော့လည်း လူတွေလည်း ပြောင်းကြရသလို မြွေတွေနဲ့ ပတ်သက်တဲ့ အန္တရာယ်ကလည်း ပိုပြီး ကြီးလာတယ်။ ကျွန်တော်တို့ ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေတာတောင်မှ အဲဒီ အပင်ပေါ်တွေမှာ မြွေဟောက်တွေ၊ မြွေပွေးတွေ အဲလို အဆိပ်ပြင်းတဲ့ မြွေတွေကို တွေ့နေကြရတာကိုး။ အဲတော့ ဒီလိုမျိုး ထိခိုက်မှုတွေ မရှိဖို့ကလည်း သတိထားကြရတယ်။ တစ်ဖက်မှာကျတော့လည်း ကျွန်တော်တို့က သက်ဆိုင်ရာ ကျန်းမာရေးဌာနကိုလည်း တိုင်ပင်တယ်ပေါ့နော်။ မြွေဆိပ်ဖြေဆေးတွေပေးဖို့။ သက်ဆိုင်ရာ မြေပြင်က လူတွေဆီမှာ ရှိထားနိုင်ဖို့ တိုက်တွန်းတယ်။ သူတို့လည်း အဲဒါတွေတော့ ပေးပို့ထားတယ်လို့ ပြောတယ်။
■ မေး - အခု ဒါဆိုရင် လက်ရှိက ရေကတော့ တောင့်မနေတော့ဘူး၊ ပြန်ကျလာတဲ့ အပိုင်းကို ရောက်နေပြီလို့တော့ ပြောလို့ရလား။
ဖြေ - ဟုတ်တယ်၊ ဟုတ်တယ်။ ဆက်မတက်ဘူး။ တောင့်ပြီး တန့်နေတာမျိုးလည်း မဟုတ်ဘူး။ ကျလာနေပြီ။