မန္တလေး၊ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ တလင်းကြီးကျေးရွာအုပ်စု၊ ဝဲကြီးဆင်ရွာကျေးရွာရှိ ယာယီရေဘေးရှောင်စခန်းမှ ရေဘေးသင့်အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၉၅၀ အတွက် ငွေကျပ် ၇၈ သိန်းတန်ဖိုးရှိ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ အဆိုပါ ယာယီရေဘေးရှောင်စခန်းသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံကာ တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် ကြက်ဥတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျ-က်စီးလာမှုများကြောင့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလာသဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
အဆိုပါဒေသသည် နှစ်စဉ်ရေလွှမ်းမိုးလေ့ရှိသဖြင့် ဒေသခံပြည်သူများတွင် အတွေ့အကြုံရှိပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ခြင်းကြောင့် ယခုရေဘေးတွင် အသက်ဆုံးရှုံးမှု မရှိခဲ့ကြောင်းလည်း ဆိုသည်။
ယခုနှစ်တွင် ယခင်နှစ်များထက် ရေလွှမ်းမိုးမှုပမာဏ ပိုမိုများပြားနေသဖြင့် ရေဘေးရှောင်စခန်းများ၌ နေထိုင်ရမည့်ကာလ အနည်းငယ်ကြာမြင့်နိုင်ကြောင်းနှင့် ရေကြီးရေလျှံမှုနောက်ဆက်တွဲ ဖြစ်ပွားလေ့ရှိသည့် ဝမ်းပျ-က်ဝမ်းလျှောရောဂါအပါအဝင် အခြားရောဂါအန္တရာယ်များ မဖြစ်ပွားစေရေး အထူးသတိပြုကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။