Eleven Media Group

■BTS အဖွဲ့ဝင် V ညာဘက်နား အကြားအာရုံချို့ယွင်းနေဟု ဖွင့်ဟ

BTS အဖွဲ့ဝင် V က ၎င်း၏နားတစ်ဖက်တွင် အကြားအာရုံ ချို့ယွင်းနေသည့်အတွက် ဆေးကုသမှုခံယူနေရကြောင်း ထုတ်ဖော်​ပြောဆိုလိုက်သည်။

ဩဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုတွင် အသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် V က အကြားအာရုံပြဿနာ ခံစားနေရသည်မှာ နှစ်နှစ်ခွဲခန့် ရှိပြီဟု ပရိသတ်ကို အသိပေးခဲ့သည်။ ထိုအကြောင်းကို ပရိသတ်များအား ယခုမှ ပထမဆုံးအကြိမ် ပြောပြခြင်းဖြစ်သည်။

V က “ဘယ်ဘက်နားရဲ့ အကြားအာရုံကို ၁၀၀ လို့ သတ်မှတ်ရင် ညာဘက်နားက ၃၀ လောက်ပဲ ကြားရတော့တယ်” ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

V ၏ အဆိုအရ စစ်မှုထမ်းနေစဉ်အတွင်း အကြားအာရုံအခြေအနေ ပိုမိုဆိုးရွားလာခဲ့ခြင်း ဖြစ်သည်။ အစပိုင်းတွင် နားပြဿနာကို အလေးအနက်မထားမိခဲ့ဘဲ စိတ်ကြံ့ခိုင်မှုနှင့်သာ ဆိုင်လိမ့်မည်ဟု V က ယူဆခဲ့သည်။ လက်ရှိတွင် ဆေးဝါးများ သောက်သုံးနေရသည့်အပြင် ဆေးရုံလည်း ပုံမှန်သွားပြနေရသည်။

တောင်ကိုရီးယားနိုင်ငံတွင် ခြွင်းချက်အနည်းငယ်မှလွဲ၍ ကျန်းမာရေးကောင်းမွန်သည့် အမျိုးသားတိုင်း ၁၈ လကြာ စစ်မှုထမ်းတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ကြရသည်။BTS အဖွဲ့ဝင်များလည်း စစ်မှုထမ်းခဲ့ကြပြီး V က ၂၀၂၃ ခုနှစ်တွင် စတင်စစ်မှုထမ်းခဲ့ကာ ၂၀၂၅ ခုနှစ် ၊ ဇွန်တွင် စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့သည်။

Ref: BBC,Photo: Allkpop

မူရင်းသတင်း — Eleven Media Group