
ဒေါက်တာလွင်သန့်
ကာလဝမ်းရောဂါ (Cholera) က ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတစ်မျိုးဖြစ်ပြီး ကာလဝမ်းရောဂါပိုး (Vibrio cholerae) လို ရောဂါပိုးပါရှိတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအသောက်တွေကို စားသောက်မိရာမှ ကူးစက် တတ်ပါတယ်။
လောလောဆယ် ရန်ကုန်မြို့ လသာမြို့နယ်က လူ ၁၇၀ ဦး၊ ပိုးတွေ့ ၉၃ ဦး၊ သေဆုံး တစ်ဦး၊ ရန်ကုန် ဆေးရုံကြီးမှာ ဆေးရုံတက်ရတဲ့အထိဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါ ဘယ်လိုစဖြစ်သလဲဆိုတော့ ကာလဝမ်းရောဂါပိုးက ရောဂါဖြစ်သူထံကနေ စွန့်ပစ်လိုက်တဲ့ မစင်နဲ့ အန်လိုက်တဲ့ အန်ဖက်တွေမှာ ပါဝင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောတာ ပြင်းထန်တဲ့အခါ ခန္ဓာကိုယ်အတွင်းကနေ ရေနဲ့ဓာတ်ဆားတွေ လျင် မြန်စွာကုန်ခန်းသွားတာကြောင့် အရည်ခန်းခြောက်တာကို ဖြစ်စေပါတယ်။ ရောဂါပြင်းထန်ပြီး အချိန်မီကုသမှု မခံယူပါက အသက်ဆုံးရှုံးရတဲ့အထိလည်း ဖြစ်နိုင်ပါတယ်။
■ဘယ်လိုကူးစက်နိုင်သလဲ
မသန့်ရှင်းတဲ့ ကာလဝမ်းရောဂါပိုး (Cholera) ပါတဲ့ရေကို သောက်သုံးမိတာ၊ ယင်နားစာတွေနဲ့ မသန့်ရှင်းတဲ့ အစားအသောက်တွေကို စားသုံးမိတာ၊ နေထိုင်တဲ့ပတ်ဝန်းကျင်က သန့်ရှင်းမှုနည်းပါးတာ (သို့မဟုတ်) သန့်ရှင်းမှုမရှိတာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းတာ (သို့မဟုတ်) မရှိတာ၊ အိမ်သာတက်ပြီးတိုင်း လက်မဆေးတာ၊ အစာမစားမီ လက်ကိုစင်ကြယ်စွာမဆေးတာ၊ လက်ကိုဆပ်ပြာ ရေနဲ့မဆေးဘဲ ရေစိမ်တာ၊ ဆွတ်တာစတဲ့ နည်းလမ်းတွေကနေ ကူးစက်နိုင်ပါတယ်။
■လက္ခဏာများ
ကာလဝမ်းရောဂါပိုး ကူးစက်ခံရသူတွေထဲက ၁၀ ဦးမှာ တစ်ဦးကပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
■အန်နိုင်တယ်
ကာလဝမ်းရောဂါပိုး ကူးစက်ခံရတဲ့အချို့တွေမှာ ဝမ်းပျက်ဝမ်းလျှောတာမဖြစ်ခင် အရည်တွေ အော့အန်တဲ့ လက္ခဏာတွေ စတင်ပြတတ်ပါတယ်။
■အရည်ဝမ်းသွားခြင်း ဖြစ်နိုင်ပါတယ်
အရည်ဝမ်းသွားတာက ဆန်ဆေးရည်လိုမျိုး၊ အရည်ဝမ်းသွားတတ်တာမျိုး ဖြစ်တတ်ပါတယ်။ အားအင် ကုန်ခမ်းခြင်း၊ သတိလစ်ခြင်း၊ ကာလဝမ်းရောဂါဖြစ်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ဓာတ်ဆားတွေ လျင်မြန်စွာဆုံးရှုံးတဲ့အခါ အားအင်ကုန်ခမ်းတာ၊ သွေးဖိအားရုတ်တရက်ကျပြီး သတိလစ်တာ စတာတွေဖြစ်ပွားပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
■ကြွက်တက်ခြင်း
ရေဓာတ်သာမက ခန္ဓာကိုယ်တွင်းရှိ သတ္တုဓာတ်တွေအတွက် အများအပြားဆုံးရှုံးသွားလို့ ကြွက်တတ်ပါတယ်။ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ (၁) သန့်ရှင်းတဲ့ရေ (ရေကျက်ဆေး) သောက်သုံးသင့် ပါတယ်။ ရေသန့်ဆိုပြီး စိတ်မချရပါက ရေကိုကျိုချက်သောက်သုံးနိုင်ပါတယ်။ (၂) အစားအသောက်တွေကို မကိုင်တွယ်ခင်၊ အစာမစားခင်၊ အစာစားပြီးနဲ့ အိမ်သာတက်ပြီးတိုင်းမှာ လက်ကို ဆပ်ပြာ၊ ရေနဲ့စက္ကန့် ၂၀ ကြာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ (၃)အစားအသောက်တွေကို ခြင်၊ ယင်မနားအောင် ဖုံးအုပ်ထားသင့်ပါတယ်။ (၄) မှိုတက်နေတဲ့ အစားအစာတွေ၊ ယင်နားစာတွေ၊ အမှည့်လွန်နေတဲ့ အသီးတွေ မစားသင့်ပါဘူး။ (၄) အစားအသောက်တွေကို ကျက်အောင်သေချာစွာ ချက်ပြုတ်စားသောက်သင့်ပါတယ်။ (၅) နေထိုင်ရာပတ်ဝန်း ကျင်ကို ခြင်၊ ယင်မနားအောင် စနစ်တကျ စွန့်ပစ်သင့်ပါ တယ်။ (၆) ယင်လုံအိမ်သာ သုံးစွဲသင့်ပါတယ်။
■ဘယ်လိုအချိန်တွေမှာ ဆေးခန်းပြသင့်သလဲ
(၁) ကာလဝမ်းရောဂါက သေချာစွာ မကုသပါက အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါ တယ်။ (၂) ဝမ်းသွားတာနှစ်ရက်ကျော်တဲ့အထိ မသက်သာဘဲ ဝမ်းဆက်တိုက်သွားနေရင်၊ (၃) ဘာပဲစားစား ပြန်အန်ထွက်နေရင်၊ (၄) အလွန်အမင်းရေဆာနေရင်၊ (၅) နှုတ်ခမ်းနဲ့အရေပြားတွေခြောက်လာရင်၊ (၆) ဆီးအလွန်နည်းတာ (သို့မဟုတ်) ဆီးမသွားတာ (သို့မဟုတ်) ဆီးအရောင်ညိုတာ၊ (၇) အလွန်အမင်း ခေါင်းမူးတာ၊ (၈) ပြင်းထန်စွာဗိုက်နာတာစတဲ့ လက္ခဏာတွေ ခံစားနေရင် ဆေးရုံဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသဖို့ လိုအပ်ပါတယ်။
အာဟာရချိုတဲ့နေတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အိပ်ချ်အိုင်ဗီ (HIV) ပိုး ကူးစက်ခံရသူတွေအနေနဲ့လည်း ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပါက နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ကလေးငယ်တွေ၊ ဝမ်းနှစ်ကြိမ် ဆန်ဆေးရည်ရောင်သွားရုံနဲ့ အသက်ပါသွားတတ်လို့ အသက်အန္တရာယ်မဖြစ်မီ ဓာတ်ဆားရည်တိုက်ပြီး ဆေးရုံရောက်အောင် ခေါ်သွားသင့် ပါတယ်။
■ဘယ်လိုကုသမှု ခံယူသင့်သလဲ
ကာလဝမ်းရောဂါကြောင့် ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို ခံစားနေရပါက (သို့မဟုတ်) အော့အန်နေပါက၊ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်ဖို့အတွက် ဓာတ်ဆားရည်သောက်သင့်ပါတယ်။ ဓာတ်ဆားရည်ဖျော်မယ့်သူက မဖျော်ခင်မှာ လက်ကိုဆပ်ပြာ၊ ရေတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေး ကြောသင့်ပါတယ်။ သက်တမ်းကုန်ဆုံးရက် ကျော်လွန်နေတဲ့ ဓာတ်ဆားထုပ်တွေကို မသောက်သုံးသင့်ပါဘူး။ ဓာတ်ဆားတစ်ထုပ်ကို ရေသန့်တစ်လီတာနဲ့ ထည့်ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင်သောက်သင့်ပါတယ်။ ကျန်ရင်သွန်ပစ်ပြီး ဓာတ်ဆားရည်အသစ် ဖျော်သင့်ပါတယ်။ ရေသန့်ထက် ရေကျက်အေးနဲ ့ဖျော်သင့်ပါတယ်။
■အိမ်တွင်းဓာတ်ဆားဖျော်နည်း
ကိုယ့်အိမ်မှာ ဓာတ်ဆားထုပ်မရှိတဲ့အခါ အလွယ်တကူဓာတ်ဆားဖျော်နည်းကို အသုံးပြုနိုင်ပါတယ်။ ရေသန့် (သို့မဟုတ်) ကျိုချက်ထားတဲ့ ရေသန့်တစ်လီတာထဲကို သကြားလက်ဖက်စားဇွန်း ရှစ်ဇွန်းနဲ့ ဆားလက်ဖက် ရည်ဇွန်းတစ်ဇွန်း ထည့်ဖျော်သောက်လို့လည်း ရပါတယ်။
ကာလဝမ်းရောဂါ (Cholerae) ဟာ ဘိုဘရီယိုကော်လာရေး (Vibrio Cholerae) လို့ ခေါ်တဲ့ ဗက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သည်ဗက်တီးရီးယားကို သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေနဲ့ ရေတွေမှာ တွေ့ရတတ်ပါတယ်။ လက်ကို ပုံမှန်ရေ၊ ဆပ်ပြာတို့နဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ဆေးကြောသင့်ပါတယ်။ သန့်ရှင်းတဲ့သောက်သုံးရေကို သောက်သုံးမယ်။ သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို စားသုံးမယ်။ ကာလဝမ်းရောဂါကာကွယ်ဆေး ကြိုတင်ထိုးနှံတာတွေ လုပ်ထားမယ်ဆိုရင် ကာလဝမ်းရောဂါဘေးကနေ ကာကွယ်ပြီးသားဖြစ်နိုင်ပါတယ်။
ကာလဝမ်းရောဂါကို သေချာမကုသဘဲ ထားမယ်ဆိုရင်နာရီပိုင်းအတွင်း ကျန်းမာနေတဲ့သူကို သေစေနိုင်တဲ့ အထိပြင်းထန်ပါတယ်။ နှစ်စဉ်ကမ္ဘာတစ်လွှားမှာ ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသူ ၂ ဒသမ ၉ သန်းရှိပြီး ရောဂါခံစားရသူဦးရေရဲ့ ၉၅၀၀၀ က အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ကြပါတယ်။ ကာလဝမ်းရောဂါကို ခပ်ပေါ့ပေါ့ မတွေးသင့်ပါဘူး။ ကာလဝမ်းရောဂါဖြစ်နေတဲ့ အဓိကပြဿနာကတော့ သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိတာ၊ သင့်တော်ကောင်းမွန်တဲ့ ရေဆိုးစနစ် (မိလ္လာစနစ်) မရှိတာတွေနဲ့ သဘာဝဘေးအန္တရာယ် ဒဏ်သင့်ထားတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံနေတဲ့ အနေအထားတွေမှာ တွေ့ရှိရပါတယ်။
ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ကာလဝမ်းရောဂါကို ကာကွယ်တာဟာ ထိရောက်တဲ့နည်းလမ်းတစ်ခုပါပဲ။ ကာလဝမ်းရောဂါဟာ ကူးစက်လွယ်တဲ့အတွက် လူနာစားတဲ့ ပန်းကန်ခွက်၊ ဇွန်း၊ သွားပွတ်တံ၊ အလှပြင်ပစ္စည်း အဆုံး တစ်ကိုယ်ရေသုံး သီးသန့်ထားရပါတယ်။
နေမကောင်းတဲ့လူကို ပြုစုပေးပြီးချိန်မှာ ဖြစ်ဖြစ်၊ ညစ်ပေနေတဲ့ အရာတွေကို ကိုင်တွယ် ထိတွေ့ပြီးချိန်မှာ ဖြစ်ဖြစ် လက်ကိုလက်အိတ် စွပ်ထားတယ်ဆိုရင်တောင် သေချာသန့်စင်အောင် ဆေးကြောပေးသင့်ပါတယ်။ မသန့်ရှင်းတဲ့အရာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကို သန့်စင်အောင်ဆေးကြောတာက ရောဂါတွေ က ကာကွယ်ဖို့အတွက် ထိရောက်တဲ့နည်း လမ်းဖြစ်ပါတယ်။
အစာမစားခင်၊ အိမ်သာက ဆင်းတဲ့အချိန်၊ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကိုဆပ်ပြာ၊ ရေနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက်ပြီး သန့်စင်အောင် ဆေးကြောသင့်ပါတယ်။ ရေမလို လက်သန့်ဆေးရည်ကို အသုံးပြုပေးလို့လည်း ရပါတယ်။
သန့်ရှင်းတဲ့သောက်သုံးရေ၊ ရေကျက်အေးသောက်တာက ကျန်းမာရေးအတွက် အတော်အထောက်အကူ ပြုပါတယ်။ သောက်သုံးရေမဟုတ်ဘဲ သန့်စင်ဆေးကြောဖို့ အသုံးပြုရတဲ့ ရေကိုပါ သေချာသန့်စင်အောင်လုပ် ဆောင်ပေးဖို့ လိုပါတယ်။ ရေသန့်သောက်သုံးနိုင်တယ်။ ရေသန့်မရှိရင်၊ ရေကိုကျိုချက် သောက်နိုင်ပါတယ်။ ရေသန့်ဆေးပြားအသုံးပြုပြီး သန့်စင်ထားတဲ့ရေကို အသုံးပြုပေးဖို့ လိုပါတယ်။ ရေလိုပဲ သန့်ရှင်းမှုရှိတဲ့ အစားအ သောက်တွေကိုပဲ စားသင့်ပါတယ်။ အစားအစာ စားသုံးတဲ့အခါ သန့်သန့်ရှင်းရှင်းနဲ့ သေချာကျက်အောင် ချက်ပြုတ်ထားတဲ့ အစာတွေ စားသုံးပေးသင့်ပါတယ်။ အစားအသောက်တွေ အစိမ်းစားတာမျိုး၊ စားနေကျ မဟုတ်တာတွေ အထူးသဖြင့် (Sea Food ) တွေ စားနေတာမျိုး မလုပ်သင့်ပါဘူး။ အစားအသောက်ထည့်တဲ့ ပန်းကန်ခွက်ယောက်တွေကို သန့်ရှင်းအောင်ထားဖို့ လိုအပ်ပါတယ်။
စိတ်ချရတဲ့ရေဆိုး (မိလ္လာ) စနစ်ရှိသင့် ပါတယ်။ ရေဆိုးနုတ်စနစ်အားနည်းမှုကြောင့်လည်း ဝမ်းရောဂါခံစား ရနိုင်ပါတယ်။ ဒါကြောင့်ကောင်းမွန်စိတ်ချရတဲ့ ရေဆိုးနုတ်စနစ်ထားရှိဖို့ လုပ်ဆောင်သင့်ပါတယ်။ ရေဆိုး နုတ်စနစ်ကို ရေအရင်းအဖြစ်နဲ့မီတာ ၃၀၊ ပေ ၆၀ အကွာမှာ ထားရှိသင့်ပါတယ်။ ရေဆိုးနုတ် မိလ္လာရှိတဲ့ အနီးတစ်ဝိုက် ထုံးဖြူးထားသင့်တယ်။ လုံလေးလုံဖြစ်တဲ့ အရှက်လုံး၊ အနံ့လုံ၊ ယင်လုံ၊ ရေအရင်းအမြစ်နဲ့ အကွာအဝေး လုံလောက်အောင်ရှိရတယ်။ လက်သန့်၊ အစာ သန့်၊ ရေသန့်၊ တစ်ကိုယ်ရည်သန့်၊ ပတ်ဝန်း ကျင်သန့်ရှင်းသင့်ပါတယ်။ ယင်မရှိအောင် ထားသင့်ပါတယ်။ ယင်မှတစ်ဆင့် ရောဂါသယ်ဆောင်နိုင်လို့ ယင်နှိမ်နင်းရေး ပြုလုပ်ထားသင့်ပါတယ်။